ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၅ ရက် )
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၀ )ဦး အနက် ( ၃၉၂ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၁၀)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါက်တာဒေါ်ခင်စည်သူ၊ လွိုင်ကော် မဲဆန္ဒနယ်က မေးမြန်းသော ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်၊ တော်ဝင်လမ်း၊ အမှတ်(၃၅)ပေါ်တွင်တည်ရှိသည့် ကယားဂေဟာအမည်ရှိသော အဆောက်အဦနှင့်မြေအား ကယားပြည်နယ်အစိုးရ ထံသို့ ဉပဒေနှင့်အညီ လွှဲပြောင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက Pansea Hotel ( The Governor’s Residence) ဖွင့်လှစ်ထားသော မြေနှင့် အဆောက်အဦသည် ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရန် နိုင်ငံခြားကုမ္ပဏီသို့ (B.O.T) စနစ်ဖြင့် စာချုပ်ချုပ်ဆို ငှားရမ်းထားခြင်းဖြစ်ပါသဖြင့် စာချုပ်သက်တမ်း ကုန်ဆုံးပါက နိုင်ငံတော်ပိုင်အဖြစ်ရှိနေမည်ဖြစ်ကြောင်း၊ အဆိုပါမြေမှာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အမည်ပေါက် အစိုးရမြေမျိုးဖြစ်ပါကြောင်းနှင့် နိုင်ငံတော်အတွက် နှစ်စဉ် နိုင်ငံခြားဝင်ငွေရရှိသော လုပ်ငန်းဖြစ်ပြီး ချုပ်ဆို ထားသော (B.O.T) စာချုပ်သက်တမ်းမှာ ၂၀၆၅ ခုနှစ်အထိရှိမှာဖြစ်ခြင်းတို့ကြောင့် ကယားပြည်နယ်အစိုးရအဖွဲ့သို့ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ်မရှိပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။ ကိုယ်စားလှယ်က ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ထုတ်ပြန်ခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များအရ အချက်အလက်များ စုဆောင်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့တင်ပြပြီး အချက်အလက်များရယူပေးပါရန် ဆက်စပ်မေးခွန်း မေးမြန်းခဲ့မှုအပေါ် ဒုတိယဝန်ကြီးက အချက်အလက်များ စုဆောင်း၍ စာဖြင့်ပြန်ကြားသွားမည် ဖြစ်ပါကြောင်း ထပ်မံဖြေကြားပါသည်။
(၂) ဒေါ်နီရွှေလျန်း၊ ထန်တလန် မဲဆန္ဒနယ်က မေးမြန်းသော ထန်တလန်မြို့ အတွက် (၆၆)ကေဗွီ ဓာတ်အားလိုင်းစီမံကိန်း တည်ဆောက်ခြင်းသည် မည်သည့် အချိန်တွင် ပြီးစီးမည်ကို သိလိုခြင်းနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများကိုပါ လျှပ်စစ်ဓာတ်အားလိုင်းဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ထန်တလန် မြို့နယ်အတွင်းရှိ မြို့နှင့် ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ၆၆ ကေဗွီ၊ ၃၃ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို ဘဏ္ဍာနှစ် အလိုက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ လျာထားတောင်းခံ တည်ဆောက်ပေး မည်ဖြစ်ပါကြောင်းနှင့် ပြည်နယ်ရန်ပုံငွေဖြင့် ၁၁ ကေဗွီလိုင်းနှင့် ထရန်စဖော်မာများ အချိန်ကိုက်ပြီးစီးရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။
(၃) ဦးမောင်မောင်ဦး၊ အင်းစိန် မဲဆန္ဒနယ်က မေးမြန်းသော ၂၀၂၀ ပြည့်နှစ်အတွင်း အင်းစိန်မြို့နယ်အတွင်းရှိ လမ်းမီးများအားလုံး ထွန်းလင်းနိုင်ရေးကို အပြီးသတ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး၏ အဓိကလမ်းမကြီးများကို လမ်းမီးများ ထွန်းညှိနိုင်ရေး ပထမဦးစားပေးအဖြစ် ဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်အတွင်းရှိ လမ်းမီးများ ထွန်းလင်းနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ ကျပ်(၀.၇) ဘီလီယံနှင့် တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေ ကျပ် (၃.၅) ဘီလီယံ လျာထားပြီး ခွင့်ပြုချက်ရရှိပါက ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၄) ဦးစောသလေးစော၊ ရွှေကျင် မဲဆန္ဒနယ်က မေးမြန်းသော ရွှေကျင်မြို့နယ်၊ တောင်ဘက်ကျေးရွာအုပ်စုရှိ အမှတ်(၂) သတ္တုတူးဖော်ရေးလုပ်ငန်းက သိမ်းဆည်း ခဲ့သည့် မြေ ၄၁၈ ဧကအနက် သိမ်းဆည်းခံခဲ့ရသည့် ပုဂ္ဂိုလ်များနှင့် သိမ်းဆည်း ခံရသည့်တစ်ဦးချင်း၏ မြေဧရိယာများကို ထုတ်ပြန်ပေးနိုင်ခြင်း ရှိ၊ မရှိကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက အမှတ်(၂) သတ္တုတွင်း လုပ်ငန်းက စွန့်လွှတ်အပ်နှံပြီးဖြစ်သည့် မြေ(၄၁၈.၉၈)ဧကအတွက် သိမ်းဆည်းခံ ခဲ့ရသော ပုဂ္ဂိုလ်များနှင့် သိမ်းဆည်းခံရသည့် တစ်ဦးချင်းမြေဧရိယာများကို စာရင်းဇယားနှင့်တကွ ထုတ်ပြန်ကြေညာပေးနိုင်ခြင်းမရှိပါကြောင်းနှင့် နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့ပြီးဖြစ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့မှ စိစစ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၅) ဦးအောင်စိုးမင်း၊ ရွာငံ မဲဆန္ဒနယ်က မေးမြန်းသော ရွာငံမြို့နယ်၊ မြို့ကြီးတောရ ကေလာသတောင်ကြိုးပြင်ကာကွယ်တော(၁၄၀၀)ဧကအား အစိုးရအသိအမှတ်ပြု ကြိုးပြင်ကာကွယ်တောအဖြစ် အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ အားလုံးပြီးစီးပါက ကေလာသတောင်ကြိုးပြင် ကာကွယ်တော အဖြစ် သတ်မှတ်ကြေညာသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၆) ဒေါ်ဇင်မာအောင်၊ ရန်ကင်း မဲဆန္ဒနယ်က မေးမြန်းသော ရန်ကင်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ရန်ငြိမ်းလမ်း၊ မြေတိုင်းရပ်ကွက် အမှတ် (၈၇/ကံဘဲ့)တွင် တည်ရှိသည့် မြေကွက်အမှတ်(၂)မြေနေရာအား ရန်ကင်းမြို့နယ်အတွက် Community Center နှင့် မြို့နယ်ခန်းမ ဆောက်လုပ်နိုင်ရန် ဝန်ကြီးဌာန လွှဲပြောင်း၍ အသုံးပြုခွင့်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ရန်ကင်းသစ်ဆိုင်မြေနေရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သစ်အခြေခံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် သစ်လုံး၊ သစ်ခွဲသား တင်ဒါရောင်းချရန်အတွက် အရောင်းပြေစာဖွင့်လှစ် ခြင်း၊ ငွေလက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လုပ်ငန်း များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အဆိုပါမြေနေရာအား လွှဲပြောင်းပေးအပ်နိုင်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၇) ဦးမြင့်ဝေ၊ ဂွ မဲဆန္ဒနယ်က မေးမြန်းသော ဂွမြို့နယ်၊ တောင်ပေါက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ တိုင်ကြားခံကျောင်းအုပ်ကြီးအား ပညာရေး ဌာနမှ မြို့နယ်နှင့် ခရိုင်အဆင့်တာဝန်ရှိသူများက လာရောက်စစ်ဆေးမေးမြန်း ခဲ့ပြီး မည်ကဲ့သို့ အရေးယူထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဌာနဆိုင်ရာစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးအရေးယူလျက်ရှိပါကြောင်းနှင့် စစ်ဆေးပြီးပါက နိုင်ငံ့ဝန်ထမ်း ဉပဒေ၊ နည်းဉပဒေများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာ ကိုယ်စားလှယ်ထံသို့လည်း တင်ပြမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၈) ဦးမြင့်လွင်၊ တွံတေး မဲဆန္ဒနယ်က မေးမြန်းသော အားကစားပညာသိပ္ပံဘွဲ့ (B.Sc Sports) သင်တန်းနှင့် ယင်းသင်တန်းများမှ မွေးထုတ်ပေးခဲ့သော ဘွဲ့ရများသည် လက်ရှိတွင် မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်ကဲ့သို့ ပံ့ပိုးပေးဆပ်အကျိုးပြုခဲ့သည်နှင့် ယင်းသင်တန်းမှ ထွက်ပေါ်လာမည့် ဘွဲ့ရများ၏အနာဂတ် မည်သို့ရှိမည်ကိုသိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လက်ရှိတွင် သိပ္ပံ ဂုဏ်ထူးဘွဲ့(အားကစား)ရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတွင် နည်းပြ (နည်းစနစ်)အဖြစ် ခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် (B.Sc Sport) ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်တွင် မြန်မာ့အားကစား ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၉) ဦးဝင်းမြင့်ဦး(ခ)ဦးနေမျိုး၊ ညောင်ရွှေ မဲဆန္ဒနယ်က မေးမြန်းသော သတ္တမတန်း မြန်မာစာသင်ရိုးသစ် ကျောင်းသုံးစာအုပ် စာမျက်နှာ ၅ နှင့် ၆ တွင် ပါဝင်သော အချက်အလက်များသည် တိုင်းရင်းသားအရေး၊ ထိခိုက်စေနိုင်ခြင်းနှင့် သမိုင်း အမှန် အချက်အလက်များ လူငယ်များအတွင်း မှားယွင်းစွာ သိမြင်သွားနိုင်ခြင်း တို့ကြောင့် ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အင်းလေးကန်ဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ဒေသခံပြည်သူအများက လက်ခံ နိုင်သည့်အချက်အလက်များဖြစ်စေရန် စိစစ်၍ ထပ်မံပြင်ဆင်ပုံနှိပ်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် လက်ရှိပုံနှိပ်ပြီးစာတွင်ပါရှိသည့် အကြောင်းအရာများကိုလည်း ပြင်ဆင်သင်ကြားရန် စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၁၀) ဦးမြတ်လေးဦး၊ ထီးလင်း မဲဆန္ဒနယ်က မေးမြန်းသော ထီးလင်းမြို့နယ်ရှိ အခြေခံပညာကျောင်း (၈)ကျောင်းတွင် ကျောင်းဆောင်သစ်များ တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် စီမံကိန်းများ အတည်ပြုပြီးဖြစ်ပါသဖြင့် ယခင်နှစ်က တင်ပြထားသည့် ညောင်ဟောင်းအခြေခံ ပညာမူလတန်းကျောင်းတွင် ၆၀ × ၃၀ ပေ Steel Structure တစ်ထပ်ဆောင် (၁)ဆောင်ကို ဦးစားပေးလျာထားပြီးဖြစ်ပါကြောင်းနှင့် ကျန်ရှိသောကျောင်း (၇)ကျောင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လျာထားနိုင်ခြင်းမရှိသည့်အတွက် နောင်ဘဏ္ဍာနှစ်များတွင် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
(ခ) ဉပဒေကြမ်း(၁)ခု တင်သွင်းခြင်း
ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဉပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းပြီး ဉပဒေကြမ်း ကော်မတီက အစီရင်ခံစာဖတ်ကြားသည်။ အဆိုပါ ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုကို တင်သွင်းလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၇-၈-၂၀၂၀ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(ဂ) နည်းဉပဒေ(၁)ခုနှင့်စပ်လျဉ်း၍ အသိပေးတင်ပြခြင်း
