(ည)- ထီးလင်းမြို့နယ်ရှိ အခြေခံပညာကျောင်းရှစ်ကျောင်းတွင် ကျောင်းဆောင်သစ်များ တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့(၂၅.၈.၂၀၂၀)

(ည)- ထီးလင်းမြို့နယ်ရှိ အခြေခံပညာကျောင်းရှစ်ကျောင်းတွင် ကျောင်းဆောင်သစ်များ တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိတို့မြို့နယ်အနေဖြင့် ကျောင်းဆောင်သစ်များကို တင်ပြရာတွင် လိုအပ်ချက်များနှင့်ပတ်သက်၍ လျာထားတောင်းခံသည့်အခါ အမျိုးသားစီမံကိန်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီများ၊ သက်ဆိုင်ရာဌာနအကြီးအကဲများကိုယ်တိုင်ကွင်းဆင်းပြီး အမှန်တကယ်လိုအပ်သည့် ကျောင်းများကို လျာထားတောင်းခံခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းသို့တောင်းခံခဲ့သော်လည်း ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းပေးမည့်တည်ဆောက်ပေးမှုများအားနည်းလွန်းသည့်အတွက် ယခုကဲ့သို့ မေးခွန်းမေးမြန်းရခြင်းဖြစ်ပါ ကြောင်း၊၂၀၁၉-၂၀၂၀ ခုနှစ်တွင် ထီးလင်းမြို့နယ်အနေဖြင့် ကျောင်း ၁၀ ကျောင်းကို ရွေးချယ်လျာ ထားခဲ့သော်လည်း ဝန်ကြီးဌာနအနေဖြင့် ထီးလင်း အ.ထ.က တွင် နှစ်ထပ် ဆောင်တစ်ဆောင်၊ ရေပုတ် အ.လ.က(ခွဲ)တွင် (၆၀ x ၃၀ ပေ) တစ်ဆောင် စုစုပေါင်း ကျောင်းဆောင်နှစ်ဆောင်သာ ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ ယခု ၂၀၂၀-၂၀၂၁ ခုနှစ်တွင်လည်း မြို့နယ်အနေဖြင့် အမှန်တကယ် လိုအပ်သည့် ကျောင်းရှစ်ကျောင်းကို လျာထားရွေးချယ်တင်ပြခဲ့သော်လည်း ညောင်ဟောင်းကျောင်း တစ်ကျောင်းတည်း သာလျှင် ရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ထီးလင်းမြို့နယ်တွင် ကျောင်း‌ဆောင်သစ်များလိုအပ်လျက်ရှိပါကြောင်း၊ ယခုဆိုလျှင် ပိုဆိုးသည်မှာ COVID-19 ကူးစက် ရောဂါကာကွယ်တားဆီး နှိမ်နင်းနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နေရသည့် အတွက်ကျောင်းဆောင်လိုအပ်ချက်များ ပိုမိုရှိနေပါကြောင်း၊

ယခုလျာထားတင်ပြခဲ့သည့် ကျောင်းများဖြစ်သည့် အ.လ.က(ခွဲ)အိုင်းမ၊မူလွန် အညာဘန်း၊ အ.မ.က ထီးလင်း(၁)၊ အ.ထ.က ထီးလင်း၊ အ.လ.က(ခွဲ)ကန်သာ၊ မူလွန်သရခါစသည့် ကျောင်းများသည် အမှန်တကယ်လိုအပ်နေသည့်ကျောင်းများဖြစ်သည့်အတွက် ထီးလင်းမြို့နယ်တွင် အဓိကလိုအပ်နေသည့် ကျောင်းများကို ကျောင်းဆောင်သစ်ဖြည့်ဆည်းပေးနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းပေးနိုင်ခြင်းရှိ/မရှိနှင့် အမှန်တကယ်ဖြည့်ဆည်းပေးနိုင်မည်ဆိုပါကမည်သည့်ဘဏ္ဍာရေးနှစ်တွင် ဖြည့်ဆည်းပေးနိုင်မည်ဆိုသည်ကိုလည်းကောင်း၊  ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးပါ မည်သည့် အတွက်ကြောင့်ဖြစ်သည်ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်တွင် လွှတ်တော်ကတိအရ ဆောက်လုပ်ရန် တစ်ကျောင်း၊ အန္တရာယ်ရှိ ကျောင်းဆောင်ကို ဖျက်သိမ်း၍ အသစ်ဆောက်လုပ်ရန်တစ်ကျောင်း စုစုပေါင်းနှစ်ကျောင်းအတွက် ငွေကျပ် ၁၆၁.၄၆ သန်း ခွဲဝေခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုတင်ပြထားသသည်မှာ ရှစ်ကျောင်းရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ ညောင်ဟောင်းအခြေခံပညာမူလတန်းကျောင်းတွင် ကျောင်း သူကျောင်းသား ၂၄ ဦး ပညာသင်ကြားနေပါကြောင်း၊  မကွေးတိုင်းဒေသကြီး၊ ထီးလင်း မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယခုနှစ် ပညာသင်နှစ်စာရင်းအရ ကျောင်းသူကျောင်းသားဦးရေ ၉၅ ဦးရှိပါကြောင်း၊

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ အညာဘန်းအခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တွင်  ကျောင်းသူကျောင်းသား ၅၇ ဦးရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ သရခါ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယခုကျောင်းသားစာရင်းအရ ကျောင်းသူကျောင်းသားဦးရေ ၇၉ ဦးရှိပါကြောင်း၊  မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ အိုင်းမ အခြေခံပညာ အလယ်တန်း ကျောင်းတွင် လက်ရှိသင်ကြားနေသည့် ကျောင်းသားကျောင်းသူ ၈၂ ဦး ရှိပါကြောင်း၊ ထီးလင်းမြို့နယ်၊ ကန်သာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တွင် လက်ရှိသင်ကြားနေသူ ၇၂ ဦး ရှိပါကြောင်း၊ ထီးလင်းမြို့နယ် ကျားခဲ အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာသင်ကြားနေသူ  ၉၁ ဦးရှိပါကြောင်း၊

ဘတ်ဂျက်များ လျာထားရာတွင် လက်ရှိစာသင်သားဦးရေအရ ဦးစားပေးလျာထားခြင်းများပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် စီမံကိန်းများ အတည်ပြုပြီးချိန်ဖြစ်နေသော်လည်း မနှစ်က တည်းက ကိုယ်စားလှယ်တော်ကြီး တင်ပြသည့်ကျောင်းများအနက်မှ မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ ညောင်ဟောင်းအခြေခံပညာမူလတန်းကျောင်းကို အန္တရာယ်ရှိကျောင်းဆောင်ကို ဖျက်သိမ်းပြီး (၆၀ x ၃၀ ပေ) Steel Structure တစ်ထပ်ဆောင်တစ်ဆောင်ကို ဦးစားပေး လျာထားပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ကျောင်းခုနစ်ကျောင်း ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လျာထားနိုင်ခြင်းမရှိသည့်အတွက် ကပ်လျက်ဘဏ္ဍာရေးနှစ်များတွင် တစ်နှစ်ပြီးတစ်နှစ် မြို့နယ် ဦးစားပေးအစီအစဉ်အရ လျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။