ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃၀ ရက် )
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၀ )ဦး အနက် ( ၃၇၁)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၉)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးယန်ကျင်းကန်၊ ကွမ်းလုံ မဲဆန္ဒနယ်က မေးမြန်းသော ကွမ်းလုံမြို့နယ်အတွင်းရှိ နိမ့်တိန်ချောင်း ရေတိုက်စားမှုကြောင့် နေရာ(၉)ခု ကမ်းပြိုမှုများဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနက ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်ရန်ရှိသည့် ကမ်းပြိုကာကွယ်ရေးနှင့် ရေလွှမ်းမိုးမှု ကာကွယ်ရေး လုပ်ငန်း(၅၉) ခုသည် ဦးစားပေးစာရင်းတွင်ပါရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှှ စတင်ပြီး ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ် မဲဆန္ဒနယ်က မေးမြန်းသော နိုင်ငံတော် အစိုးရမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သည့် ယာဉ်များကို အရေးယူဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့ လျင်မြန်စေရန်နှင့် ပွင့်လင်း မြင်သာမှုရှိစေရန် (Digital Payment System)ဖြင့် ပြောင်းလဲဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဉပဒေချိုးဖောက်သူကိုယ်တိုင် ဒဏ်ကြေးငွေပေးဆောင်စေခြင်းမှာ သက်ဆိုင်ရာတရားရုံးများတွင်သာ ဆောင်ရွက် ရသည့်ကိစ္စဖြစ်ပါကြောင်းနှင့် ဒဏ်ကြေးငွေပေးဆောင်စေခြင်းကို (Digital Payment System)ဖြင့် ပြောင်းလဲဆောင်ရွက်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့အနေဖြင့် ဆောင်ရွက်ရန် အစီအစဉ် မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဦးခင်မောင်သိန်း၊ စစ်ကိုင်း မဲဆန္ဒနယ်က မေးမြန်းသော နှစ်ပေါင်း(၉၀)ကျော် သက်တမ်းရှိသည့် ဧရာဝတီမြစ်ကူးတံတားဖြစ်သော စစ်ကိုင်းတံတား(အင်းဝ)အား ဆေးအသစ်သုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက (၂-၆-၂၀၂၀) ရက်နေ့မှစ၍ ချေးချွတ်ခြင်း၊ ဆေးသုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၂၇-၇-၂၀၂၀) ရက်နေ့အထိ ၇၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန်ကျန်ရှိ သည့်လုပ်ငန်းများကို ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွင့်ပြုချက် ရရှိပါက ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဦးခွန်သန်းထူး၊ ဆီဆိုင် မဲဆန္ဒနယ်က မေးမြန်းသော ဆီဆိုင်မြို့နယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ နားလွယ်ရွာမှ ပန်းညင်၊ ဖိုင်ကွမ်း၊ ဖိုင်လင်းထိ ကျန်ရှိသော လမ်းပိုင်း(၂)မိုင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်ထည့်သွင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက လမ်းအဆင့်သတ်မှတ်ချက် Class(A)၊ ဦးစားပေးအဆင့်(၁) လမ်းစာရင်းတွင်ပါဝင်သဖြင့် ကျန်ရှိသော ကျောက်ချော လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
- ဦးမျိုးဇော်ဦး၊ လယ်ဝေး မဲဆန္ဒနယ်က မေးမြန်းသော Third Party များ၏ ဖွဲ့စည်းပုံ၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် မည်သည့်မူဝါဒ၊ လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်နေသည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက အရည်အသွေး စစ်ဆေးရေးအဖွဲ့များသည် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး ပြည့်မီရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စစ်ဆေးသူလက်စွဲများ (Inspector’s Manual) သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ထုတ်ပြန်ထားသော Guidelines နှင့် Check List များအတိုင်း စစ်ဆေးရပါကြောင်းနှင့် Third Party နှင့်ပတ်သက်သော ဆောင်ရွက်ရမည့် အချက်များ၊ လိုက်နာရမည့်အချက်များ၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ အရေးယူရမည့် အချက်များနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အဆောက်အအုံ ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဉပဒေ(မူကြမ်း) ရေးဆွဲပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဦးခင်မောင်မြင့်၊ ရပ်စောက် မဲဆန္ဒနယ်က မေးမြန်းသော ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုနှင့် မြင်တောင်ကျေးရွာအုပ်စုတို့ကို ဆက်သွယ် ထားသော ပင်ဖြစ်- တောင်ချွန်လမ်း (၁၁)မိုင်ကို အမာခံ ကျောက်ချောလမ်း အဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ပင်ဖြစ်-လှည်းတိုး- ဗမာတိုး- ပုန်းရွာ- တောင်ချွန်- ရှားပင်ရေ- အင်ပုလမ်းမှ လမ်းအရှည် (၁)မိုင်အား ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်းနှင့် တောင်ချွန်- ပင်စိမ်းပင်- ဆင်သေလမ်းအား အဆင့်မြှင့်တင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နောက်ပိုင်းကာလများတွင် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဦးသိန်းထွန်း၊ ကျောင်းကုန်း မဲဆန္ဒနယ်က မေးမြန်းသော ကျောင်းကုန်းမြို့နယ်ရှိ စာဖြူစု- ဂနိမ်းလေး ကျေးရွာချင်းဆက်မြေသားလမ်းမကြီးအား ရာသီမရွေး သွားလာနိုင်သော ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နောက်ပိုင်းကာလများ၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဦးသာအောင်၊ မြို့သစ် မဲဆန္ဒနယ်က မေးမြန်းသော နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တည်ဆောက်ထားသော ကျေးရွာချင်းဆက်လမ်းများအား လမ်းအမျိုးအစားအလိုက် စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးကြီးကြပ်ပေးရန်နှင့် ပျက်စီးသွားသော လမ်းများအား ပြုပြင်ထိန်းသိမ်းစရိတ် ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ဌာနအနေဖြင့် Quality Control အတွက် QC Lab ထားရှိပြီး အရည်အသွေး စစ်ဆေးခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းထားသော Third Party စစ်ဆေးရေးအဖွဲ့များဖြင့် အရည်အသွေးစစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေး စရိတ်များကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေများဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်များမှစ၍ လုပ်ငန်းများကို စနစ်တကျ ဆောက်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဒေါ်တင်တင်ရီ၊ ကျွန်းစု မဲဆန္ဒနယ်က မေးမြန်းသော ကျွန်းစုမြို့နယ်၊ အညင်းကျေးရွာနှင့် ဘုရားထွက်ကျေးရွာသို့ ဆက်သွယ်ထားသည့် တံတား(၁၇၀၀')အား မည်သည့် အချိန်တွင် တည်ဆောက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရန်ပုံငွေတွင်မပါရှိသည့်အတွက် နောက်ပိုင်းကာလများတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(ခ) ဉပဒေကြမ်း(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တင်သွင်းသည့် တိုက်ရိုက်ရောင်းချခြင်း ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြု ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၁၉၁ အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာပါသည်။
(ဂ) အဆို(၁)ခု တင်သွင်းခြင်း
မြန်မာနိုင်ငံတစ်ဝန်းတွင် ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆဖြစ်မှုများကြောင့် သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ တဖြည်းဖြည်း မြင့်တက်လာနေပါသောကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ အရေးယူခြင်းများကို ယခုထက်ပို၍ ထိထိရောက်ရောက် အရှိန်မြှင့်ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဦးမင်းသိန်း၊ တောင်တွင်းကြီး မဲဆန္ဒနယ်က တင်သွင်းပြီး ဦးနေထက်ဝင်း၊ ဆင်ပေါင်ဝဲ မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၄-၈-၂၀၂၀ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
၃။ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပမည့်ရက်ကို ၄-၈-၂၀၂၀ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
