ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၄ ရက် )
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၀ )ဦး အနက် (၃၅၁ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၁၀)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးကျော်မင်း၊ လက်ပံတန်း မဲဆန္ဒနယ်က လက်ပံတန်းမြို့နယ်၊ မကျီးကွင်း ကျေးရွာအုပ်စုပိုင် စားကျက်မြေ (၁၆၃.၆၂)ဧက စားကျက်မြေအားလုံးကို တည်ဆဲ ဉပဒေများနှင့် ညီညွတ်ခြင်းမရှိဘဲ ပယ်ဖျက်ခဲ့သည့်အတွက် မည်သို့ပြန်လည် ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က မိုးပုလဲဖြူကုမ္ပဏီမှ လက်ရှိ လုပ်ကိုင်နေသော ဧရိယာ(၉၁.၅၅)ဧကအနက်မှ (၅၁.၅၅)ဧကကို ဒေသဖွံ့ဖြိုးရေး အတွက် ပြန်လည်သုံးစွဲနိုင်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်အပ်နှံ သွားမည်ဖြစ်ပါကြောင်းနှင့် လမ်းမြေ၊ အိုင်မြေ၊ ရိုးမြေနှင့် ကျန်အခြားမြေတို့အား အသီးသီးအသုံးချဆောင်ရွက်ထားရှိပြီး (၁၆.၁၁)ဧကကို ကျွဲ၊ နွားများအတွက် စားကျက်မြေအဖြစ် ပြန်လည်သတ်မှတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဒေါက်တာဦးအောင်နိုင်၊ သပိတ်ကျင်း မဲဆန္ဒနယ်က မေးမြန်းသော သပိတ်ကျင်း မြို့နယ်အတွင်း အုန်းဇုန်းကျေးရွာအုပ်စုနှင့် ချောင်းကြီးကျေးရွာအုပ်စုခု၏ အုပ်စုခြားနယ်နိမိတ်သတ်မှတ်ပေးရန်နှင့် သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ် ခုကြား တိကျသော မြို့နယ်ခြားနယ်နိမိတ် သတ်မှတ်ပေးရန်ကိစ္စအား သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က နယ်နိမိတ်မှတ်တိုင်များ စိုက်ထူနိုင်ရေးအတွက် ခန့်မှန်းတန်ဖိုး/ အသေးစိတ်တွက်ချက်မှုစာရင်းများနှင့်တကွ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ရန်ပုံငွေတင်ပြတောင်းခံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပဏာမ ကွင်းဆင်းစိစစ် သတ်မှတ်ထားသော မြို့နယ်ခြား နယ်နိမိတ်သတ်မှတ်ချက် များအပေါ် ဒေသခံများမှ လက်ခံနိုင်ခြင်းမရှိသဖြင့် နှစ်ဖက်မြို့နယ်မှ သက်ဆိုင်ရာ ဌာနများမပါဝင်ဘဲ တိုင်းဒေသကြီးအဆင့်မှ ကျွမ်းကျင်ပညာရှင်များပါဝင်သော အဖွဲ့ဖြင့် အဆင့်မြင့်တိုင်းတာရေးစက်များ အသုံးပြုကာ တိုင်းတာနိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဦးခင်မောင်လတ်၊ မြန်အောင် မဲဆန္ဒနယ်က မေးမြန်းသော မြန်အောင်မြို့နယ်၊ တောင်ရိုးဒေသ ထိန်သေးကုန်း မြေပြာအင်ပင်လမ်းပေါ်ရှိ ရေသိုးချောင်းတံတားအား အမာခံတံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက အရှည်(၆၀)ပေ ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
- ဦးသန်းအောင်၊ ငပုတော မဲဆန္ဒနယ်က မေးမြန်းသော ငပုတောမြို့နယ်၊ ချောင်းဝ ကျေးရွာနှင့် အောက်သောင်ကျေးရွာသို့ ဆွယ်သွယ်သော ပျက်စီးနေသည့် တံတားအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အမီ ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ တင်ပြထားခြင်းမရှိပါသဖြင့် နောက်ပိုင်းဘဏ္ဍာနှစ်ကာလများတွင် ရန်ပုံငွေ ရရှိမှုပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
- ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီး၊ ကလေး မဲဆန္ဒနယ်က မေးမြန်းသော ကလေးမြို့နယ်အတွင်း မြစ်သာမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာချင်းဆက်လမ်း ပိုင်းများအား တစ်ဆက်တစ်စပ်တည်း သွားလာနိုင်ရေးအတွက် မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ကျေးလက်လမ်းစာရင်းတွင် ပါဝင်ခြင်းမရှိသေးပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် ဌာနပိုင်လမ်းများအဖြစ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ရန်ပုံငွေများ တင်ပြတောင်းခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
- ဦးမောင်မောင်၊ ထီးချိုင့် မဲဆန္ဒနယ်က မေးမြန်းသော ထီးချိုင့်မြို့နယ်ရှိ ခုတင် ၅၀ ဆံ့ ဆေးရုံသစ်အား မည်သည့်အချိန်တွင် ဖွင့်လှစ်မည်နှင့် လက်ရှိအသုံးပြု နေသော ဆေးရုံဟောင်းအား မည်သို့ဆက်လက် အသုံးပြုမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ခုတင် ၅၀ ဆံ့ ဆေးရုံအသစ်အား ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်တွင် ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် လက်ရှိအသုံးပြုလျက်ရှိသော ဆေးရုံဟောင်းမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ရောဂါတိုက်ဖျက်ရေးဌာန၊ မိခင်ကလေးကျန်းမာရေးဌာန၊ ကျောင်းကျန်းမာရေးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာန၊ တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးဌာန၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ ဆီးချို သွေးတိုးရောဂါ တိုက်ဖျက်ရေးလုပ်ငန်း၊ ဖွား/သေစာရင်း လုပ်ငန်းများနှင့် အတူ ပြင်ပလူနာကုသရေးဌာနအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
- ဦးဉာဏ်လင်း၊ ရွှေပြည်သာ မဲဆန္ဒနယ်က မေးမြန်းသော ရွှေပြည်သာမြို့နယ်တွင် ဘောလုံးကွင်းနှင့် ယှဉ်တွဲ၍ လေ့ကျင့်ရေးပစ္စည်းများနှင့်အတူ ပြေးခုန်ပစ် အားကစားကွင်း တစ်ကွင်းကို ၂၀၂၀-၂၀၂၁ ခု ဘတ်ဂျက်နှစ်တွင် တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဦးစားပေးအနေဖြင့် အားကစားရုံတစ်ရုံကို စတင်ခွင့်ပြုပေးပြီး ပြေးခုန်ပစ်အားကစားကွင်းအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေစာရင်းမှ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ဘောလုံးကွင်းနှင့်ယှဉ်၍ တည်ရှိသည့် ပြေးခုန်ပစ် ကွင်းများတွင် လေ့ကျင့်ခွင့်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာသို့ တင်ပြဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဒေါက်တာအေဇင်လတ်၊ ရွှေဘို မဲဆန္ဒနယ်က မေးမြန်းသော ကျန်းမာရေးနှင့် ညီညွတ်သော သောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူး သယ်ယူရောင်းချခြင်း စနစ်ဖြစ်စေရန် မည်သို့ပညာပေး ကြီးကြပ်ဆောင်ရွက်နေသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က လုပ်ငန်းစီမံချက်အား ၂၀၂၀ ပြည့်နှစ် မတ်လမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် (၁၁)ကြိမ် ပြုလုပ်ခဲ့ပြီး သင်တန်းသား ၅၀၃ ဦး တက်ရောက်ခဲ့ပါကြောင်း၊ ကချင်ပြည်နယ် လစဉ်စီမံချက်များရေးဆွဲ၍ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း၊ ကရင်ပြည်နယ် သောက်ရေသန့်လုပ်ငန်းရှင်များအသင်းအား ဖွဲ့စည်း၍ ပညာပေးသင်တန်းများ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နှစ်ကြိမ် ဆောင်ရွက်ပေးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရေသန့်လုပ်ငန်းများအား သင်တန်းပို့ချရေး သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်ချက်ဖြင့် Bottle Drinking Water Safety Project ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ရှောင်တခင်စစ်ဆေးနိုင်ရေးအတွက် မြို့နယ်အစား ဆေးဝါး ကော်မတီများနှင့် ဆွေးနွေး၍ စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော သောက်ရေသန့်လုပ်ငန်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းစနစ် ပေါ်ထွက်လာစေရန်အတွက် ထုတ်လုပ်သူ၊ ဖြန့်ဖြူးရောင်းချသူ၊ စားသုံးသူများသိရှိလိုက်နာရန်အတွက် ဝက်ဆိုဒ်များ၊ လူမှုကွန်ယက်စာမျက်နှာတွင် အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။ (အဆိုပါမေးခွန်းကို နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေသည့်မေးခွန်းဟု လွှတ်တော်ဉက္ကဋ္ဌက သတ်မှတ်ခဲ့ပြီး မေးခွန်းနှင့်ဖြေကြားချက်များကို နိုင်ငံတော်ပြန်တမ်းနှင့် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းဖော်ပြပါမည်)
- ဦးဇော်မင်းသိန်း၊ လေးမျက်နှာ မဲဆန္ဒနယ်က မြန်မာနိုင်ငံ၏ ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ (၅)နှစ် စီမံကိန်း (Multi Sectoral National Plan of Action on Nutrition MS- NPAN) ဆောင်ရွက်နေမှုများကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ (၅)နှစ် စီမံကိန်း ကာလကို ပထမနှစ်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် စီမံကိန်းများ ရေးဆွဲခြင်း၊ ဒုတိယနှစ်(၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်မှ စက်တင်ဘာလအထိ)၊ တတိယနှစ်(၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်မှ စက်တင်ဘာလအထိ)၊ စတုတ္တနှစ်(၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်မှ စက်တင်ဘာလအထိ)ကို အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ကဏ္ဍပေါင်းစုံမှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ပဉ္စမနှစ် (၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်မှ စက်တင်ဘာလအထိ) ကိုလုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု သုံးသပ်ဆန်းစစ်ခြင်းလုပ်ငန်းများကို ဆက်စပ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဦးပိုက်ကို၊ ပခုက္ကူ မဲဆန္ဒနယ်က မေးမြန်းသော ပခုက္ကူမြို့နယ်၊ မန်ကျည်းပင်ပု ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြည်ထောင်စုအစိုးရအဖွဲ့၏ မူဝါဒ၊ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးမှသာ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် မကျည်းပင်ပုကျေးရွာ တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ်တိုးချဲ့ဖွင့်လှစ်ခွင့် ရရှိရန် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(ခ) ဉပဒေကြမ်း(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တင်သွင်းသည့် ရေနံစူးစမ်းရှာဖွေခြင်း၊ ရေနံတူးဖော်စမ်းသပ်ခြင်းနှင့် ရေနံထုတ်လုပ်ခြင်းဆိုင်ရာ ဉပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာပါသည်။
(ဂ) အဆို(၁)ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ဒေါက်တာဦးအေးမင်း၊ ခရမ်း မဲဆန္ဒနယ်က တင်သွင်းသည့် ပုဂ္ဂလိက ပြင်ပဆေးကုခန်း ဆရာဝန် (G.P- General practitioner- အထွေထွေရောဂါကုဆရာဝန်)များ၊ အခြား ကျန်းမာရေးဆိုင်ရာပညာရှင်များနှင့် ဒေသတွင်း စိတ်ပါဝင်စားသူများပါဝင်သည့် စား/သုံး / နေထိုင်မှုဆိုင်ရာ ကျန်းမာရေး အသိပညာပေးအဖွဲ့ကဲ့သို့သော အဖွဲ့များဖွဲ့စည်း၍ ပြည်သူ လူထုအတွင်း ကျန်းမာရေးဆိုင်ရာ အသိပညာများ ထိထိရောက်ရောက်၊ ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ဝေပေးခြင်းဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ပါသည်။
၃။ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၅၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပမည့် ရက်ကို ၆-၈-၂၀၂၀ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
