(ဆ)-​​​​​​​​​​​​​​ဗန်းမောက်မြို့နယ်အတွင်းရှိ အမည်ပေါက်မပါဝင်သေးသော လမ်းများ နှင့် နိုင်ငံအဝန်းကျေးလက်လမ်းများစာရင်းတွင် ထည့်သွင်းရန်ကျန်ရှိသော မြို့နယ်များအား အမည်ပေါက်စာရင်းထည့်သွင်းပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့(၂၀.၈.၂၀၂၀)

(ဆ)- ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းစာရင်းတွင် အမည်ပေါက်မပါဝင်သေးသော လမ်းများနှင့် နိုင်ငံအဝန်းကျေးလက်လမ်းများစာရင်းတွင် ထည့်သွင်းရန်ကျန်ရှိသော မြို့နယ်များအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အမည်ပေါက်စာရင်းထည့်သွင်းပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

မေးခွန်းမေးမြန်းရခြင်း၏ ရည်ရွယ်ချက်များမှာ ၁။ ကျေးလက်လမ်းများ အမည် မပေါက်သဖြင့် စီမံကိန်းဆောင်ရွက်ခွင့်မဆုံးရှုံးစေရန် ၂။ ဗန်းမောက်မြို့နယ်အတွင်း အမည်ပေါက် စာရင်းတွင် မပါဝင်သေးသော လမ်း ၃၀ ခန့်ကျန်ရှိနေသေးသဖြင့် တစ်လမ်းချင်းအလိုက် တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့‌ ထောက်ခံတင်ပြချက်ဖြင့် ဝန်ကြီးဌာနသို့ တင်ပြရမည်ဆိုပါက တင်ပြရမည့် အစား ဌာနကဆောင်ရွက်ပါက လုပ်ငန်းများမြန်ဆန် လာစေရန်၊ ၃။ နှစ်စဉ်စီမံကိန်းရေးဆွဲရာတွင် ကျေးလက် လမ်းများပိုမိုပါဝင်လာစေရန်၊ ၄။ မိမိတို့မြို့နယ်ကဲ့သို့ အခက်အခဲဖြစ်နေသော မြို့နယ် များပါတစ်ပါတည်း ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီးမှ မေးခွန်းမေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနကို ယခင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် လမ်းနှင့်တံတားများကို လွှဲပြောင်းပေးကာ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဦးစီးဌာနအဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့ရာတွင် အလျင်အမြန်လွှဲပြောင်းရယူရသည့်အတွက် အချက်အလက်များအားလုံး မလွှဲ ပြောင်းနိုင်ခြင်း၊ စာရင်းများပြုစုမှုမရှိခြင်းနှင့် ယခင်မှတ်တမ်းများအားနည်းခဲ့သဖြင့် လမ်းစာရင်း တွင် မပါဝင်ဘဲကျန်ရှိနေခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊

ဒုတိယအနေဖြင့် နှစ်စဉ်စီမံကိန်းရေးဆွဲရာတွင် ကျေးလက်လမ်းများပါဝင်နိုင်ရေး လျာထားရာ၌ လမ်းအမည်စာရင်းမပေါက်သဖြင့် လျာထားပေးနိုင်ခြင်းမရှိဟု ငြင်းပယ်ခံရပါကြောင်း၊ လမ်းစာရင်း များတွင်ထည့်သွင်းပေးရန် မြို့နယ်တာဝန်ရှိလူကြီးများကို ပြောကြားရာတွင် မြေပြင်၌ အမှန်တစ်ကယ်လိုအပ်နေသော်လည်း ဝန်ကြီးဌာနကထည့်သွင်းပေးရန် ညွှန်ကြားမှသာလျှင် ထည့်သွင်းနိုင်မည်ဟုပြောကြားသဖြင့် စီမံကိန်းများတွင်ပါဝင်နိုင်ခြင်းမရှိသောကြောင့် လမ်းစာရင်း ထည့်သွင်းနိုင်ရေး မေးခွန်းမေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးသည် လမ်းစာရင်းများထည့်သွင်းနိုင်ရေး ဖြေကြားရာတွင် သက်ဆိုင်ရာပြည်နယ်/တိုင်း ဒေသကြီး အစိုးရအဖွဲ့ထောက်ခံချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြပါက လမ်းစာရင်း ထည့်သွင်းပေးသွားမည်ဟု ဖြေကြားခဲ့ပါကြောင်း၊ မိမိတို့မြို့နယ်တွင် လမ်းများစွာကျန်ရှိနေသဖြင့် အကြိမ်ကြိမ် တင်ပြနေခြင်းအစား မြို့နယ်ချင်းအလိုက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူများက စာရင်းပြုစုပြီး ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် စာရင်းများ ထည့်သွင်းခြင်းများကို ဆောင်ရွက်ပေးမည်ဆိုပါက ပိုမိုအဆင်ပြေစွာဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊

ထို့ကြောင့် ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းစာရင်းတွင် အမည်မပေါက် သေးသော လမ်းစာရင်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနက လမ်းအမည်ပေါက် စာရင်းထည့်သွင်းနိုင်ရေး မည်ကဲ့သို့စီစဉ် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် မိမိတို့မြို့နယ်နှင့် အလားတူမြို့နယ်များအား မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက် လမ်းစာရင်း အမည်မပေါက်သေးသောလမ်းများအား သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့တို့မှ ထောက်ခံတင်ပြလာပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသဖြင့် ဗန်းမောက် မြို့နယ်အတွင်းရှိ ကျေးလက်လမ်းစာရင်းတွင် မပါဝင်သေးသည့် ကျေးလက်လမ်းများကို စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ခံတင်ပြလာပါက ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် ကျေးလက်လမ်းစာရင်းတွင် ထည့်သွင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် အဆိုပါ မြို့နယ် နှင့်အလားတူအခြားမြို့နယ်များမှ ကျေးလက်လမ်းအမည်မပေါက်သေးသောလမ်းများကို သက်ဆိုင် ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ထောက်ခံချက်နှင့် အတူတင်ပြလာပါက ဖော်ပြပါ နည်းတူဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်။