ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၆ ရက် )
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၀ )ဦး အနက် (၃၅၇)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
- အစားထိုးပြောင်းလဲထားသည့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄)ဦးသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်တွင် ကတိသစ္စာပြုပါသည်။
(ခ) ကြယ်ပွင့်ပြမေးခွန်း (၁၀)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးမြစိန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်က မေးမြန်းသော သာကေတမြို့နယ်၊ အမှတ်(၇)၊ ရှုခင်းသာရပ်ကွက်၊ အဆင့်မြင့်အိမ်ရာစီမံကိန်း ဆောင်ရွက်စဉ်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သို့ ပြောင်းရွှေ့ခံရသော ပြည်သူများအတွက် လိုအပ်သောစီမံမှုကို အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က လက်ရှိမြို့ မြေစာရင်း (Town Land Roll)နှင့် မြို့ကွက်ကျမြေပုံ (Block Map) တို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန၊ ကျည်စုသုဿာန်မြေ ဧရိယာအတွင်း ဝင်ရောက်နေထိုင်ခြင်းသာဖြစ်ပြီး သာကေတမြို့နယ်၊ ရှုခင်းသာအဆင့်မြင့်အိမ်ရာစီမံကိန်း အဆင့်(၇)၏ ပြောင်းရွှေ့ ချထားမှုမှတ်တမ်း စာရင်းဇယားတွင် ပါဝင်မှု ရှိ၊ မရှိများကို စိစစ်၍ မရရှိ နိုင်သည့်အတွက် လတ်တလော မြေစီမံခန့်ခွဲမှုကိစ္စရပ်များကို ဆောင်ရွက်ပေး နိုင်မည်မဟုတ်ပါကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြား ပါသည်။
- ဦးသန်းလင်းလင်း၊ မယ်စဲ့ မဲဆန္ဒနယ်က မေးမြန်းသော မယ်စဲ့မြို့နယ်၌ ကျေးရွာ အသီးသီးတွင် လိုအပ်နေသော အမှိုက်သိမ်းဆည်းခြင်းနှင့် သက်ဆိုင်သော ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က မြို့စည်ပင်သာယာရေး နယ်နိမိတ် ပြင်ပ မယ်စဲ့မြို့နယ် ကျေးလက်ဒေသမှ ဝန်ဆောင်ခွန်ဖြစ်သည့် အမှိုက် သိမ်းဆည်းခြင်းလုပ်ငန်းအတွက် ဝင်ငွေရရှိခြင်းမရှိ၍ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေအရ ကျေးလက်စည်ပင်သာယာရေး လုပ်ငန်းများအား ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ဆောင်ရွက်ရပါသဖြင့် အမှိုက်သိမ်းယာဉ်၊ အမှိုက်ပုံး များ ကျေးလက်ဒေသများသို့ ထောက်ပံ့ရန် အစီအစဉ်မရှိပါကြောင်း ပြန်လည် ဖြေကြားပါသည်။
- ဦးမြင့်ကြည်၊ ကသာ မဲဆန္ဒနယ်က မေးမြန်းသော နှစ်အနည်းငယ်အတွင်း ယိုယွင်းပျက်စီးလာသည့် အခြေခံပညာကျောင်းများ၏ အရေအတွက်၊ တည်နေရာ၊ ဆောက်လုပ်သောကုမ္ပဏီ၏ အမည်၊ လိပ်စာနှင့် လုပ်ငန်းမှတ်တမ်းများကို ကောက်ယူ၍ ပြုစုမှတ်တမ်းထားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းဆောင်များဆောက်လုပ်ရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များ၏ ကြီးကြပ်မှုဖြင့် တင်ဒါခေါ်ယူခြင်း၊ လုပ်ငန်းအပ်နှံခြင်း၊ လုပ်ထုံးလုပ်နည်း နှင့်အညီ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ဘဏ္ဍာငွေ အလေအလွင့် မဖြစ်စေရေးနှင့် အကျိုးရှိထိရောက်ပြီး ပွင့်လင်းမြင်သာစွာ အရည်အသွေးပြည့်မီရေး တို့အတွက်ကိုလည်း အရည်အသွေးစိစစ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အရည်အသွေးမမီမှုတွေ့ရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံများ၊ မိဘများ၊ အုပ်ထိန်းသူများ၊ ပြည်သူ များနှင့် ပူးပေါင်းပြီး မှတ်တမ်းများကောက်ယူ၍ ပြုစုမှတ်တမ်းတင်ထားရှိ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဒေါက်တာဒေါ်ပြုံး၊ အင်းတော် မဲဆန္ဒနယ်က မေးမြန်းသော အင်းတော်မြို့နယ်တွင် သက်မွေးဝမ်းကျောင်း (ဘက်စုံသုံး) တစ်ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အင်းတော်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း