ကျောင်းကုန်းမြို့နယ်၊ စာဖြူစု-ဂနိမ်းလေးကျေးရွာချင်းဆက်လမ်းသည် ကျောင်းကုန်းမြို့နယ်၊ အစုကြီးကျေးရွာမှ စာဖြူစုကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးအထိကျေးရွာပေါင်း ၁၄ ရွာ၊ အိမ်ခြေပေါင်း ၂၅၀၀၀ ကျော်အသုံးပြုနေသော လူသွားလမ်းတစ်ခု ဖြစ်ပါကြောင်း၊ ယခင်က ၎င်းလူသွားလမ်းသည် ကန်သင်းလမ်းသာသာရှိပါကြောင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ရပ်မိရပ်ဖများစုပေါင်းပြီး အလှူငွေများ တောင်းခံ၊ မြေသားများအလှူခံပြီး ကွင်းကြီးကျေးရွာအုပ်စု မြေသားလမ်းအကျယ် ၁၈ ပေ၊ အမြင့် သုံးပေ၊ ပေ ၁၀၀၀၀ ဖြင့် ဂရက်ဝန်းကြီးကျေးရွာမှ အစုကြီးကျေးရွာအုပ်စု၊ ဂနိမ်းလေးကျေးရွာအထိ မြေသားလမ်းအကျယ် ၁၈ ပေ၊ အမြင့် သုံးပေ၊ ပေ ၂၀၀၀၀ စုစုပေါင်းပေ ၃၀၀၀၀ ကို အလှူငွေကလည်း ၁၆၅ သိန်းခန့် ကုန်ကျပါကြောင်း၊ ထိုနေရာတွင်ရှိသော လယ်မြေများကိုလည်း လယ်သမားများက စုစုပေါင်း ၁၄/၁၅ ဧကခန့်ကိုလှူဒါန်းပြီး အလှူငွေများဖြင့်ဖောက်ခဲ့သည့်လမ်းကြီး ဖြစ်ပါကြောင်း၊ ၎င်းလမ်းကြီး သည် စာဖြူစုကျေးရွာ၊ တူးမြောင်းကျေးရွာ၊ အနောက်ဝေါမိကျေးရွာ၊ ဂရက်ဝန်းလေးကျေးရွာ၊ ဂရက်ဝန်းကြီးကျေးရွာ၊ ပင်းကရက်ကြီးကျေးရွာ၊ ငှက်ရိုးကျေးရွာ၊ သပြေပင်ကျေးရွာ၊ ဂနိမ်းလေး ကျေးရွာ၊ အောင်ပန်းကျောင်းကျေးရွာ၊ ပျားစလပ်ကျေးရွာ၊ ကြို့ပင်စေ့ကျေးရွာ၊ မန်ကြီးတန်း ကျေးရွာနှင့် အဆူကြီးကျေးရွာတို့ဖြစ်ပါကြောင်း၊ ရွာပေါင်း ၁၄ ရွာခန့် အသုံးပြုနေသောလမ်း ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားအများစုနေထိုင်သော ကျေးရွာများလည်းဖြစ်ပါကြောင်း၊ ကျောင်းကုန်းမြို့၊ ကျုံပျော်မြို့၊ ပန်းတနော်မြို့က နယ်စပ်ဖြစ်သည့်ဒေသလည်းဖြစ်သည့်အတွက် အဆိုပါလမ်းကြီးသည် ရာသီမရွေးသွားလာနိုင်သည့်လမ်းဖြစ်မည်ဆိုပါက တောင်သူလယ်သမားများ၊ ကုန်ထုတ်သည့်အနေအထားများ၊ ကျောင်းသူကျောင်းသားများ သွားလာနိုင်သည့် လမ်းတစ်ခုဖြစ်ပါ ကြောင်း၊ ၎င်းလမ်းက တကယ်တမ်းပြီးသွားပြီဆိုပါက ကျောင်းကုန်း-ကျုံပျော်လမ်းနှင့် ပုသိမ်-ရန်ကုန်လမ်းမကြီးနှင့် ဖြတ်သွားသည့် လမ်းကြောင်းတစ်ခုဖြစ်လာမည်ဖြစ်သည့်အတွက် ၎င်းလမ်းမ ကြီးကို တည်ဆောက်ပေးမည်ဆိုပါက ကျောင်းသူကျောင်းသားများ၊ အများပြည်သူများ ကုန်ထုတ် လမ်းအဖြစ် သွားလာနိုင်မည်ဖြစ်သည့်အတွက်ကြောင့် ကျောင်းကုန်းမြို့နယ်ရှိ စာဖြူစု-ဂနိမ်းလေး ကျေးရွာချင်းဆက်မြေသားလမ်းမကြီးအား ရာသီမရွေးသွားလာနိုင်သော ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုကြောင်း မေးမြန်းပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ စာဖြူစု-ဂနိမ်းလေးကျေးရွာချင်းဆက် မြေသားလမ်း ၅/၆ မိုင်သည် ရန်ကုန်-ပုသိမ်လမ်းမကြီးနှင့် ဆက်သွယ်သည့်လမ်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် လမ်းအဆင့်သတ်မှတ်ချက် Class (A)၊ ဦးစားပေးအဆင့် (၂) လမ်းဖြစ်ပြီး ကျေးရွာပေါင်း ၂၃ ရွာ၊ အိမ်ခြေပေါင်း ၂၈၀၀ ကျော်၊ လူဦးရေပေါင်း ၁၀၀၀၀ ကျော်ကို အကျိုးပြုသည့်လမ်းဖြစ်ပါကြောင်း၊ သို့သော်လည်း အဆိုပါလမ်းကို မြှင့်တင်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေမပါရှိခဲ့သည့်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလ များတွင် ရန်ပုံငွေထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
ဦးသိန်းထွန်း(ကျောင်းကုန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
လယ်ပိုင်ရှင်များကလည်း လယ်များကိုလှူဒါန်းထားပါကြောင်း၊ ပြည်သူများလည်း အိတ်ထဲက ငွေကို ထည့်ဝင်စိုက်ပြီးလုပ်သည့်လမ်းမကြီးတစ်ခု ဖြစ်ပါကြောင်း၊ ကျောင်းကုန်းမြို့နယ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ရောက်လာပါကြောင်း၊ မိမိတို့အင်အား ၅၀၀ ကျော်နှင့်တွေ့ပါကြောင်း၊ စာဖြူစုလမ်း-ဂနိမ်းလေးလမ်းကို ပြည်သူလူဦးရေ ၅၀၀၊ ၆၀၀ ခန့်က တင်ပြသည့်အခါ ယခုလက်ရှိ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ၂၀၂၀-၂၀၂၁ ဘတ်ဂျက်တွင် JICA အစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်ဆိုပြီး ကတိကဝတ်ပြုခဲ့ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အားလုံး သိသည့်အတိုင်း ၎င်း၏ခရီးစဉ်များတွင် တောက်လျှောက်ကတိကဝတ်ပြုခဲ့သည့် လမ်းဖြစ်ပါကြောင်း၊ ပြည်သူများကလည်း ထိုအချိန်ကတည်းကရပြီဆိုပြီး တွန့်သွားပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကဖြစ်ပါကြောင်း၊ မိမိတို့၏လူကြီးတစ်ယောက်၏ခရီးစဉ်တွင် ကတိပြုခဲ့သော ကတိကဝတ် ကြီးကိုလည်း ပြည်သူများကသိပြီး ဖြစ်သော်လည်း ဘတ်ဂျက်ထဲတွင် ပါမလာပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနတွင် ဘတ်ဂျက်များကိုကြည့်မည်ဆိုပါက Criteria အရ ဌာနကသတ်မှတ်ထားသော ဥပမာ- အန္တရာယ်ရှိသည့်ကျောင်း၊ ဥပဓိရုပ်မကောင်းသည့်ကျောင်း၊ ကျောင်းသားနှင့် မမျှသည့်ကျောင်း များပေးသလို လွှတ်တော်၏ကတိကဝတ်အရလည်းပေးတာရှိသလို သက်ဆိုင်ရာဌာန၏ အကြီးအကဲ များ၊ ပြည်ထောင်စုဝန်ကြီးအဆင့်များ၊ တိုင်းဒေသကြီးဝန်ကြီးအဆင့်များ၊ ညွှန်ကြားရေးမှူးချုပ်များ သွားသည့်ခရီးစဉ်တွင်လည်း ညွှန်ကြားချက်များဆိုသည့်ခေါင်းစဉ်တစ်ရပ် ပါလာပါကြောင်း၊ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ခရီးစဉ်တွင် တစ်မြို့နယ်လုံးရှိ အားလုံးသောသတင်းများကြားထဲတွင် ၂၀၂၀ -၂၀၂၁ ဘတ်ဂျက်တွင် JICA အစီအစဉ်ဖြင့်ပေးမည်ဟုကတိကဝတ်ပေးပြီးခါမှ ယခုဘတ်ဂျက်ကြီးတွင် ပါမလာသည့်အတွက် နိုင်ငံတော်အကြီးအကဲ၏ရှေ့တွင်တည်ထားသော