(စ)-ရန်ကင်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ရန်ငြိမ်းလမ်း၊ မြေတိုင်းရပ်ကွက် အမှတ်(၈၇/ကံဘဲ့)တွင် တည်ရှိသည့် မြေကွက်အမှတ်(၂)မြေနေရာအား ရန်ကင်းမြို့နယ်အတွက် Community Center နှင့် မြို့နယ်ခန်းမ ဆောက်လုပ်နိုင်ရန် ဝန်ကြီးဌာန လွှဲပြောင်း၍ အသုံးပြုခွင့် ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ပထမအချက် ရန်ကင်းမြို့နယ်သည် ရန်ကုန်မြို့၏ အချက်အခြာကျသည့် နေရာတွင်တည်ရှိပြီး ဧရိယာ ၁.၉၄ စတုရန်းမိုင် ကျယ်ဝန်းပြီး ၂၀၁၈ ခုနှစ် စာရင်းဇယားများအရ အိမ်ထောင်စု ၁၄,၅၀၀ ကျော် မှီတင်း နေထိုင်ကြသည့် မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ယခင်က မိမိတို့ ရန်ကင်းမြို့နယ်တွင် မြို့နယ်ခန်းမ တစ်ခုရှိခဲ့သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်ကတည်းက မူလတန်း ကြိုကျောင်းအဖြစ် ပြောင်းလဲအသုံးပြုခဲ့သည်ကို တွေ့ရပါကြောင်း၊ ရန်ကုန်မြို့နယ်အတွင်း မြို့နယ်များတွင် မြို့နယ်သူ မြို့နယ်သားများအတွက်အခမ်းအနားများ၊တွေ့ဆုံပွဲများနှင့်အခြားလူမှုရေးကိစ္စများအတွက် အသုံးပြုနိုင်သည့်မြို့နယ်ခန်းမများရှိကြပါကြောင်း၊ အနီးစပ်ဆုံး ပြောရမည်ဆိုပါက တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်စသည့် မြို့နယ်များတွင် တွေ့မြင်နိုင်ပါကြောင်း၊ မိမိ၏ မဲဆန္ဒနယ်ဖြစ်သည့် ရန်ကင်းမြို့နယ်တွင် မြို့နယ်ခန်းမနေရာရှိခဲ့သော်လည်း ဝန်ကြီးဌာန ပြောင်းလဲ သုံးစွဲထားခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ယခင် မြို့နယ်ခန်းမ နေရာ ဖြစ်ပါကြောင်း၊
ဒုတိယအချက်သည် Community Centre နှင့် မြို့နယ်ခန်းမ ဆောက်လုပ်အသုံးပြုနိုင်မည့် မြေနေရာ ကိစ္စ ဖြစ်ပါကြောင်း၊ ရန်ကင်းမြို့နယ်သည် လူနေထူထပ်လာပြီး အများပြည်သူအတွက် အသုံးပြုရမည့် မြေနေရာလွတ်များရှားပါးလာပါကြောင်း၊ ရန်ကုန်တိုင်းတစ်တိုင်းလုံး၊ရန်ကုန် မြို့နယ်တွင် ကြုံတွေ့နေရသည့် ပြဿနာဖြစ်ပါကြောင်း၊ သို့သော် မိမိမေးခွန်းတွင်ပါသည့် ရန်ကင်းမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရန်ငြိမ်းလမ်း၊ မြေတိုင်း အမှတ်(၈၇/ကံဘဲ့)တွင် တည်ရှိသည့် မြေနေရာသည် မူလက သစ်အရောင်းဆိုင် မြေနေရာဖြစ်ပြီး ခေတ်ကာလ ရွေ့လျားလာသည့်အတွက် သစ်ဆိုင်အဖြစ် အသုံးပြုခြင်း မရှိသည်မှာ နှစ်ကာလ များစွာကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊
တတိယအချက်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအောက်ရှိ ရန်ကင်းမြို့နယ်၏ ပြည်သူ့ စာကြည့်တိုက်သည် တောင်ဥက္ကလာပ မြို့နယ်အတွင်းကို ရောက်ရှိနေသည်ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဆိုင်ရာ လုပ်ငန်းများ ဖြစ်သည့် ပြည်သူ့စကားဝိုင်းများ၊ စာဖတ်ဝိုင်းများ ဆောင်ရွက်ကြခြင်းသည် ပထဝီ အနေအထားနှင့် မြို့နယ် အမည်နာမသည် လွဲချော်နေသလိုဖြစ်နေပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများသည် အခေါ်အဝေါ်အားဖြင့် ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ဝန်ထမ်းများဖြစ်ကြောင်း၊ သို့သော် ပထဝီ အနေအထားအရ ရုံးသွားတက်သည့်အချိန်တွင် တောင်ဥက္ကလာပမြို့နယ်ရှိ ပြည်သူ့စာကြည့်တိုက် တွင်သွားပြီး အလုပ်လုပ်ရကြောင်း၊ ရုံးထိုင်ရခြင်းဖြစ်ကြောင်း၊ ၎င်းသည် မည်ကဲ့သို့မျှ မဖြစ်သင့်သည့် ကိစ္စဖြစ်ပါကြောင်း၊ ယခုမြေနေရာကိုသာ ဝန်ကြီးဌာနပြောင်းလဲအသုံးပြုခွင့်ရခဲ့မည်ဆိုပါက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် ပြည်သူ့စာကြည့်တိုက်များ အပါအဝင် Community Centre နှင့် မြို့နယ် ခန်းမကဲ့သို့ ပြည်သူ လူထုနှင့် ဆက်သွယ်ဆောင်ရွက်နိုင်မည့် မြို့နယ် ပြည်သူလူထုအတွက် လူမှုရေးရာ ကိစ္စရပ်များ အလို့ငှာ ဆုံရပ်အဖြစ်အသုံးချနိုင်ရန်အတွက် များစွာ အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်အစိုးရမှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးအကောင်အထည်ဖော်ရာတွင် ပြည်သူ လူထုနှင့် အုပ်ချုပ်ရေးဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြသည့် Town Hall Meeting များကို မကြာသေးခင် ကာလများမှစပြီး ဆောင်ရွက်မှုများ ရှိပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီ အလေ့အထများ ကျင့်သုံးရာ နေရာများအဖြစ် Town Hall Meeting များကို ဆောင်ရွက်ရာတွင် Community Centre နှင့် မြို့နယ်ခန်းမကဲ့သို့ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေး ဆက်သွယ် ဆောင်ရွက်နိုင်မည့် အများပြည်သူဆိုင်ရာ နေရာများလိုအပ်လျက် ရှိပါကြောင်း၊ ထို့ပြင် Myanmar Sustainable Development Plan(MSDP) ၏ မဏ္ဍိုင်(၁) ပန်းတိုင်(၁)ကို အထောက်အပံ့ ဖြစ်စေမည့် မဟာဗျူဟာ(၁.၅)တွင် ဖော်ပြပါရှိသည့် ပြည်သူအားလုံး အစိုးရနှင့် ဆက်သွယ်လုပ်ကိုင်နိုင်စွမ်း တိုးမြှင့်ခြင်းဆိုသည့် ခေါင်းစဉ်အောက်ရှိ မဟာဗျူဟာနှင့် သက်ဆိုင်နေ ခြင်း ဖြစ်ပါကြောင်း၊ ၎င်းမဟာဗျူဟာ၏ မဟာဗျူဟာရလဒ်များကို အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့နယ်အတွင်း အမှန်တကယ် လိုအပ်လျက်ရှိသည့် အများပြည်သူ အသုံးပြုနိုင်မည့် မြို့နယ်ခန်းမ ဆောက်လုပ်နိုင်ရန်အတွက် ဝန်ကြီးဌာန ပြောင်းလဲ ခွင့်ပြုနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းပါသည်။
ကိုယ်စားလှယ်တော်ကြီး မေးခွန်းပါ သစ်ဆိုင် မြေဧရိယာ ၀.၄၁၁ ဧကကို ၁၉၈၉ ခုနှစ်တွင် မြန်မာ့ သစ်လုပ်ငန်း သစ်ဆိုင်အဖြစ် စတင်ဖွင့်လှစ်ရောင်းချခဲ့ပြီး မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနမှ သစ်ဆိုင်အဖြစ် အသုံးပြုရန် ၁၉၉၃ ခုနှစ်တွင် ခွင့်ပြုမိန့်ရရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပြည်သူများသို့သစ်ခွဲသားများ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် သစ်ခွဲသား ရောင်းချခြင်း လုပ်ငန်းကို ရပ်နားခဲ့သော်လည်း မြန်မာ့သစ်လုပ်ငန်း၏ သစ်လုံး၊ သစ်ခွဲသား တင်ဒါ ရောင်းချရန်နှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်ရှိ သစ်အခြေခံ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် သစ်လုံး၊ သစ်ခွဲသားများ တင်ဒါ ရောင်းချရန်အတွက် အရောင်းပြေစာ ဖွင့်လှစ်ခြင်း၊ ငွေလက်ခံခြင်း လုပ်ငန်းများကို မိမိတို့ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် သစ်လုံး၊ သစ်ခွဲသား ၁,၃၆၅.