ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၉၅ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးသန်းစိုး၊ သာစည်မဲဆန္ဒနယ်မှ မေးမြန်းသော သာစည်မြို့နယ်အတွင်းရှိ ညောင်ရမ်း-မင်းလှကန်ပေါင်အား ပုံစံကျတည်ဆောက်ပေးရန်နှင့် ရေပေးဝေနေသော အမှတ်(၁)၊ အမှတ်(၅) မြောင်း များကို ပုံစံကျ ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါ်မိကွန်ချမ်း၊ ပေါင်မဲဆန္ဒနယ်မှ မေးမြန်းသော ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာများအနီးတွင် ပေါ်ထွန်းနေသော မြေနုကျွန်း(သောင်နုမြေ)များအား လယ်မဲ့ယာမဲ့တောင်သူများကို ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ ဦးစားပေးခွဲဝေပေးခြင်းမရှိဘဲ နီးစပ်ရာအခြားသော ပြင်ပပုဂ္ဂိုလ်အဖွဲ့အစည်း များကို လုပ်ပိုင်ခွင့်ပြုခဲ့သည့် မြို့နယ် လယ်/စီအဖွဲ့အပေါ် မည်သို့အရေးယူဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်းနှင့် နီးစပ်ရာ အခြားသောပြင်ပပုဂ္ဂိုလ်အဖွဲ့အစည်းများကို လုပ်ပိုင်ခွင့် ပြုခဲ့ခြင်းမရှိပါ၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား အရေးယူရန်မရှိပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၃) ဦးစိုင်းကျော်မိုး၊ မိုင်းပန်မဲဆန္ဒနယ်မှ မေးမြန်းသော မိုင်းပန်မြို့နယ်အတွင်း လယ်ယာမြေများ ရေလုံလောက်စွာပေးနိုင်ရန်၊ နွေရာသီရေရှားပါးမှုပြသနာဖြေရှင်းနိုင်ရန်၊ မြို့ရေပေးဝေမှု လုံလောက်နိုင်ရန် အတွက် နန့်ပန်ချောင်းဖျား ဝိုးလိုင်းဒေသတွင် အလတ်စား ရေလှောင်တမံ တစ်ခုတည်ဆောက်ပေးရန်နှင့် အသေးစား ချောင်းပိတ်ဆည်ဖြစ်သော လဝဆည် တိမ်ကောလာမှုကို ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဝိုးလိုင်းရေလှောင်တမံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ပြည်နယ်ရန်ပုံငွေတွင် ထည့်သွင်း တောင်းခံမည်ဖြစ်ပါကြောင်းနှင့် လဝရေလွှဲဆည်တွင် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းအား ၂၀၁၈ ခုနှစ်၊ မတ်လ ပထမအပတ်တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက် နှင့်အတူ ပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါ်ချိုချို၊ အုတ်တွင်းမဲဆန္ဒနယ်မှ မေးမြန်းသော နိုင်ငံပိုင်စက်ရုံအချို့ကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ အခကြေးငွေနှင့် နှစ်ချုပ်စာချုပ်ချုပ်ပြီး ငှားရမ်းရာတွင် ငှားရမ်းလုပ်ကိုင်သူအနေဖြင့် မူလငှားရမ်းစဉ် လုပ်ကိုင်သောလုပ်ငန်းမှာ အဆင်မပြေတော့သောကြောင့် အခြားလုပ်ငန်းတစ်ခုကို ပြောင်းလဲလုပ်ဆောင် ရာတွင် နိုင်ငံတော်ပေးဆောင်ရသော အခကြေးငွေကို နှုန်းထားပြောင်းလဲပြီး စာချုပ်ချုပ်ရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ငှားရမ်းခများ လိုအပ်ပါက Third Party အနေနှင့်ကွင်းဆင်း စစ်ဆေးမှု၊ ဒေသကာလ ပေါက်ဈေးများနှင့်နှိုင်းယှဉ်ပြီး ငှားရမ်းနှုန်းထားများ သင့်လျော်မှုရှိလျှင် လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြန်လည်တင်ပြ အတည်ပြုချက်ရယူပြီး စာချုပ်ပြင်ဆင်ချုပ်ဆိုဆောင်ရွက်ပြီး မြေယာများနှင့်စပ်လျဉ်း၍ မြေယာအရှုပ်အရှင်းများရှိမည်ဆိုလျှင် လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့်အညီ ဆက်လက် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဒေါက်တာဒေါ်ခင်ညို၊ ဒေးဒရဲမဲဆန္ဒနယ်မှ မေးမြန်းသော ဒေးဒရဲမြို့နယ်၊ နှစ်သီးစား လယ်များတွင် ၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ် နှစ်နှစ်ဆက်တိုက် မိုးစပါးစိုက်လယ်ဧကများ ပျက်စီးနေခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရေကြီးကွင်း များမှာ ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်ရေးအတွက် ရေနုတ်မြောင်းများ ဖောက်လုပ်ရေးနှင့် စိုက်ပျိုးချိန်ကို စောစောစိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ စိစစ်တင်ပြချက်နှင့်အတူ မိုးစပါးစိုက်ပျိုး ရာသီမှာ ဒေးဒရဲမြို့နယ်၊ စပါးပျက်စီးမှုအပေါ် အထောက်အပံ့ပေးပြီး ရေရှည်ကိုမျှော်ကိုးကာ အစီအမံများ ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးကျော်စိုး၊ ဗန်းမောက်မဲဆန္ဒနယ်မှ မေးမြန်းသော ဗန်းမောက်မြို့နယ်အတွင်း ပင်ပုံကျေးရွာအုပ်စု၊ ရွှေနစ်ရွာအနီး ချောင်းကြီးချောင်း ရေလွှဲဆည်တည်ဆောက်ပြီး ၇ လ အတွင်း ပျက်စီးသွားခြင်းကိစ္စအား မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က သက်ဆိုင်ရာ နည်းပညာရပ်ဖြင့် ဆောင်ရွက်အကောင်အထည် ဖော်သည့် ဌာနများမှ လိုအပ်သည့်စိစစ်မှုများ၊ စမ်းသပ်မှုများ၊ လေ့လာမှုများ၊ သုံးသပ်ချက်များနှင့်စီမံ ဆောင်ရွက်သွားသင့်ကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီးသို့ အသိပေးညှိနှိုင်း ပေါင်းစပ်ဆောင်ရွက် သွားနိုင်ရန် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(ခ) ဥပဒေကြမ်း(၁)ခုတင်သွင်းခြင်းနှင့်အစီရင်ခံစာဖတ်ကြားခြင်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာသမိုင်းအဖွဲ့ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၁၃.၂.၂၀၁၈ ရက် (အင်္ဂါနေ့) ညနေ (၄) နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(ဂ) အဆို(၁)ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ ပြည်မဲဆန္ဒနယ်မှ တင်သွင်းသည့် စက်မှုလယ်ယာစနစ် အမြန်ဆုံး ဖွံ့ဖြိုးတိုးတက် အောင်မြင်ရန်အတွက် ဧကကွက်များ ဖော်ထုတ်ခြင်းလုပ်ငန်းကို အမြန်ဆုံး အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ်(၁၂)ဦးမှ ဆွေးနွေးပြီး အဆို အား မှတ်တမ်းတင်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို နေ့လယ်( ၁၂ )နာရီ( ၂၅ )မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၉.၂.၂၀၁၈ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