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပေးပို့လာသော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးနည်းဉပဒေများကို ပြင်ဆင်သည့် နည်းဉပဒေများနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုအပေါ် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၇-၈-၂၀၂၀ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်ကြောင်း အသိပေးတင်ပြသည်။
(ဃ) အဆို(၂)ခု တင်သွင်းခြင်း
(၁) မြန်မာနိုင်ငံအနှံ့ နှစ်စဉ်တိုး၍ဖြစ်ပွားလာနေသော ရေကြီးရေလျှံမှုများ လျော့ပါး သွားစေရန် ရေတိုရေရှည်စီမံချက်များဖြင့် သက်ဆိုင်ပတ်သက်သောဌာနများ ပူးပေါင်းဆောင်ရွက်၍ မြစ်ချောင်းများ ပြုပြင်ထိန်းသိမ်း ကာကွယ်မှုများကို စွမ်းအားရှိသမျှ ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆိုကို ဦးအုန်းခင်၊ ပုလော မဲဆန္ဒနယ်က တင်သွင်းပြီး သိန္နီမဲဆန္ဒနယ် ဦးစိုင်းဦးခမ်းက ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၆-၈-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။
(၂) နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေဖြင့် ထူထောင်ထားသည့် လူမှုကွန်ရက် စောင့်ကြည့်ထိန်းကျောင်းရေးအဖွဲ့ SMMT နှင့် Facebook Team တို့၏ ဆောင်ရွက်မှုသည် လူမှုကွန်ရက်များ အသုံးပြုသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများ အပေါ် မျှတမှုမရှိခြင်းကြောင့် လူမှုကွန်ရက်တွင် မကျေနပ်မှု အမုန်းစကားများ တိုးပွားလာပြီး အမျိုးသားရင်ကြားစေ့ရေးနှင့် တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရေးတို့ကို ထိခိုက်ပျက်စီးစေနိုင်သဖြင့် SMMT နှင့် Facebook Team တို့က မည်သည့်ဉပဒေ၊ နည်းဉပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ မူဝါဒများဖြင့် မည်သို့အရေးယူ ဆောင်ရွက်နေသည်ကို ပွင့်လင်းစွာ ရှင်းလင်းတင်ပြပြီး တရားမဲ့မှုများမဖြစ်အောင် အချိန်မီထိန်းကျောင်းဆောင်ရွက်နိုင်ရန် နိုင်ငံတော် အစိုးရအားတိုက်တွန်းကြောင်းအဆိုကို ဦးသောင်းအေး၊ ပျော်ဘွယ် မဲဆန္ဒနယ်က တင်သွင်းပြီး မောက်မယ်မဲဆန္ဒနယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းက ထောက်ခံခဲ့ သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၆-၈-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(င) အဆို(၁)ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဦးမင်းသိန်း၊ တောင်တွင်းကြီး မဲဆန္ဒနယ်က တင်သွင်းသည့် မြန်မာနိုင်ငံတစ်ဝန်းတွင် ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆဖြစ်မှုများကြောင့် သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ တဖြည်းဖြည်းမြင့်တက်လာနေပါသောကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ အရေးယူခြင်းများကို ယခုထက်ပို၍ ထိထိရောက်ရောက် အရှိန်မြှင့်ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၃)ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၇-၈-၂၀၂၀ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