၇၅၄ တန်၊ တင်ဒါစနစ်ဖြင့် ရောင်းချခြင်းအတွက် အရောင်းပြေစာ ဖွင့်လှစ်ခြင်း၊ ငွေလက်ခံခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် ပြည်တွင်း ဝင်ငွေ ကျပ် ၅၇၆.၆၆ သန်း ရရှိခဲ့ပါကြောင်း၊
Community Centre ဖွင့်လှစ်ရေးနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာနမှ အမှတ်(၁၂၂၆)၊ (၆)ရပ်ကွက်၊ သစ္စာလမ်းနှင့် ကုန်းဘောင်လမ်းထောင့် ယခင် တောင်ဥက္ကလာပမြို့နယ်ဟောင်း အဆောက်အအုံကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ပြန်လည်ပြုပြင်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ရုံးအဖြစ် ရုံးလုပ်ငန်း၊ စာကြည့်တိုက်နှင့် Community Centre လုပ်ငန်းများကို လက်ရှိတွင် ဆောင်ရွက်နေပါကြောင်းနှင့် အကယ်၍ ရန်ကင်းသစ်ဆိုင် မြေနေရာအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်ကြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးမည်ဆိုပါက ရုံးလုပ်ငန်းများနှင့် Community Centre လုပ်ငန်းများ ဆောင်ရွက်မည့် အဆောက်အအုံ ဆောက်လုပ်ရန်အတွက် ရန်ပုံငွေ လျာထားတောင်းခံ ဆောင်ရွက်သွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ရှင်းလင်းဖြေကြားမှုရှိပါကြောင်း၊ သို့သော် ၎င်းရန်ကင်းသစ်ဆိုင် မြေနေရာတွင် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ သစ်အခြေခံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် သစ်လုံး၊ သစ်ခွဲသား တင်ဒါ ရောင်းချနိုင်ရန် အရောင်းပြေစာ ဖွင့်လှစ်ခြင်း၊ ငွေလက်ခံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပြီး ဆက်လက်၍ ဖော်ပြပါ လုပ်ငန်းများကို ဆောင်ရွက်သွားရမည် ဖြစ်ပါသဖြင့် အဆိုပါမြေနေရာအား လွှဲပြောင်း ပေးအပ်နိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်ဇင်မာအောင်(ရန်ကင်းမဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။
သစ်ဆိုင် မြေနေရာသည် သစ်ဆိုင်ဟု ဆိုသော်လည်း ၎င်းတွင် သစ်နှင့် ပတ်သက်သည့် ပစ္စည်းပစ္စယ များ မရှိပါကြောင်း၊ ထို့အပြင် ရုံးလုပ်ငန်းသာ ဆောင်ရွက်နေသည့် သဘောမျိုး တွေ့ရှိရပါကြောင်း၊ နေ့စဉ်နှင့်အမျှ မဲဆန္ဒနယ်ရောက်သည့်အချိန်တွင် ၎င်းရှေ့မှ ဖြတ်သွားဖြတ်လာ နေ့တိုင်းသွားလာ နေခြင်းဖြစ်ပါကြောင်း၊ သို့သော်၎င်းအဝန်းအဝိုင်းကြီးသည် ရုံးလုပ်ငန်းသာလုပ်နေရသည့် သဘော မျိုး၊ ပြေစာများလက်ခံနေရသည့် သဘောမျိုး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပထဝီအနေ အထားအရနှင့် လူမှုစီးပွားဘဝ၏ အနေအထားအရ သစ်ဆိုင်ဟုပြောသော်လည်း သစ်လုံးဝ မရှိပါကြောင်း၊ ရုံးလုပ်ငန်းဆိုင်ရာများကိုသာ လုပ်နေခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဖြေကြားသွားချက်တွင် ပြန်ကြားရေးဝန်ကြီးဌာနသည် ၎င်း၏ Community Centre ကို ရန်ကင်းဟု ပြောပြီး တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းတွင် ဖွင့်ထားကြောင်း၊ ထို့ကြောင့် ရန်ကင်းဟုပြော၍ မရကြောင်း၊ ၎င်းသည်လွဲနေကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဖြေကြားချက်ရှိပါကြောင်း၊ ဖြစ်နိုင်ပါက လွှဲပြောင်းပြီး ဝန်ကြီးဌာနက ပြောင်းလဲ သုံးပေးမည်ဆိုပါက လက်ခံနိုင်သည်ဆိုသည့် အနေအထားဖြစ်သည့်အတွက် ဝန်ကြီးဌာနသည် သက်ဆိုင်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ပြောင်းလဲပြီးသုံးစွဲပေးရန်၊ ရုံးလုပ်ငန်းသာ လုပ်နေခြင်းဖြစ် သည့်အတွက် သစ်ဆိုင်လုပ်ငန်းသည် တောင်ဥက္ကလာပ မြို့နယ်တွင် သွားလုပ်မည်ဆိုပါက ဖြစ်နိုင် ကြောင်း၊ ပြဿနာ မရှိနိုင်ကြောင်း၊ သို့သော် ရန်ကင်းမြို့နယ်၏ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် တောင်ဥက္ကလာပမြို့နယ်ထဲတွင် သွားပြီး အလုပ်လုပ်နေကြောင်း၊ ၎င်းကို ရန်ကင်း Community Centre ဟု ခေါ်၍ မရပါကြောင်း၊ တောင်ဥက္ကလာပမြို့နယ် Community Centre ဟု ခေါ်၍ ရပါကြောင်း၊ တောင်ဥက္ကလာပ မြို့နယ်ထဲတွင် ရှိနေသည့်အတွက်ဖြစ်ပါကြောင်း၊ ကျိုးကြောင်း ညီညွတ်မှုမရှိပါကြောင်း၊ ဝန်ကြီးဌာနမှ ပြောင်းလဲခွင့်ပြုမည်ဆိုပါ ပြောင်းလဲပေးနိုင်သည့် အနေအထားမျိုးဟု ပြန်ကြားရေးဝန်ကြီးဌာနက ဖြေကြားထားသည်ဟုဒုတိယဝန်ကြီး၏ အဖြေထဲ တွင်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် အဖြေကိုပြန်လည်စဉ်းစားပြီး ပေါင်းစပ်ညှိနှိုင်းပေးရန် အစီအစဉ် ရှိ/မရှိ ဆက်စပ် မေးခွန်းအနေဖြင့် မေးမြန်းပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ
ရန်ကင်းမဲဆန္ဒနယ်ကိုယ်စားလှယ်တော်ကြီး မေးမြန်းသည့်ထပ်ဆင့်မေးခွန်းနှင့်ပတ်သက်ပြီး ဖြေကြားရ မည်ဆိုပါက မိမိတို့ ဝန်ကြီးဌာနများသည် မြေကိုတိုက်ရိုက် စွန့်လွှတ်ပိုင်ခွင့် မရှိပါကြောင်း၊ တကယ်၍ မြေစွန့်လွှတ်မည်ဆိုပါက လုပ်ထုံးလုပ်နည်းအရ နိုင်ငံတော်အတွက်၊ တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်လာပြီဆိုပါက သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြပြီး မြေယာစွန့်လွှတ်ခွင့်ကို ပြည်ထောင်စုအစိုးရ အဖွဲ့က ဆုံးဖြတ်ခြင်း ဖြစ်ပါကြောင်း၊ လိုအပ်မည်ဆိုပါက တိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် အထောက်အထား ခိုင်လုံစွာဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြမည်ဆိုပါက ပြည်ထောင်စု အစိုးရအဖွဲ့မှ ဝန်ကြီးဌာနကို သဘောထားမှတ်ချက် ပြန်လည်မေးမြန်းပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားသည့် လုပ်ထုံးလုပ်နည်းများ ရှိပါကြောင်း၊ မိမိတို့သည့် တင်ပြပါအတိုင်း ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
