ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့(၂၀.၈.၂၀၂၀)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

( ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၀ ရက် )

၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၀ )ဦး အနက် ( ၃၆၄ )ဦး တက်ရောက်သည်။

၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) ပြည်သူ့လွှတ်တော်ကော်မတီများတွင် ကော်မတီအဖွဲ့ဝင်များ အစားထိုးလဲလှယ် ဖွဲ့စည်းခြင်း

ပြည်သူ့လွှတ်တော်ကော်မတီက ဖွဲ့စည်းထားသော ကော်မတီများတွင် အောက်ပါ ကိုယ်စားလှယ်များအား ကော်မတီအဖွဲ့ဝင်များအဖြစ် အစားထိုးလဲလှယ်ဖွဲ့စည်းခြင်းကို လွှတ်တော်က အတည်ပြုခဲ့သည်-

  • လွှတ်တော်အခွင့်အရေးကော်မတီတွင် အဖွဲ့ဝင် ဗိုလ်ချုပ်တင်ဆွေဝင်း(အစား) ဗိုလ်ချုပ်အောင်မျိုးထွန်း အား လည်းကောင်း၊
  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးကြီးခင်မောင်ချို(အစား) ဗိုလ်မှူးကြီးသန်းလှိုင် အား လည်းကောင်း၊

(ခ) ကြယ်ပွင့်ပြမေးခွန်း (၉)ခု မေးမြန်းဖြေကြားခြင်း

(၁) ဒေါက်တာဦးအောင်ထွန်းခိုင်(ခ)ဦးချိန်ဝင်း၊ ရေး မဲဆန္ဒနယ်က မေးမြန်းသော ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲအက်ဉပဒေ များသည် လွတ်လပ်ရေးမရမီက ရေးဆွဲပြဋ္ဌာန်းသည့် ဉပဒေများဖြစ်ပြီး ထိုဉပဒေများသည် လက်ရှိကာလနှင့် မကိုက်ညီတော့သဖြင့် ယခုကာလနှင့် ကိုက်ညီသည့် ရဲတပ်ဖွဲ့ဆိုင်ရာဉပဒေကို မည်သည့်အချိန်တွင် ရေးဆွဲပြဋ္ဌာန်း မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က ဉပဒေတစ်ခု ပြဋ္ဌာန်းပြီးလျှင် လိုအပ်ချက်များရှိပါက ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်ရသည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဉပဒေမူကြမ်းကို ညီညွတ်ပြီး ပြီးပြည့်စုံသည့် ဉပဒေတစ်ခုဖြစ်ရန် သုံးသပ်ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

