(င)-ရွာငံမြို့နယ်၊ မြို့ကြီးတောရ ကေလာသတောင် ကြိုးပြင်ကာကွယ်တော (၁၄၀၀)ဧကအား အစိုးရ အသိအမှတ်ပြု ကြိုးပြင်ကာကွယ်တောအဖြစ် အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့ကြီးတောရ သက်တော် (၉၄) နှစ်ရှိ ဆရာတော်ဘုရားကြီးမှ နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်ထားသော ကေလာသတောင် ကြိုးပြင်ကာကွယ်တောအတွင်း ဓာတ်သတ္တုစမ်းသပ်ခွင့်ပြုထားခြင်း၊ သစ်၊ ဝါးများ ခိုးထုတ်ယူခြင်းများ လုပ်ဆောင်နေခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာပျက်စီးပြီး သဘာဝရေထွက်များ ခန်းခြောက်နေသည်ကို တွေ့ရပါကြောင်း၊
ဒေသခံပြည်သူများမှ ကြိုးပြင်ကာကွယ်တောလျှောက်ထားသည့်အချိန်တွင် ဓာတ်သတ္တုကုမ္ပဏီတစ်ခုသည် ဓာတ်သတ္တုစမ်းသပ်ခွင့် ဧက(၂၀၀) ခွင့်ပြုထားသည်ကို တင်ပြလိုပါကြောင်း၊ မြို့ကြီးတောရ ဆရာတော်ဘုရားကြီး၏ဩဝါဒဖြင့် ဒေသခံဦးဆောင်ကော်မတီအဖွဲ့မှ ဦးဆောင်၍ ကေလာသတောင် ကြိုးပြင်ကာကွယ်တောအား တရားဝင် ကြိုးပြင်ကာကွယ်တောအဖြစ် ရရှိရေးအတွက် မြို့ကြီးရွာ၊ ခံတောရွာ၊ ဆည်ရွာ၊ မြစ်ဆုံကျေးရွာများမှ ဒေသခံပြည်သူ ၂၈၀ ဦး လက်မှတ်ထိုး၍ နိုင်ငံတော်သို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊ လက်ရှိအချိန်ထိရရှိခဲ့ခြင်း မရှိပါကြောင်း၊ ကေလာသတောင် ကြိုးပြင်ကာကွယ်တောအား နိုင်ငံတော်မှ အသိအမှတ်ပြုလက်မှတ်ရရှိပါက ကေလာသတောင် ကြိုးပြင်ကာကွယ်တောအတွင်းရှိ ရှားပါးသတ္တဝါများဖြစ်သည့် မျောက်၊ ဒေါင်း၊ ဂျီ၊ တောင်ဆိတ်၊ တောဝက်၊ ငှက်မျိုးစုံသတ္တဝါများအတွက် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်မည် ဖြစ်ပြီး သဘာဝရေထွက်များကိုလည်း ထိန်းသိမ်းကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရွာငံမြို့နယ်၊ မြို့ကြီးတောရမှ သက်တော်(၉၄)နှစ်ရှိ ဆရာတော်ဘုရားကြီး နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့် ရှောက်ခဲ့သည့် ကေလာသတောင် ကြိုးပြင်ကာကွယ်တောအား နိုင်ငံတော်အစိုးရ အသိအမှတ်ပြု ကြိုးပြင်ကာကွယ်တော ရရှိရေးအတွက် သက်ဆိုင်ရာဌာနများသို့ တင်ပြထားသော်လည်း လက်ရှိ အချိန်ထိမရရှိခြင်းသည် မည်သည့်အတွက်ကြောင့် ကြန့်ကြာနေပါသနည်း။ မည်သည့်အချိန်တွင် ကြိုးပြင်ကာကွယ်တောအဖြစ် အသိအမှတ်ပြုလက်မှတ် ရရှိပါမည်နည်း။ အမြန်ဆုံး ဆောင်ရွက်ပေး ပါရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သစ်တောဖုံးလွှမ်းမှုကောင်း သည့် သစ်တောဧရိယာများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ကောင်းများရှိပြီး ကာကွယ်ထိန်းသိမ်းရန် လိုအပ်သည့်နယ်မြေများကို တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သစ်တောနယ်မြေ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် တိုးချဲ့ဖွဲ့စည်းရေးကို ဦးစားပေးဆောင်ရွက်လျက် ရှိပါ ကြောင်း၊ မြန်မာ့သစ်တောများ ပြန်လည်တည်ထောင်ခြင်း စီမံကိန်းကို ပြည်နယ်/ တိုင်းဒေသကြီး အလိုက်ရေးဆွဲပြီး ၂၀၁၇ ခုနှစ်မှ စတင်ပြီး ၁၀ နှစ်စီမံကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိပါကြောင်း၊ စီမံကိန်းအရ စီမံကိန်းကာလအတွင်းတွင် ရှမ်းပြည်နယ်၌ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တော ၂,၃၇၀.