မှတ်တမ်း - ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၇.၁၁.၂၀၁၇)မှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၇.၁၁.၂၀၁၇)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်)

၁။     ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၄၃၅)ဦးအနက် ( ၃၉၅ )ဦး တက်ရောက်သည်။

၂။     လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည် -

        (က)  ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း

                  (၁) ဦးမြင့်ဟန်ထွန်း၊ ဘုတလင်မဲဆန္ဒနယ်မှ မေးမြန်းသော စက်မှုဝန်ကြီးဌာနနှင့် ဇွန်ဆေးဝါး နှင့်စားသောက်ကုန်ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်တို့ ချုပ်ဆိုခဲ့သော စာချုပ်ကို ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်းရှိ/မရှိနှင့် ဖက်စပ်လုပ်ကိုင်ပြီးနောက် နိုင်ငံတော်မှ နှစ်အလိုက်ရရှိသော အကျိုးအမြတ်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက စာချုပ်များချုပ်ဆိုသည့်အခါ ဥပဒေအရ အတိအကျချုပ်ဆိုပြီး နှစ်အလိုက် ပြန်လည်သုံးသပ်၍ ခေတ်နှင့်လျှော်ညီသော နှုန်းထားဖြစ်ရေး ပြင်ဆင်ချူပ်ဆိုလေ့ရှိကြောင်းနှင့်ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်း နိုင်ပါကြောင်း ဖက်စပ်လုပ်ကိုင်ခဲ့သည့် (၅)နှစ်အတွင်း အမြတ်ငွေစုစုပေါင်း (၂၁၄.၂၅၂) ကျပ်သန်း ရရှိပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။            

                  (၂)  ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ ပြည်မဲဆန္ဒနယ်မှ မေးမြန်းသော အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို ချေးပေးသည့် ချေးငွေအား ပွင့်လင်းမြင်သာ လွယ်ကူစွာ ချေးယူနိုင်အောင် စီစဥ်ဆောင်ရွက်ပေးရန် အစီအစဥ်ရှိ/ မရှိမေးခွန်းနှင့် စပ်လျဥ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက လိုအပ်သောငွေကြေး မတည်ပေးခြင်း၊ SME ရန်ပုံငွေများ ထူထောင်ပေးခြင်း၊ နိုင်ငံတကာအထောက်အပံ့များ ရရှိရေးတို့အတွက် ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် စီမံဆောင်ရွက် လျက်ရှိပါသဖြင့် SME ချေးငွေများကို လွယ်ကူလျင်မြန်စွာ ထုတ်ချေးပေးနိုင်တော့ မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                  (၃) ဦးသက်နောင်၊ လဟယ်မဲဆန္ဒနယ်မှ မေးမြန်းသော လဟယ်မြို့နယ် အခြေခံပညာ ကျောင်းများတွင် ပဲနို့အာဟာရ တိုက်ကျွေးခြင်းသည် မြို့ပေါ်ရှိ ကျောင်းသူ၊ ကျောင်းသား များအတွက် အမှန်တကယ် အကျိုးရှိသည်ဆိုပါက ကျေးရွာများအထိ တိုးချဲ့လုပ်ဆောင် သွားရန် အစီအစဥ်ရှိ/ မရှိမေးခွန်းနှင့်စပ်လျဥ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက ထင်သာမြင်သာသော အကျိုးရလဒ်ရှိလျှင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်မည့် အစီအစဥ်များ ချမှတ်ပြီး ဘတ်ဂျက်တင်ပြတောင်းခံမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

                   (၄) ဦးခွန်သန်းထူး၊ ဆီဆိုင်မဲဆန္ဒနယ်မှ မေးမြန်းသော ဆီဆိုင်မြို့နယ်၊ နောင်လတ်အခြေခံ ပညာမူလတန်းကျောင်းအား (၂၀၁၈-၂၀၁၉)ပညာသင်နှစ်တွင် အ.လ.က(ခွဲ)သို့ တိုးမြှင့်ပေးပါရန်၊ လိုအပ်ချက်ရှိသော ကျောင်းဆောင်(၁)ဆောင်အား ချထားပေးပါရန်နှင့် ရေဖြူ(ထီဗွာ) အခြေခံပညာမူလတန်းလွန်ကျောင်းအား (၂၀၁၈-၂၀၁၉) ပညာသင်နှစ် တွင် အ.လ.က(ခွ)သို့ တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဥ်ရှိ/မရှိ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လက်ရှိအခြေအနေတွင် စာသင်ခန်းအနေထားမှာ လုံလောက်မျှတမှု ရှိနေပါသဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ထိုကျောင်း၌ ကျောင်းဆောင်သစ်(၁)ဆောင် ဆောက်လုပ်ပေးနိုင်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။

                   (၅) ဒေါ်နီနီမေမြင့်၊ တောင်ကုတ်မဲဆန္ဒနယ်မှ မေးမြန်သော တောင်ကုတ်မြို့နယ်၊ ကမ်းဒေး ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား ကျောင်းအဆင့်တိုးမြှင့်ပေးရန်နှင့် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဥ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဥ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယခုပညာသင်နှစ်မှာ စာသင်ဆောင် လုံလောက်မျှတမှု ရှှိနေသေးသည့်အတွက် ကျောင်းဆောင်သစ်(၁) ဆောင် ဆောက်လုပ်ပေးနိုင်ခြင်း မရှိသေးသော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်ခေါင်းစဥ်အောက်မှ ဆောက်လုပ်ပေးရန်အတွက် စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၆) ဒေါ်တင်တင်ရီ၊ ကျွန်းစုမဲဆန္ဒနယ်မှ မေးမြန်းသော ကျွန်းစုမြို့နယ်အတွင်းရှိ ကျောင်း (၂) ကျောင်းအား အသစ်ဆောက်လုပ်ပေးရန် အစီအစဥ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မကျီးကျွန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွက်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းမှာ ဦးစားပေးမဖြစ်သော်လည်း သာမန်အသုံးစရိတ် ခေါင်းစဥ်အောက်မှ  ဆောင်ရွက်သွားပေးမည်ဖြစ်ပါကြောင်းနှင့် ကဒဲကဒွတ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းသည် ကျောင်းသားနှင့်စာသင်ခန်း လုံလောက်မျှတမှု ရှိနေသေး သည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေ ထည့်သွင်း လျာထားပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

        (ခ)   အဆို(၁)ခုကို ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း    

                        ဦးအောင်ခင်ဝင်း၊ မြိုင်မဲဆန္ဒနယ်မှ တင်သွင်းသည့် ရှေ့အနာဂတ်ကာလတွင် ရိုက်နှိပ် ထုတ်ဝေရန် ရှိလာမည့် ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများဖြင့် ရိုက်နှိပ် ထုတ်ဝေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ကိုယ်စားလှယ်(၉)ဦးမှ ဆွေးနွေးပြီး အဆိုအား အတည်ပြုရန်နှင့် မဲခွဲဆုံးဖြတ်ရာ အဆိုအား အတည်ပြုရန် ထောက်ခံ ဆန္ဒမဲများသဖြင့် လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

(ဂ)   ဥပဒေကြမ်း(၁)ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကြမ်းနှင့် စပ်လျဥ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် များအနက် ၈၉ ချက်ကို သဘောတူညီခဲ့ပြီး ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက် ၄၀ ချက်ကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲ အတိုင်း လွှတ်တော်သို့ တင်ပြအဆုံးအဖြတ်ရယူခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုသည်။

၃။     အစည်းအဝေးကို နံနက်( ၁၂ )နာရီ ( ၂၅ )မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၀ -၁၁ - ၂၀၁၇ရက    (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။