  • ဦးဝင်းနိုင်၊ မိုးကောင်း မဲဆန္ဒနယ်က မေးမြန်းသော မိုးကောင်းမြို့နယ်၊ မြို့သစ်ကြီးကျေးရွာ ကွင်းအမှတ် (၆၁-ဃ)၊ စိုက်ခင်းမြေ ၈၁.၃၆ ဧကအား မူလ ပိုင်ရှင်တောင်သူများထံ မည်သို့သော အစီအစဉ်များဖြင့် ပြန်လည်စွန့်လွှတ် ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဗဟိုမြေစစ်မှ ချမှတ် ထားသည့် မူဝါဒ၊ လမ်းစဉ်နှင့်အညီဆောင်ရွက်ရန် အချက်(၅၂)ချက်အနက် စွန့်လွှတ်နိုင်ခြင်းမရှိသေးသည့် သိမ်းဆည်းမြေများနှင့်စပ်လျဉ်း၍ စိစစ်ရန်အချက် (၅)ချက်အား ဘူးဂါးကုမ္ပဏီတာဝန်ခံများထံ အသေးစိတ်ရှင်းလင်းချပြခဲ့ကြောင်း၊ ယခုအချိန်ထိ ဘူးဂါးကုမ္ပဏီမှ အကြောင်းပြန်ကြားလွှာ တစ်စုံတစ်ရာ မရရှိှ သေးပါသဖြင့် တရားဝင် ဆက်သွယ်အကြောင်းကြားစာရရှိပါက တည်ဆဲဉပဒေ၊ နည်းဉပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။
  • ဦးမင်းသိန်း၊ တောင်တွင်းကြီး မဲဆန္ဒနယ်က မေးမြန်းသော တောင်တွင်းကြီး မြို့နယ်ရှိ ရန်ပယ်ဆည်၏ လက်ယာမြောင်းမကြီးပေါ်မှဖြတ်၍ Flume များကို လိုအပ်သလို ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရန်ပယ်လက်ယာမြောင်းမကြီး အောက်ပိုင်းဧရိယာများတွင် မိုးစပါးစိုက်ပျိုးရေ ရရှိနိုင်ရေးနှင့် ရေကြီးနစ်မြှုပ်မှုမှ လျော့ပါးသက်သာစေရေးအတွက် လိုအပ်သော ရေပေးအဆောက်အအုံများ တည်ဆောက်ပေးနိုင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
  • ဦးဝင်းဝင်း၊ မင်းဘူး မဲဆန္ဒနယ်က မေးမြန်းသော ကျောက်နွားသိုးဆည်(ခ) မန်းတမံမှ ကျူ့ဆက်(၃၀၀)ခန့် ရေလွှတ်နိုင်သော ရေလွှတ်ပေါက်တစ်ခုကို လာမည့်နွေရာသီတွင် ထပ်မံတည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လိုအပ်သော အသေးစိတ် စူးစမ်းလေ့လာတိုင်းတာမှုများ အချိန်ယူဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရန် ဖြစ်မြောက်နိုင်စွမ်း အပေါ်မူတည်၍ ဒီဇိုင်းရေးဆွဲပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းနှင့် လာမည့်နွေရာသီတွင် ဆောင်ရွက်နိုင်ခြင်း မရှိ သေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
  • ဒေါ်မိကွန်ချမ်း၊ ပေါင် မဲဆန္ဒနယ်က မေးမြန်းသော ပင်လယ်ရေတိုက်စားခံ ကျေးရွာများရှိ ကမ်းပြိုတားတမံများကို ရေရှည်တည်တံ့ခိုင်ခံ့ရန်အတွက် ပညာရှင် များဖြင့် လေ့လာတွေ့ရှိချက်အပေါ် ခေတ်မီနည်းပညာဖြင့် တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ကမ်းရိုးတန်း အင်ဂျင်နီယာဆိုင်ရာ နည်းပညာဖြင့် အသေးစိတ်လေ့လာဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ရလဒ်ကို အခြေခံပြီး ပုံစံတူပြုလုပ်စမ်းသပ်ခြင်း (Model Study)စသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် နှစ်စဉ်ရန်ပုံငွေ ခွဲဝေရရှိမှုအခြေအနေပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ရေကြီးမှုကာကွယ်ရေး အဆောက်အအုံများ တည်ဆောက်ထိန်းသိမ်းခြင်း (Structure Measures)၊ ရေကြီးမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီမံခန့်ခွဲခြင်း (Non- Structure Measures)နှင့် ပင်လယ်နှင့်ထိစပ်နေသည့် ရေငန်တားတမံ များကို ပြည်သူများအကျိုးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။
  • ဦးအောင်ကျော်ဦး၊ မိုင်းတုံ မဲဆန္ဒနယ်က မေးမြန်းသော မိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းကန်ကျေးရွာမှ ပြည်ထောင်စုလမ်းမကြီးအထိ လမ်းအရှည်(၂၀)မိုင်အား ရာသီမရွေး လွယ်ကူစွာသွားလာနိုင်သော ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ် လမ်းခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် မြေသားလမ်း အရှည်(၄)မိုင် ဖောက်လုပ် ခြင်းနှင့် Box Cluvert (၈)စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့အတွက် လျာထား တင်ပြထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
  • ဦးကျော်စိုး၊ ဗန်းမောက် မဲဆန္ဒနယ်က မေးမြန်းသော ဗန်းမောက်မြို့နယ် အတွင်းရှိ ကျေးလက်လမ်းစာရင်းတွင် အမည်ပေါက်မပါဝင်သေးသောလမ်းများနှင့် နိုင်ငံအဝန်း ကျေးလက်လမ်းများစာရင်းတွင် ထည့်သွင်းရန် ကျန်ရှိသော မြို့နယ် များအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အမည်ပေါက်စာရင်း ထည့်သွင်း ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ကျေးလက်လမ်းစာရင်းတွင် မပါဝင် သေးသည့် ကျေးလက်လမ်းများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ခံတင်ပြလာပါက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ကျေးလက် လမ်းစာရင်းတွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အခြားမြို့နယ် များမှ ကျေးလက်လမ်းအမည်မပေါက်သေးသောလမ်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ထောက်ခံချက်နှင့်အတူ တင်ပြ လာပါက အလားတူ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။
  • ဦးအုန်းလွင်၊ ညောင်တုန်း မဲဆန္ဒနယ်က မေးမြန်းသော ဧရာဝတီတံတား (ညောင်တုန်း)၊ မီးရထားတံတားတည်ဆောက်ခဲ့စဉ် ပျက်စီးကျန်ခဲ့သော လယ်မြေနှင့် ယာမြေများ၌ လုပ်ကိုင်စားသောက်ခဲ့ကြသော တောင်သူများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြေယာလျော်ကြေးပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ (၃-၇-၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော (၂၂/၂၀၁၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် လျာထား တင်ပြတောင်းခံထားပြီး ရန်ပုံငွေရရှိမှုပေါ်မူတည်၍ ပေးလျော်သွားမည်ဖြစ်ပါ ကြောင်းပြန်လည်ဖြေကြားပါသည်။
  • ဦးအောင်ဇော်မြင့်(ခ)ဦးစိုးမြင့်၊ အမရပူရ မဲဆန္ဒနယ်က မေးမြန်းသော အမရပူရ မြို့နယ်၊ ဆင်ရွာမြင်းမှူးကျေးရွာရှိ ဝေရောစနကျောက်စိမ်းစေတီတော် အဝင် လမ်းအား မည်သည့်အချိန်တွင် ဖောက်လုပ်ခွင့်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက အမြန်လမ်းမကြီးဉပဒေအရ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်သို့ ဝေရောစနကျောက်စိမ်းစေတီတော်မြတ်ကြီးမှ တိုက်ရိုက်ဝင်/ထွက် လမ်းဖောက် လုပ်၍ မရပါကြောင်းနှင့် စစ်ကိုင်း- မြစ်ငယ်လမ်းမှတဆင့် ဆက်စပ်ဖောက်လုပ် အသုံးပြုသင့်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(ဂ) ဉပဒေကြမ်း(၂)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

  • အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော အသေးစား ငွေရေးကြေးရေး ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ သဘောကွဲလွဲသည့် (၁၁)ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဉပဒေ ၁၉၅၊ နည်းဉပဒေခွဲ (က) နှင့် (ခ)တို့အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာပါသည်။
  • အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဉပဒေကို ပြင်ဆင်သည့် ဉပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ချက်မရှိ သဘောတူကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၁၉၉ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာပါသည်။

(ဃ) အဆို(၂)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

  • တရားဉပဒေစိုးမိုးရေးတာဝန်တစ်ရပ်အနေဖြင့် အများပြည်သူတို့နှင့် နေ့စဉ် ထိတွေ့ဆက်ဆံပြီး ပြည်သူ့ဝန်ဆောင်မှုကို အချိန်ပြည့် တာဝန်ထမ်းဆောင်နေ သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အဆင့်မြှင့်တင်ပြုပြင်ပြောင်းလဲရန်နှင့် အင်အားတိုးမြှင့်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဒေါက်တာ ဦးအောင်ထွန်းခိုင်(ခ)ဦးချိန်ဝင်း၊ ရေးမဲဆန္ဒနယ်က တင်သွင်းပြီး ဦးတင့်စိုး၊ ဖားကန့်မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် များက ၂၁-၈-၂၀၂၀ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
  • ဦးသိန်းထွန်း၊ ကျောင်းကုန်း မဲဆန္ဒနယ်က တင်သွင်းသည့် တောင်သူလယ်သမား ဘဝ ရေရှည်တည်တံ့နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြုခဲ့သည့် အရပ်ရပ်သော ကြွေးမြီကိစ္စရပ်များအား ဖြေလျှော့ပေးနိုင်မည့် နိုင်ငံတကာထောက်ပံ့ငွေ သို့မဟုတ် အတိုးမဲ့နှစ်ရှည် ချေးငွေများ ရရှိနိုင်ရေးကို စီမံကိန်းတစ်ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၈)ဦးက ဆွေးနွေးပြီး လွှတ်တော်က မှတ်တမ်းတင် ကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၅-၈-၂၀၂၀ ရက် (အင်္ဂါနေ့) ‌ နံနက် ၁၀ နာရီတွင် လျာထားပါသည်။