ပြည်သူ့လွှတ်တော်၊ အစိုးရအာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေး ကော်မတီနှင့် ဝန်ကြီးဌာန(၈)ခု၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့(၂)ခုတို့ လုပ်ငန်းညှိနှိုင်းအစည်းဝေး(၂၁/၂၀၁၇)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-3) ၌ လက်ခံကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ အတွင်းရေးမှူး ဦးဇုံးတိန့်နှင့် အဖွဲ့ဝင်များ၊ ဝန်ကြီးဌာန (၈) ခုတို့မှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ (၂) ခုတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ အတွင်းရေးမှူး ဦးဇုံးတိန့်မှ အဖွင့်အမှာစကားပြောကြားရာတွင် (၃-၇-၂၀၁၇) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၀/၂၀၁၇)တွင် ကျန်ရှိနေသည့် ဆွေးနွေးချက်များအား ယနေ့ အစည်းအဝေးတွင် ဝန်ကြီးဌာနတစ်ခုချင်းစီအလိုက် ရှင်းလင်းတင်ပြဆွေးနွေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးဌာန (၈) ခုတို့မှ ကျင်းပပြီးစီးခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေးများအတွင်း ကတိဖြစ်ခဲ့သော မေးခွန်းများ၊ အတည်ပြုခဲ့အဆိုများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ဝန်ကြီးဌာနတစ်ခုချင်းစီအလိုက် ရှင်းလင်း တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ (၂) ခုတို့မှ ဆက်လက် ရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီအဖွဲ့ဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ကော်မတီ အတွင်းရေးမှူး ဦးဇုံးတိန့်မှ ဆွေးနွေးမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၅ ရက်