သင်တန်းဖွင့်လှစ်လိုသည့် သက်ဆိုင်ရာ ဒေသခံဌာန အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ နှစ်စဉ်ကာလတို သင်တန်းများကိုသာ ဖွင့်လှစ် ပို့ချပေးနိုင်ပါကြောင်း၊ အင်းတော်မြို့နယ်ရှိ စက်မှုနှင့်သက်မွေးပညာသင်ယူရန် စိတ်ဝင်စားသူ လူငယ်များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ အသစ် ဖွင့်လှစ်မည့် စက်မှုသင်တန်းကျောင်းအသစ်(မုံရွာ)တွင် တက်ရောက်ခွင့်ရရှိမည် ဖြစ်ပါကြောင်းနှင့် လတ်တလော ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အင်းတော်မြို့နယ် တွင် သက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတစ်ခု တည်ဆောက်ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဦးအောင်ကျော်ကျော်ဦး၊ လှိုင် မဲဆန္ဒနယ်က မေးမြန်းသော အထည်အလိပ် နည်းပညာကျောင်းများကို တက္ကသိုလ်အဆင့်၊ သိပ္ပံအဆင့်၊ အထက်တန်းကျောင်းနှင့် သင်တန်းကျောင်းများဖွင့်လှစ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေး ဝန်ကြီးဌာနအနေဖြင့် နည်းပညာတက္ကသိုလ်တွေမှာ B.E Textile Engineering သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ချည်မျှင်နှင့်အထည်အင်ဂျင်နီယာ တွေကို မွေးထုတ်ပေးလျက်ရှိကြောင်းနှင့် Garment Engineering ကိုလည်း ဆက်လက်တိုးချဲ့ ဖွင့်လှစ်နိုင်ရန်အတွက် လေ့လာဆန်းစစ်သုတေသနပြုလုပ်ပြီး ဒေသ၏လိုအပ်ချက်၊ နိုင်ငံတော်၏လိုအပ်ချက်အရ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဦးခင်မောင်သီ၊ လွိုင်လင် မဲဆန္ဒနယ်က မေးမြန်းသော လွိုင်လင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ အခြေခံပညာမူလတန်းကျောင်းများ၊ မူလတန်းလွန်ကျောင်း၊ အလယ်တန်းကျောင်းခွဲများတွင် လစ်လပ်လျက်ရှိသည့် ဆရာ၊ ဆရာမများ ခန့်အပ်တာဝန်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၂၀-၂၀၂၁ ပညာသင်နှစ် လွိုင်လင်မြို့နယ်အတွင်း ဆရာ/ဆရာမ ခန့်အပ်ပေးမှုအခြေအနေ အရ (၄၃)ဦးကို သတ်မှတ်ခွဲဝေ ခန့်အပ်ပေးထားပါကြောင်း ပြန်လည်ဖြေကြား ပါသည်။
- ဦးတင်နု(ခ)ဦးတင်နုအောင်၊ မာန်အောင် မဲဆန္ဒနယ်က မေးမြန်းသော မာန်အောင်ကျွန်းပေါ်ရှိ ကျွန်းပတ်လမ်းပေါ်တွင်ရှိသော တံတားအမှတ်(၁/၂၁) ကမားချောင်းတံတားနှင့် တံတားအမှတ်(၁/၈) သစ်ဝချောင်းတံတားတို့အား အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် လျာထားတင်ပြထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
- ဒေါက်တာဦးလင်းလင်းကျော်၊ မြစ်သား မဲဆန္ဒနယ်က မေးမြန်းသော မြစ်သား မြို့နယ်အတွင်းရှိ ရွာရှည်- ဘုံကွင်းလမ်းကို ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက လမ်းအရှည် (၁)မိုင်မှာ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ခဲ့ပြီး ကျန်လမ်းအရှည် (၁)မိုင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် လျာထားပြီး ဖြစ်၍ ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဦးစိုင်းဖိုးမြတ်၊ မူဆယ် မဲဆန္ဒနယ်က မေးမြန်းသော မူဆယ်မြို့နယ်အတွင်းရှိ မူဆယ်၊ ဖိုင်ကျောင်းကျေးရွာနှင့် မန့်ဟျိုး (မန့်ဟီးရိုး)မြို့၊ နောင်ဟင်ကျေးရွာ တို့အား ဆက်သွယ်ပေးမည့် ရွှေလီမြစ်ကူးတံတားတစ်စင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာကျော်လင်းက ရွှေလီမြစ်ကူးတံတား (မန့်ဟီးရိုး) တည်ဆောက်ရန်အတွက် နယ်မြေအခြေအနေအရ မဖြစ်နိုင်သေးပါသဖြင့် နယ်မြေအခြေအနေ တည်ငြိမ်အေးချမ်းလာသည့်အချိန်တွင် တင်ပြဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဦးမောင်မြင့်၊ မင်းကင်း မဲဆန္ဒနယ်က မေးမြန်းသော မင်းကင်းမြို့နယ်၊ တမူးမှ မုံရွာထိ ကားလမ်းဆောင်ရွက်ရာတွင် လမ်းချဲ့ခြင်း၊ လမ်းဖြောင့်ခြင်းတို့နှင့် မလွတ်ကင်းသည့် မြေယာများအတွက် မြေယာလျော်ကြေးရရန် ကျန်ရှိနေသူ များအတွက် မြန်ဆန်စွာလျော်ကြေးရရှိအောင် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက လမ်းနယ်အတွင်းပါဝင်သွားသော လယ်ယာမြေများ လျော်ကြေးပေးချေရာတွင် ပါဝင်ခြင်းမရှိသည့် ဒေသခံများကို မြေယာလျော်ကြေးငွေ ထပ်မံပေးအပ်နိုင်ရန် စနစ်တကျကွင်းဆင်းတိုင်းတာ၍ စာရင်းကောက်ယူလျက် ရှိပါကြောင်းနှင့် လယ်ယာမြေစာရင်းများ အတည်ပြုချက်ရရှိပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေတင်ပြတောင်းခံ၍ အမြန်ဆုံးပေးအပ်နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(ဂ) အစီရင်ခံစာ(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ပဋိဇီဝ ဆေးများ ဝယ်ယူထောက်ပံ့ဖြန့်ဖြူးရေး စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ စုံစမ်းလေ့လာမှုအစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
(ဃ) အဆို(၁)ခုတင်သွင်းခြင်း
ပြည်သူလူထုအတွက် ကောင်းမွန်သည့် ကျန်းမာရေးရလဒ်များဆီသို့ ဦးတည်လျှောက်လှမ်း ရာတွင် လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှု(UHC) ဖြစ်လာရန်အတွက် ကျန်းမာရေးဆိုင်ရာမူဝါဒများ ပိုမိုဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းကြောင်း အဆိုကို ဦးစိုင်းဦးခမ်း၊ သိန္နီ မဲဆန္ဒနယ်က တင်သွင်းပြီး ဦးစိုင်းမောင်ပွင့် (ခ) ဦးအောင်ပွင့် တန့်ယန်း မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်ကဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၇-၈-၂၀၂၀ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
- ဉပဒေကြမ်း (၃)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
- စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက တင်သွင်းသည့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဉပဒေကြမ်း တစ်ရပ်လုံးကို ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာပါသည်။
- အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော နိုင်ငံသား များ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဉပဒေကို ပြင်ဆင်သည့် ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် (၅)ချက်ကို သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ ယခင်အတည် ပြုချက်အတိုင်း အတည်ပြုကြောင်းနှင့် သဘောကွဲလွဲသည့် (၅) ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၁၉၅၊ နည်းဉပဒေခွဲ (က) နှင့် (ခ)တို့အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာပါသည်။
- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီက တင်သွင်း သည့် မြေအောက်ရေစီမံခန့်ခွဲမှု ဉပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကြေညာပါသည်။
- ဥပဒေကြမ်း (၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်းနှင့် အစီရင်ခံစာ တင်သွင်းခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဉပဒေကို ပြင်ဆင်သည့်ဉပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဉပဒေကြမ်းကော်မတီက ယင်းဉပဒေကြမ်းကို အစီရင်ခံစာနှင့်အတူ တင်သွင်းသည်။ အဆိုပါ ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေး လိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၀-၈-၂၀၂၀ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။
၃။ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေ့လယ် ၁ နာရီ ၁၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပမည့်ရက်ကို ၂၀-၈-၂၀၂၀ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
