(ဈ)-ကျောက်တန်းမြို့နယ်ကျုံကန်တိုက်နယ်ဆေးရုံတည်ဆောက်ခြင်းလုပ်ငန်းပြီးဆုံးအောင်ဆောင်ရွက်ခြင်းမရှိဘဲငွေအပြည့်ထုတ်ပေးခဲ့သောနိုင်ငံ့ဝန်ထမ်းများကို စိစစ်အရေးယူ ပေးပါရန် တိုင်ကြား ထားသည့် ကိစ္စနှင့်စပ်လျဉ်း၍အခြေအနေမှန်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၈.၇.၂၀၂၀)

ကျုံကန်ဆေးရုံ တည်ဆောက်ခြင်း လုပ်ငန်းသည် ဆေးရုံပြီးဆုံးစေရန် တည်ဆောက်ခြင်းမရှိ ‌ငွေ အပြည့်ထုတ်‌ပေးခဲ့သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသည့် ဝန်ထမ်းများကို မည်သို့အရေးယူ ဆောင်ရွက်ထားနည်း အခြေအနေကို သိရှိလိုသည့်အတွက် မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ ၎င်းဆေးရုံသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခင်အစိုးရ လက်ထက်တင်ဒါအောင်မြင်ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် စပြီးလုပ်ငန်းအကောင်အထည်ဖော် ခဲ့သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် နောက်ထပ် သန်း ၄၂၀ ထပ်မံ ခွင့်ပြုခဲ့ပါကြောင်း၊ ၎င်းဆေးရုံတည်ဆောက်ခြင်းလုပ်ငန်းတွင် အဆင်ပြေမှုမရှိခဲ့သည်ကို ကွင်းဆင်း သည့်အတွက် မြို့နယ်တွင် တာဝန်ရှိသည့်သူများနှင့် စုံစမ်းမေးမြန်းသည့် အချိန်တွင် ၇၅ ရာခိုင်နှုန်း သာထုတ်ပေးထားသည်ကို သိရပါကြောင်း၊ ဆေးရုံတွင် အလုပ်သမားများကို လုပ်အားခမရှင်းသည့် အတွက် ၎င်းဆေးရုံရှိ အလုပ်သမားများစားစရာမရှိသည့်အတွက် မိမိတို့ကျေးရွာမှဝိုင်းဝန်း ထောက်ပံ့ ကျွေးမွေးလိုက်ရသည့် တာဝန်ယူမှုမရှိသည့် ကုမ္ပဏီဖြစ်ပါကြောင်း၊ သို့သော် မိမိတို့လွှတ်တော် အစည်းအဝေးကနားသည့်အချိန် ကွင်းဆင်းသည်အချိန်တွင် မြို့နယ်ကတာဝန်ရှိသည့်သူများက ၎င်းဆေးရုံကို ၁၀၀ ရာခိုင်နှုန်းထုတ်ပေးလိုက်ပြီဟု သိရပါကြောင်း၊ မိမိတို့သည် ပြဿနာများ ပေါင်းစုံဖြေရှင်းပြီး မြို့နယ်အဆင့်တွင် ဆောင်ရွက်နေရသည့် လုပ်ငန်း ဖြစ်ပါကြောင်း၊ ကုမ္ပဏီကို ကြယ်ပွင့်မပြ မေးခွန်းများအရ ကုမ္ပဏီကို တရားစွဲထားခြင်း၊ Black List သွင်းထားခြင်းများ၊ ထို့ပြင် ဒဏ်ကြေး ၂၀,၀၀၀ ပေးဆောင်ခြင်းဆိုသည့် အကြောင်းကြားစာများရပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိ ဝန်ကြီးဌာနသည် စီစဉ်ကြီးကြပ်ပေးမှုများကို ကျေးဇူးတင်ပါကြောင်း၊ သို့သော် လုပ်ငန်း ပြီးဆုံးစေရန် ဆောင်ရွက်ခြင်းမရှိ ငွေအပြည့်ထုတ်ပေးလိုက်သည့် အပေါ်တွင်မိမိတို့ နိုင်ငံ့ဝန်ထမ်း များ တာဝန် ရှိပါကြောင်း၊