ကတိကဝတ်ကိုပေးနိုင်ရန် ယခုဘတ်ဂျက်ကြီးတွင် မပါတော့ပါက ထည့်၍မရပါကြောင်း၊ သို့သော် မည်သည့်နည်းလမ်းဖြင့် ရမည်နည်း၊ အစိုးရလည်း ကတိကဝတ်တည်အောင်၊ နိုင်ငံတော်၏အတိုင်ပင်ခံရှေ့တွင်ပေးသွားမည် ဆိုသည့် ကတိကဝတ်ကြီးသည်မရရှိသည့်အတွက် အခြားနည်းလမ်းများနှင့်လာမည့်ဘတ်ဂျက် ၂၀၂၀-၂၀၂၁ ဘတ်ဂျက်တွင်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း
JICA ၏အစီအစဉ်ဖြင့် JICA ချေးငွေ Poverty Reduction ဆိုသည်မှာရှိပါကြောင်း၊ Face One တုန်းကလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တိုင်းတစ်တိုင်းတည်း မဟုတ်ပါကြောင်း၊ JICA ၏အစီအစဉ်အရ လမ်း၊ တံတားများဖောက်လိုက်ပါက ၎င်းဒေသ၏ ဆင်းရဲမှုနှုန်းလျော့ကျ သွားမည်ဆိုသည့် ကျန်သည့် Socio economic evaluation များနှင့်တိုင်းတာတွက်ချက်ပြီး အနိမ့်ကျဆုံး၊ အဆင်းရဲဆုံးဒေသများကို လိုက်ရှာပါကြောင်း၊ value လိုက်ရှာရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များက ဒေတာများပေးပါကြောင်း၊ ၎င်းတိုင်းဒေသကြီးတွင် အဆိုပါနေရာ သည်အနိမ့်ကျဆုံး၊ အဆင်းရဲဆုံးဖြစ်သည်ဆိုပြီးပေးသည့်အခါ JICA Consultant များကဆင်းပြီး စစ်သည့်အခါ ဧရာဝတီတိုင်းဒေသကြီးကပေးသော JICA Land နေရာများ ရှိပါကြောင်း၊ တစ်ပြိုင်နက်တည်းတွင် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးစသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ပေးကြသည့်အခါ JICA က ဖွံ့ဖြိုးမှုအနောက်ကျဆုံး၊ ဆင်းရဲမှု အနိမ့်ကျဆုံးဆိုသည့် Value နှင့်တိုင်းပြီး အဆိုပါနေရာများကို ဦးစားပေးခြင်းဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၏လမ်းများက ၎င်းတို့၏ Measurement ထဲတွင်ဖွံ့ဖြိုးတိုးတက်မှုက အခြား တိုင်းဒေသကြီးများက ပိုပြီးနောက်ကျနေသည့်အတွက် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များကို JICA ကဦးစားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ JICA Consultant နိုင်ငံခြားသားပညာရှင်များက ကွင်းဆင်း စစ်ဆေးတိုင်းတာပြီး ဆောင်ရွက်သည့်ကိစ္စများ ဖြစ်ပါကြောင်း၊ သို့သော်လည်း JICA ကအလှည့်ကျ တစ်ချိန်တွင်ရောက်လာမည်ဖြစ်ပါကြောင်း၊ ရောက်မလာမီ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနောက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အဆိုပါလမ်းကြီးကိုထည့်သွင်းဆောင်ရွက်ပေးပါမည်ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က အကြောင်းပြန်ကြားထားသည့်အတွက် ၂၀၂၀-၂၀၂၁ နောက်ပိုင်းဘတ်ဂျက်ကာလများတွင် JICA ကိုမစောင့်တော့ဘဲ ဧရာဝတီတိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
