အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တက်ရောက်ပြောကြားသည့် အမှာစကား

ဒီနေ့ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားသို့ တက်ရောက်လာကြတဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သံတမန်များ၊ United Nations Office on Drugs and Crime-UNODC ၊ United Nations Development Programme-UNDP နဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း များနဲ့ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ယခုလို Covid-19 ကပ်ရောဂါဖြစ်ပေါ်နေတဲ့ကာလမှာ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာ့အသိုက်အဝန်းအတွင်းကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများနည်းတူ မိမိတို့မြန်မာနိုင်ငံကလည်း Online မှတစ်ဆင့်ကျင်းပနိုင်ခြင်းအတွက်များစွာဂုဏ်ယူဝမ်းမြောက် မိပါတယ်။

မိမိတို့ရဲ့နိုင်ငံတော်ကြီးကို တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ်ပေါ်ထွန်းလာရေးအတွက်နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးနဲ့တည်ဆောက်ရေး ခရီးကြမ်းကိုပြည်သူလူထုအခြေပြုနည်းလမ်းများဖြင့် လျှောက်လှမ်းလျက်ရှိကြတဲ့ လက်ရှိအခြေအနေမှာနှစ်ကာလရှည်ကြာစွာ အမြစ်တွယ်ရှင်သန်နေတဲ့အဂတိလိုက်စားမှု ပြဿနာဟာလည်း ဦးစားပေးဖြေရှင်းရမည့်စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် မိမိတို့ပြည်ထောင်စုလွှတ်တော်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်တွင် အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းခြင်းကိုလည်း ပြည်ထောင်စုလွှတ်တော်ကသဘောတူအတည်ပြုပေးနိုင်ခဲ့ပါတယ်။အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရာမှာ ပိုမိုထိရောက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်စေရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေများကို စတုတ္တအကြိမ်အထိ လွှတ်တော်ကအတည်ပြုပြဋ္ဌာန်းပေးနိုင်ခဲ့ပါတယ်။

ဒီလို ဥပဒေကိုပြင်ဆင်ပြဋ္ဌာန်းပေးနိုင်ခဲ့တဲ့အတွက် ကော်မရှင်ဟာ တံစိုးလက်ဆောင် ယူသူရော၊ ပေးသူပါ မည်သူမဆိုကိုအရေးယူနိုင်ခြင်း၊ ပြည်သူ့ဘဏ္ဍာရန်ပုံငွေဆုံးရှုံးမှုအချို့ကို အကာအကွယ် ပေးလာ နိုင်ခြင်း၊ အများပိုင်နှင့်ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အတွက် လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်ချမှတ်ကျင့်သုံးရေး စတင်ဆောင်ရွက်နိုင်ခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်ခန်းစာများကို အခြေခံပညာ မူလတန်းအဆင့်မှ စတင် သင်ကြားနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နိုင်ခြင်းစသည့် မြန်မာနိုင်ငံတစ်ဝန်းလုံး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ရေရှည်မဟာဗျူဟာစီမံချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် လမ်းပွင့်စေခဲ့ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာသည့် နှစ်ပတ်လည် အစီရင်ခံစာများကို လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခြင်းဖြင့် အများပြည်သူ ကိုသိရှိစေပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာ တတ်စွမ်းသမျှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

အဂတိလိုက်စားမှုဟာ မျက်မှောက်ခေတ်ကာလမှာ နိုင်ငံအတော်များများကို ပျက်စီးယိုယွင်းစေတဲ့ အခြေခံပြဿနာတစ်ရပ်ဖြစ်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ မှာ လူအများက အဂတိလိုက်စားခြင်း ဆိုတာကို လာဘ်စားခြင်းတစ်ခုတည်းဟုသာ အမြင်မှား၊ အသိမှားနေတတ်ကြပြီး အမှန်တကယ်တော့ အဂတိတရားလေးပါးဖြစ်တဲ့ ဆန္ဒဂတိ၊ ဒေါသဂတိ၊ မောဟ ဂတိနဲ့ ဘယာဂတိအားလုံးပါဝင်သက်ဆိုင်ပါတယ်။

ကော်မရှင်အနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနဲ့ စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ခြင်း စတဲ့လုပ်ငန်းစဉ်များနဲ့ တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက် လျက်ရှိတဲ့အတွက် ဥပဒေပြုရေးမဏ္ဍိုင်ကိုယ်စား အသိအမှတ်ပြုကြောင်းလည်း ပြောကြားလိုပါ တယ်။

ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများအနေနဲ့ သက်ဆိုင်ရာ မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို လက်တွေ့ကျင့်သုံးမှု အခြေအနေများပေါ်မူတည်၍ အမြဲမပြတ် သုံးသပ်ပြီး အဂတိလိုက်စား နိုင်ခြေ ရှိ မရှိ လေ့လာဆန်းစစ်မှု (Corruption Risk Assessment-CRA) ကို တာဝန်ရှိသူ အဆင့်ဆင့်က ထိရောက်စွာ ကြပ်မတ်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ အားလုံးပူးပေါင်း ပါဝင်ပြီးအဂတိလိုက်စားမှု လျော့နည်းပပျောက်ရေးကို အလေးထား တိုက်ဖျက်ကြခြင်းဖြင့် အဂတိလိုက်စားမှု ကင်းစင်တဲ့ ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပေါ်စေနိုင်ပြီး တရားဥပဒေ စိုးမိုးမှုရှိတဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကိုပါ ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂရဲ့ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှာ ပါရှိတဲ့ ရည်မှန်းချက်ပန်းတိုင် ၁၇ ခုထဲက ပန်းတိုင် ၁၆ ခုမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးရဲ့အရေးပါမှုကို ထင်ရှားစွာသတ်မှတ်ဖော်ပြထားပါတယ်။ မိမိတို့ရဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီး ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးအတွက်ဆိုရင် ငြိမ်းချမ်းသာယာပြီး အားလုံးပါဝင်တဲ့ လူမှုအဖွဲ့အစည်းများမြှင့်တင်ရေး၊ တရားမျှတမှု ကို လက်လှမ်းမီနိုင်စွာ ဖော်ဆောင်နိုင်ရေးနဲ့ အဆင့်တိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု ရှိရေးစတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံလုပ်ငန်းစဉ်များမှာ အားလုံးပါဝင် လုပ်ဆောင် သွားရမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် အခမ်းအနားမှစပြီး မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ “အဂတိ ဖယ်ခွာ ပြည်သာယာ”ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အမိနိုင်ငံတော် ငြိမ်းချမ်းသာယာစွာ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြတဲ့ ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စီးပွားရေး လုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနဲ့ ပြည်သူလူထုတစ်ရပ်လုံးက အဂတိ လိုက်စားမှုအကျင့်ဆိုးကိုဝိုင်းဝန်းပြုပြင် တိုက်ဖျက်ပြီး အဂတိကင်းစင်တဲ့လူ့ဘောင်ကို အတူတကွ ထူထောင်ကြပါစို့လို့ အလေးအနက်ဆန္ဒပြု တိုက်တွန်းအပ်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်

 

Standard (Image)