မိမိယခုမေးခွန်းကို မေးသည့်အချက်သည် ဆေးရုံတစ်ရုံ အပြီးတည်ဆောက်ခြင်းထက်ကိုပိုပါကြောင်း၊ ဆုံးရှုံးသွားသည့်မိမိတို့ပြည်သူ၏ယုံကြည်မှုကိုတည်ဆောက်ရန်ဖြစ်ပါကြောင်း၊ အဂတိ ကင်းသည့် စနစ်တစ်ခုတည်ဆောက်ရန်အတွက် စီစဉ်ဆောင်ရွက်လိုသည့်အတွက် ဖြစ်ပါကြောင်း၊ မိမိတို့သည် ပြည်သူ့ဘတ်ဂျက်၊ ပြည်သူ့အတွက် ဖြစ်ရမည်ဟု ကတိကဝတ် ပေးခဲ့သည့် မိမိအတွက် အခုအချိန်ထိ ၂၀၁၄ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သည့် ဆေးရုံသည် အခုအချိန်ထိ မပြီးသည့် အပြင် ချုံနွယ်ပိတ်ပေါင်းများနှင့် ဖြစ်သည့်အတွက် လွန်စွာမှအရှက်ရစေပါကြောင်း၊ ထို့ကြောင့် မိမိတို့ပြည်သူများ၏ ယုံကြည်မှုများ ပြန်လည်တည်ဆောက်ရန် ကောင်းမွန်သည့် စနစ်တစ်ခု တည်ဆောက်ရန်အတွက် ဖြစ်ပါကြောင်း၊ ယခုဆေးရုံ တစ်ခုတည်း မဟုတ်ပါကြောင်း၊ အခြားနေရာ များတွင်လည်း အများကြီးဖြစ်နေသည်ကို တွေ့ရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများကို မည်သို့ စီမံဆောင်ရွက် အရေးယူထားသနည်းဆိုသည့် ကိစ္စပေါ်တွင် သိရှိလိုသည့်အတွက် မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်မြလေးစိန်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျောက်တန်းမြို့နယ် ကျုံကန်တိုက်နယ်ဆေးရုံ ဆောက်လုပ်ခြင်းကို EDU International Co.,Ltd ကို တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တင်ဒါခေါ်ယူ စိစစ်ရွေးချယ်ခဲ့ပြီး စာချုပ်ချုပ်ဆိုသည့် ရက်စွဲမှာ၂၈-၁၁-၂၀၁၄ ရက်နေ့ ဖြစ်ပါကြောင်း၊ စာချုပ်၏ တန်ဖိုးသည် ၅၇၀ ကျပ်သန်းဖြစ်ပြီး လုပ်ငန်းစတင် သည့် ဘဏ္ဍာရေးနှစ်သည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဖြစ်ပါကြောင်း၊ ခွင့်ပြုဘဏ္ဍာငွေသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း ၁၅၀ နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ပေါင်း၄၂၀ ခွင့်ပြုခဲ့ပါကြောင်း၊ ကျောက်တန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ခင်၏ တင်ပြတောင်းဆိုချက်အရ မိမိတို့ ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ငွေပေး ချေမှုကို ၁၅-၁၀-၂၀၁၅ ရက်နေ့တွင် စတုတ္ထအရစ် ငွေပေးချေခဲ့ပြီး ဖြစ်ပါကြောင်း၊ ငွေပေးချေ ခြင်းသည် လုပ်ငန်းများ ပြီးစီးသည်ဟု တင်ပြလာသည့် အတွက် စတုတ္ထအရစ် ပေးချေခဲ့သည်ဟု မိမိတို့ သိရှိရပါကြောင်း၊

သို့သော် ၃၁-၁၀-၂၀၁၅ ရက်နေ့တွင် အဆောက်အဦ အပ်နှံရမည်ဖြစ်သော်လည်း အပ်နှံနိုင်ခြင်း မရှိသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကာလတွင် တိုက်နယ်ဆေးရုံ ဆောက်လုပ်ခြင်း လုပ်ငန်းများကို ၃၀-၆-၂၀၁၆ ရက်နေ့တွင် ရပ်နားထားပါကြောင်း မြို့နယ်ကုသရေး ဦးစီးဌာနမှူး၏ တင်ပြချက်အရ ၁၀-၁၀-၂၀၁၆ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကုသရေး ဦးစီးဌာနမှ အဖွဲ့ဖွဲ့၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆောင်ရွက်ခဲ့သည့် အစီရင်ခံစာ နှင့်အတူ သုံးသပ်အကြံပြုချက်များကို တင်ပြလာပါကြောင်း၊ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှုတွင် လုပ်ငန်းပြီးစီးမှု ၉၀ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ကုမ္ပဏီအား စာချုပ်ပါအတိုင်း ဒဏ်ကြေး ပေးဆောင်ရန်၊ Black List ထည့်သွင်းရန် အကြံပြု တင်ပြခဲ့ခြင်း အဆိုပါ အကြံပြုချက်များအရ လုပ်ထုံးလုပ်နည်းနှင့်အညီအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၏ ‌မေးမြန်းချက်အပေါ် ဖြေကြားခဲ့ပါကြောင်း၊

စာချုပ်ပါစည်းကမ်းများအရ အရေးယူရန်လည်း ညွှန်ကြားဆောင်ရွက် ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ အရေးယူရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း ကုမ္ပဏီမှ အသနားခံစာ တင်ပြ ခြင်း၊ အပြီးသတ်လုပ်ငန်းများ ဆောင်ရွက်ရန် ၃၀-၆-၂၀၁၇ ရက်နေ့တွင် ကတိ ဝန်ခံစာအား ပူးတွဲ၍ ကတိပြုခြင်းများအရ လုပ်ငန်းပြီးစီးရေးအတွက် ဒေသညှိနှိုင်းမှုဖြင့် ဆောင်ရွက်ခဲ့ရာ ၇-၈-၂၀၁၇ ရက်နေ့မှစ၍ အချိန်ကာလတစ်ခုအထိ ကြာမြင့်ခဲ့သည်ကို တွေ့ရှိရ ပါကြောင်း၊ ကုမ္ပဏီ၏ လုပ်ငန်း ပြီးစီး ဆောင်ရွက်ခြင်း မရှိသဖြင့် တရားဥပ‌ဒေနှင့်အညီ တရားစွဲဆိုရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး ဥပဒေရုံးသို့ ဥပဒေရှုထောင့်အရ အကြံပြုချက် ညှိနှိုင်းခြင်းကို ၁၆-၁၀-၂၀၁၇ ရက်နေ့တွင် လည်းကောင်း၊ ၁၆-၁-၂၀၁၈ ရက်နေ့တွင် ဗဟန်းမြို့နယ် မြို့မရဲစခန်း၌ အမှုဖွင့် အရေးယူပေးရန် တိုင်ကြားခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်းနှင့် လုပ်ထုံးလုပ်နည်းအရ တရားမမှုဖြင့်သာ တရားစွဲ ဆိုရမည်ဖြစ်၍ တိုင်းဒေသကြီး ဥပဒေအရာရှိ၏ ဥပဒေရှုထောင့် အကြံပြုချက်အရ အ‌ရေးယူ ဆောင်ရွက်ရန် စီစဉ်ခဲ့ပါကြောင်း၊ ကုမ္ပဏီအား တရားစွဲဆိုရေးအတွက် လုပ်ငန်းစဉ်များအရ စီစဉ် ဆောင်ရွက်ရာတွင် လိုအပ်သည့်အခြေအနေ၊ အချက်အလက်များအား စုစည်းပြင်ဆင်ရသဖြင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ကုမ္ပဏီသို့ ၂၀-၈-၂၀၁၈ ရက်နေ့တွင် Notice စာပေးပို့ အကြောင်းကြားခဲ့ပါကြောင်းနှင့် အဆိုပါ Notice စာပေးပို့ရာတွင် ကုမ္ပဏီသည် မူလလိပ်စာ၌ ရုံးခန်းဖွင့်လှစ်ထားခြင်း မရှိတော့ပါသဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အကူအညီ တောင်းခံစိစစ်ခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ကုသရေးဦးစီးဌာနများသို့ အကြောင်းကြား၍ ရှာဖွေခြင်းများကို ဆောင်ရွက်ခဲ့ရသဖြင့် တရားစွဲဆိုရန် အချိန်ကာလ ကြာမြင့်ခဲ့ပါကြောင်း၊ ကုမ္ပဏီအား တရားစွဲဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ ပူးပေါင်းကူညီမှုဖြင့် ရှာဖွေခဲ့ရာ ၁၈-၂-၂၀၁၉ ရက်နေ့တွင် Notice စာအား ကုမ္ပဏီသို့ ပေးပို့ဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ EDU Company တာဝန်ခံသည် ကျုံကန်တိုက်နယ် ဆေးရုံအား ၁၀၀ ရာခိုင်နှုန်းပြီးစီးအောင် ပြန်လည်တည်ဆောက်ခွင့်ပြုပါရန်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်သည့် အချိန်မှ စ၍ ငါးလအတွင်းပြီးစီးစေရန် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ၆-၃-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးဦးစီးဌာနသို့ လာရောက်တင်ပြခဲ့သည်ကို သိရှိရပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ၃၁-၅-၂၀၁၉ ရက်နေ့တွင် ၎င်းတင်ပြလာမှု အစီရင်ခံ စာကို တင်ပြပြီးနောက်ပိုင်းတွင် လာရောက်ဆက်သွယ်ခြင်း မရှိပါကြောင်း ဆက်သွယ်၍မရပါ သဖြင့် တရားစွဲဆိုမှု ပြုနိုင်ရန် လမ်းညွှန်မှု ခံယူခဲ့ပါကြောင်း၊ ကုမ္ပဏီအား ရန်ကုန်(တောင်ပိုင်း) ခရိုင်တရားရုံး၌ ၆-၈-၂၀၁၉ ရက်နေ့တွင် တရားမကြီး အမှုအမှတ်(၁၂၉/၁၉)ဖြင့် တရားစွဲဆို ဆောင်ရွက်ခဲ့ရာ ယခုအချိန်အထိ ရုံးချိန်းပေါင်း ခုနစ်ကြိမ်ခန့် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ တရားစွဲဆိုရေး ဆောင်ရွက်စဉ် ကာလအတွင်း တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးမှု မရှိခြင်းအပေါ် လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ၁-၈-၂၀၁၉ ရက်နေ့ ရက်စွဲပါ အမိန့်စာအမှတ်(၉၂/၂၀၁၉)ဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဝန်‌ပေးအပ် စစ်ဆေး ခြင်း၊ ၂၂-၁၀-၂၀၁၈ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ ကျောက်တန်း မြို့နယ် ကျုံကန်တိုက်နယ် ဆေးရုံဖွင့်လှစ်ရေး ဖွဲ့စည်းပုံဆိုင်ရာ သဘောထားမှတ်ချက် ရရှိရေး ညှိနှိုင်းခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ၂၇-၈-၂၀၁၉ ရက်နေ့တွင် ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရန် ‌ဒေသအတွင်းညွှန်ကြားခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ တာဝန်ပေးချက်အရ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၁၀-၃-၂၀၂၀ ရက်နေ့တွင် ကျုံကန်တိုက်နယ်ဆေးရုံသို့ ကွင်းဆင်း စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ကျုံကန် တိုက်နယ်ဆေးရုံကို ကွင်းဆင်းစစ်ဆေးသည့်အချိန်တွင် (၁) ဝန်ထမ်း ဖွဲ့စည်းပုံ ရရှိရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သဘောထား မှတ်ချက်ရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက် ခဲ့ပါကြောင်း၊ ၁၅-၆-၂၀၂၀ ရက်နေ့တွင် (၁၆)ခုတင်ဆံ့တိုက်နယ်ဆေးရုံ အဖြစ် တိုးချဲ့ဖွင့်လှစ်ရန် လိုအပ်သော ဝန်ထမ်းဖွဲ့စည်းပုံအင်အားကို အဆိုပြု၍ ဦးစီးဌာနမှ ဝန်ကြီးဌာနသို့ အစီရင်ခံစာ တင်ပြထားပြီး ဖြစ်ပါကြောင်း၊ ပြန်လည်ပြင်ဆင်ခြင်း၊ သီးသန့်တည်ဆောက်ခြင်းကို ဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံတော်နှင့်အတူ အလှူရှင်တစ်ဦးမှလည်း စာဖြင့်တင်ပြလာသည့်အတွက် ညှိနှိုင်း ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လုပ်ထုံးလုပ်နည်း များ နှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊

ကျုံကန်တိုက်နယ်ဆေးရုံ ပြီးစီးတည်ဆောက်ခြင်းမရှိ ‌ငွေအပြည့်ထုတ်ပေးခဲ့သဖြင့် နိုင်ငံ့ဝန်ထမ်းများ အား စိစစ်အရေးယူမှု ကိစ္စအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တိုင်ကြားသည့် ကာလသည် ထိုစဉ်က အတည်ဖြစ်လျက်ရှိသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး‌ဥပဒေ ပြဋ္ဌာန်းပါ အချက်များတွင် တင်ဒါခေါ်ယူခြင်း ကိစ္စ၊ ပြည်သူ့ဘဏ္ဍာ နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ အရေးယူ ဆောင်ရွက်ပိုင်ခွင့် မရှိ‌သေးပါသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် အကျုံးဝင် သက်ရောက်မှု မရှိပါကြောင်း ၁၄-၆-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကော်မတီ အစည်းအဝေးအမှတ်စဉ်(၂၄/၂၀၁၈)မှ ဆုံးဖြတ်ခဲ့မှုကို သဘောထား ပြန်လည်ပေးအပ်ခဲ့ပါကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးမှုမရှိ ငွေပေးချေခဲ့သည့် နိုင်ငံ့ဝန်ထမ်းအား အရေးယူရေး အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ စိစစ်ခဲ့ရာ ၎င်းနိုင်ငံ့ဝန်ထမ်းသည် လက်ရှိတွင် အငြိမ်းစားယူပြီးဖြစ်သော်လည်း တာဝန်ထမ်းဆောင်ခဲ့စဉ်က စီမံခန့်ခွဲမှု အားနည်းခဲ့ခြင်း၊ လုပ်ငန်း ပြီးစီးမှုထက် ပိုမိုထုတ်ပေးသည့် ရန်ပုံငွေအား ပြန်လည် ပေးအပ်နိုင်ရန်အတွက် နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရန် ၂-၆-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီ ညှိနှိုင်း အစည်းအဝေးအမှတ် (၈/၂၀၂၀)ဖြင့် ဆုံးဖြတ်ခဲ့ ပါကြောင်း၊ ၎င်းဆုံးဖြတ်ချက်အရ နိုင်ငံ့ဝန်ထမ်းမှ မြန်မာ့စီးပွားရေးဘဏ်(၅)၊ ရန်ကုန်တိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာန ငွေထုတ်စာရင်း MD သို့ ၃၀-၆-၂၀၂၀ ရက်နေ့တွင် ငွေများပေးသွင်းပြီး ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ ယခုအခါ ကျုံကန်တိုက်နယ် ဆေးရုံတည်ဆောက်ခြင်း လုပ်ငန်းအား ပြီးစီးမှု မရှိသည့် ကုမ္ပဏီအပေါ်တွင် တရားမကြီး အမှုဖြင့် တရားစွဲဆို ဆောင်ရွက်လျက်ရှိ၍ သက်ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းသည် ပိုမိုထုတ်ပေးထားသည့် ရန်ပုံငွေအား နိုင်ငံတော်သို့ ပြန်လည်‌ပေးသွင်းပြီး ဖြစ်ပါ၍ ‌‌ဒေသပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျုံကန်တိုက်နယ် ဆေးရုံဖွဲ့စည်း ခွင့် ရရှိရေးအပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ ဆက်လက် ဆောင်ရွက်သွားလျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်အေးမြမြမျိုး(ကျောက်တန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိသည် ယခုဆေးရုံ တည်ဆောက်ခြင်းနှင့်ပတ်သက်ပြီး ငါးနှစ်အတွင်းကို မေးခွန်းငါးကြိမ် မေးခဲ့ ရကြောင်း၊ မိမိသည် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတွင် ယခုကိစ္စများကို ဆွေးနွေးပြီး ကြိုးစားခဲ့ရခြင်း ဖြစ်ပါကြောင်း၊ လက်ရှိ အချိန်ထိ ဆေးရုံတည်ဆောက်ခြင်းသည် မပြီးသေးပါကြောင်း၊ တရားစွဲခြင်း ဆိုင်ရာသည် လည်း မပြီးသေးပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ပြီးဆုံးရမ့ည် ဆေးရုံကို မပြီးဆုံးသည့်အတွက် တရားစွဲပေး မည်ဆိုသည့်အဖြေကို ကြယ်ပွင့်မပြမေးခွန်း မိမိရပါကြောင်း၊ သို့သော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတွင် မေးမြန်းသည့်အချိန်တွင် ပိုင်ရှင်ကိုရှာ၍ မရဟု ပြောပါကြောင်း၊ ရှာလို့မရသည့် ပိုင်ရှင်က ၎င်းတို့ ပြန်လုပ်ပါရစေ ဆိုပြီး အသနားခံစာသည် ရှာ၍ မရသည့်အတွက်၊ တရားမစွဲ၍ မရသည့်အတွက်၊ ကြန့်ကြာနေသည့်ပိုင်ရှင်သည် ပြန်လုပ်ပါ မည်ဆိုသည့် အသနားခံစာကို မည်သည့်အတွက်တင်၍ ရသနည်း၊ တရားစွဲ စီရင်ရေး စနစ်တွင် ကြန့်ကြာနေမှုအပေါ် မိမိမပြောလိုပါကြောင်း၊ သို့သော် ကုမ္ပဏီတစ်ခုတည်းတွင် တာဝန်ရှိခြင်း မဟုတ် သည့်အတွက် မိမိ ယခုမေးခွန်းကို ဆက်မေးခြင်းဖြစ်ပါကြောင်း၊ ပြီးဆုံးခြင်းမရှိ ငွေထုတ်ပေး ခဲ့ခြင်းသည် တစ်ယောက်ထဲမှ ဆုံးဖြတ်ခဲ့ခြင်းသလား ၎င်းအချိန်တွင် တာဝန်ယူထားသည့် တိုက်နယ် ဆေးရုံဆရာဝန်သည် လက်မှတ် လုံးဝ မထိုးပေးခဲ့ရပါကြောင်း၊ မြို့နယ်မှ သူများ မည်သူမှ လက်မှတ် ထိုးခြင်းမရှိ မည်သည့်ပုံစံဖြင့် ထုတ်ပေးခဲ့သနည်း။ ဆေးရုံ တစ်ရုံ တည်ဆောက်ခြင်း လုပ်ငန်းအပြင် စနစ်တစ်ခု တည်ဆောက်လိုသည့်အတွက် ဖြစ်ပါကြောင်း၊ လက်ရှိတွင် မိမိတို့သည် ကျန်းမာရေး အဆောက်အဦများနှင့် ပတ်သက်ပြီး ပြိုကျခြင်းများ၊ ပြီးစီးစေရန် တည်ဆောက်ခြင်း မရှိ စသည့် ကိစ္စများ ဖြစ်နေခြင်းသည် နိုင်ငံတော်၏ ဘဏ္ဍာငွေ အလေအလွင့်များသည် လက်ရှိအချိန်အထိ ဆက်လက် ဖြစ်ပေါ်နေသေးသည့်အတွက် ၎င်းတို့ကို ကြပ်မတ်ရန် လိုပါကြောင်း၊ မိမိသိလိုသည်က ၎င်းကုမ္ပဏီက တရားစွဲသည် တစ်နေ့ကို ၂၀၀၀၀ လျော်ကြေးပေးပါမည် ဆိုသည့်ကိစ္စတွင် မည်မျှ ရနေပါပြီနည်း။ နိုင်ငံ့ဝန်ထမ်းမှ အမှားလုပ်ခဲ့သည်ကို ငွေပြန်ပေးလိုက်ပြီ ဆိုပါက ရပြီဆိုသည့် စီမံခန့်ခွဲမှုသည် နောက်ဆက်တွဲများ ထပ်လုပ်မည်ဆိုပါက နောက်ထပ်ဆေးရုံများ၊ နောက်ထပ် အဆောက်အဦများ၊ နောက်ထပ် ဘဏ္ဍာငွေများ ဆုံးရှုံးမည့်အတွက်ကို မိမိစိုးရိမ်ပါကြောင်း ထို့ကြောင့် ရရှိသည့် ဘဏ္ဍာငွေကို သိလိုပါကြောင်း၊ နောက်တွင် ယခုကိစ္စကဲ့သို့ မဖြစ်စေရန် စီမံခန့်ခွဲ သည့် အပိုင်းကိုလည်း မိမိအနေဖြင့် သိရှိလိုသည့်အတွက် ဆက်လက်မေးမြန်းပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်မြလေးစိန်

လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတင်ပြသွားသည်ကိုမိမိတို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အလေးထားပါကြောင်း၊ လုပ်ငန်းစဉ်များသည် တင်ပြခဲ့သည့်အတိုင်း အချိန်ကြာပြီး ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ဆောင်ရွက်သည့်အချိန်တွင် မိမိတို့၏ အခက်အခဲသည် ဝန်ထမ်း များပြောင်းရွှေ့သွားပါကြောင်း၊ ဝန်ထမ်းများ ပြောင်းရွှေ့ပြီး ဆက်စပ်ပြီးဆောင်ရွက်ရသည့် အချိန်တွင် တစ်ယောက်နှင့် တစ်ယောက် Over ပေးပြီး ဆောင်ရွက်သည့်အချိန်တွင် မိမိတို့သည် ကာလသည် တော်တော်ကို ကြာသွားသည့် အနေအထားဖြစ်နေသည်ကို တွေ့ရခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် စီမံခန့်ခွဲသည့် အနေအထားသည် နောက်ပိုင်း မိမိတို့၏ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသည့်အတိုင်း အဆောက်အဦ မပြီးသည့် အတွက်၊ အဆောက်အဦများနှင့် ပတ်သက်ပြီး တချို့သည် ထွက်သွားခြင်း၊ ကုမ္ပဏီများ ရှာမတွေ့ ခြင်းများ စသည်တို့ကို တော်တော်များများ ကြုံခဲ့ရပါကြောင်း၊ ထိုကဲ့သို့ ကြုံခဲ့ရသည့် အတွက် မိမိတို့သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မှကစပြီး ၎င်းလုပ်ငန်းများနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး ကို အကူအညီတောင်းပါကြောင်း၊ တိုင်းဒေသကြီးများ၏ အကူအညီနှင့် ဆောင်ရွက်ပါကြောင်း၊ တချို့လိုအပ်သည့် အချက်များကို ဆောက်လုပ်ရေး ဝန်ကြီးဌာနကို အကူအညီ တောင်းပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အကြံဉာဏ်များနှင့် ဆောင်ရွက်လျက် ရှိနေသည်ကို မိမိတို့၏ စီမံခန့်ခွဲမှုကို တင်ပြလိုပါကြောင်း၊ ထို့အပြင် ငွေပေးခြင်းနှင့် ပတ်သက်ပြီး တစ်ရက်ကို ၂၀,၀၀၀ မိမိတို့ တရားမမှုကြီးကို ရင်ဆိုင်နေရပါကြောင်း၊ ရင်ဆိုင်နေသည့် တစ်ချိန်တည်းတွင် ၎င်းမှ ပေးရမည့် နောက်ကျကြေးအားလုံးကို မိမိတို့ ဆက်လက်ပြီး ဆောင်ရွက်သွားပြီး တောင်းခံသွား မည်ဆိုသည့် အကြောင်းကို တင်ပြလိုပါကြောင်း ဖြေကြားပါသည်။