၀၉၆ စတုရန်းမိုင် ထပ်မံဖွဲ့စည်းရန် ရှိပါကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာ၊ မြို့ကြီး တောရကျောင်း အနီးရှိ ဧရိယာ ၁၄၀၀ ဧကကို သဘာဝစိမ့်စမ်းနှင့် ရေထွက်များ ထိန်းသိမ်းရန်၊ ရှားပါးမျိုးနွယ်ဝင် မျောက်ညိုနှင့် အခြားသားငှက် တိရစ္ဆာန်များအတွက် နေရင်းဒေသ မပျောက်ကွယ်စေရန်နှင့် ပတ်ဝန်းကျင် ဂေဟစနစ်ထိန်းသိမ်းရန် ရည်ရွယ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းတွင် ကေလာသတောင် ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ တွင် ကေလာသတောင် ကြိုးပြင်ကာကွယ်တောအဖြစ် ရည်ရွယ်ကြောင်း ကြေညာချက်ကို မိမိတို့ ဝန်ကြီးဌာန၏ ၂၁-၄-၂၀၂၀ ရက်စွဲနှင့် အမိန့်ကြော်ငြာစာအမှတ် (၃၇/၂၀၂၀)ဖြင့် ထုတ်ပြန်ကြေညာ ခဲ့ပြီး ဖြစ်ပါကြောင်း၊ ရည်ရွယ်ကြောင်း ထုတ်ပြန်ကြေညာပြီးပါက သစ်တောဦးစီးဌာနသည် သစ်တောကြေးတိုင်လုပ်ငန်း (၁) မှ (၅)အထိကို ဆက်လက်ဆောင်ရွက်ရပါကြောင်း၊ လက်ရှိအချိန် တွင် ကြေးတိုင်ပုံစံ (၁)အရ သက်ဆိုင်သူများထံ ဆိုင်ရာဆိုင်ခွင့်နှင့် အခွင့်အရေးများ ရက်ပေါင်း ၉၀ အတွင်း တင်ပြတောင်းဆိုရန် ထပ်ဆင့်ထုတ်ပြန်ကြေညာခြင်းကို ဆောင်ရွက်ပြီးစီးသည့်အတွက် ကျန်ရှိသည့် ကြေးတိုင်ပုံစံ(၂)မှ(၅)အထိ ဆက်လက်ပြုစု ဆောင်ရွက်လျက် ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ သစ်တောဥပဒေ ပုဒ်မ ၅ အရ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်၊ ပြည်ထော်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မိမိတို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြိုးပြင်ကာကွယ်တော အဖြစ် သတ်မှတ်နိုင်သည်ဟု ဖော်ပြချက်နှင့်အညီ ရွာငံမြို့နယ်၊ မြို့ကြီးတောရကျောင်း အနီးရှိ ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းနိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေသည့် သစ်တောကြေးတိုင် လုပ်ငန်းများ ပြီးစီးပါက ကေလာသတောင် ကြိုးပြင်ကာကွယ်တောအဖြစ် အမြန်ဆုံး သတ်မှတ် ကြေညာပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးအောင်စိုးမင်း(ရွာငံမဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဝန်ကြီးဌာနမှ ကြိုးပြင်ကာကွယ်တောအတွက် ရည်ရွယ်ကြောင်းထုတ်ပြန်ထားပြီးဖြစ်သည့်အတွက် ဝမ်းသာပါကြောင်း၊ ယခုလက်ရှိ မြေပြင်အခြေအနေသည် ကြိုးပြင်ကာကွယ်တောအတွက်ကို ရည်ရွယ်ကြောင်းကို အမိန့်ထုတ်ပြီးပါကြောင်း၊ မိမိ၏ မူလမေးခွန်းသည် ဧက(၁၄၀၀) ဖြစ်ပါကြောင်း၊ ၎င်းကြိုးပြင်ကာကွယ်တော (၁၄၀၀)ဧကတွင် ဟိန်းထက်ထက်အောင် ကုမ္ပဏီကို ဧက (၂၀၀) စမ်း သပ်ခွင့် ပြုထားပါကြောင်း၊ ၎င်းကို ဒေသခံပြည်သူများမှ အကြိမ်ကြိမ်ကန့်ကွက်ပါကြောင်း၊ အကြိမ် ကြိမ် ကန့်ကွက်မှုများ ရှိသော်လည်း စမ်းသပ်ခွင့်ရထားခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဧက(၂၀၀) စမ်းသပ်ခွင့် ရထားခြင်းကိစ္စသည် မြို့ကြီးဆည်၏အောက်ဘက်တွင် ရှိသည့်အတွက် နောင်တစ်ချိန် တွင် စက်တူးဖော်သည့်လုပ်ငန်းများ လုပ်မည်ဆိုပါက မိုင်းများခွဲမည် တူးဖော်မည်ဆိုပါက ၎င်းသည် ဆည်အတွက် အန္တရာယ်ရှိပါကြောင်း၊ ဒေသခံပြည်သူများမှ ၎င်းကိုကန့်ကွက်ကြောင်း၊ စိုးရိမ်ကြ ကြောင်း၊ ဆရာတော်ဘုရားကြီး ကိုယ်တိုင်လည်း စိုးရိမ်ကြောင်း၊ ထို့ကြောင့် ကြိုးပြင်ကာကွယ်တော ဧက(၁,၄၀၀) ပြည့်စေရန် ၎င်းသတ္တုစမ်းသပ် ခွင့်ပြုထားသည့် ဧက(၂၀၀)ကို ပြန်လည်သုံးသပ်ပြီး နိုင်ငံတော်မှ ကြိုးပြင်ကာကွယ်တောအဖြစ် တရားဝင် ထုတ်ပြန်ကြေညာသည့်အချိန်တွင် ၎င်း စမ်း သပ်ခွင့် ဧက(၂၀၀)ကိုပါ ထည့်သွင်းဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိကို သိရှိပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာ ရဲမြင့်ဆွေ
ဆက်စပ်မေးခွန်း မေးမြန်းလာသည့် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းနှင့် ဆက်စပ်ပြီး ဟိန်းထက်ထက်အောင် ကုမ္ပဏီ ဧက(၂၀၀) ဓာတ်သတ္တု စမ်းသပ်ခွင့်ပေးခဲ့ခြင်းသည် ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာ သစ်တောဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စသည်တို့ကို သဘောထားမှတ်ချက်များ အဆင့်ဆင့်ယူပြီး မိမိတို့က ချပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ဧရိယာတစ်ခုကို စမ်းသပ်တိုင်းတာရေး ချပေးမည်ဆိုပါက မိမိတို့သည် ဆက်စပ်ဝန်ကြီးဌာနများနှင့် ဆက်စပ်ဌာနများ၊ ဆက်စပ် ပြည်နယ်/ တိုင်းဒေသကြီး အစိုးရများ၏ သဘောထားမှတ်ချက်မပါရှိပါက မည်သည့် စမ်းသပ်တိုင်းတာရေးကို မျှ ခွင့်ပြုခဲ့ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် စမ်းသပ်တိုင်းခြင်းသည် Exploration ဖြစ်ပါကြောင်း၊ Mining မဟုတ်သေးပါကြောင်း၊ Exploration ဖြစ်သည့်အတွက် သတ္တုရှိ/မရှိ၊ မည်မျှ ရှိမည်၊ မရှိမည်၊ သတ္တုသိုက်ပမာဏ မည်ကဲ့သို့ ရှိမည်၊ ၎င်း၏ပုံသဏ္ဌာန် မည်ကဲ့သို့ ရှိမည်၊ တူးဖော်ပါက ထွက်လာ သည့် Waste များနှင့်၊ Design နှင့် ပတ်ဝန်းကျင်ကို မည်မျှအထိ ထိခိုက်နိုင်မည် ဆိုသည့်အချက်များ ကို Environmental Impact Assessment များကိုလုပ်ပြီးမှ ခွင့်ပြုခြင်းဖြစ်ပါကြောင်း၊ သို့ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် မေးခွန်းနှင့်ပတ်သက်ပြီး ကြိုးပြင်ကာကွယ်တော သတ်မှတ်မည်ဆိုပါက ၎င်းတို့ကို အားလုံးထည့်သွင်း သုံးသပ်စဉ်းစားပြီးမှ သတ်မှတ် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြားပါသည်။
