ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၈.၇.၂၀၂၀)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

( ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ  ၂၈  ရက် )

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  ဆဋ္ဌမနေ့ကို ၂၀၂၀  ပြည့်နှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၀ )ဦး အနက် (၃၇၃ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)    ကြယ်ပွင့်ပြမေးခွန်း (၁၀)ခု မေးမြန်းဖြေကြားခြင်း

(၁)     ဦးစိုင်းဦးခမ်း၊ သိန္နီ မဲဆန္ဒနယ်က မေးမြန်းသော သိန္နီမြို့နယ်၊ စယ်အူကျေးရွာ အုပ်စု၊ ကွင်းအမှတ် (၉၂)၊ ဦးပိုင်အမှတ် (လ/၁၄၊ လ/၁၅၊ လ/၄၁) မြေဧရိယာ ၄.၅ ဧက ယာမြေနေရာကို ၂၀၀၅ ခုနှစ် ရှေ့ပိုင်းက စယ်အူရဲကင်းစခန်း တည်ဆောက်ရန်မြေဟူ၍ သိမ်းယူခဲ့ရာ ယခုအခါ မြေကိုမူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရန်အတွက် စိစစ်ရန်အချက် ၅၂ ချက်နှင့်အညီ ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က မြို့နယ်လယ်ယာမြေနှင့် အခြားခရိုင်၊ ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီအဆင့်ဆင့်မှ စိစစ်၍ ပြည်ထဲရေးဝန်ကြီးဌာနသို့ သဘောထား မှတ်ချက်တောင်းခံလာပါက ပြန်လည်စွန့်လွှတ်ပေးရန်မရှိသည့် သိမ်းဆည်းမြေ များနှင့်ပတ်သက်၍ စိစစ်ရန် အချက်(၅)ချက်နှင့်အညီ ပြန်လည်စိစစ် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ စိစစ်တွေ့ရှိချက်ကို  ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီသို့ အကြောင်းပြန်ကြားချက်အပေါ် အဆိုပါပြည်နယ်ကော်မတီ၏ ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ပြန်လည် ဖြေကြားပါသည်။

(၂)       ဦးတိုးဝင်း၊ တာမွေ မဲဆန္ဒနယ်က မေးမြန်းသော တာမွေမြို့နယ်၊ မာန်အောင် ရပ်ကွက်၊ ယာဉ်ထိန်းရဲရိပ်သာဝင်းရှိ သစ်သားလိုင်းခန်းသည် ဆွေးမြည့် ပျက်စီး နေပြီဖြစ်ရာ လိုင်းခန်းအသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ယင်း ရဲရိပ်သာဝင်းအတွင်းရှိ လုပ်ငန်းသုံးမော်တော်ယာဉ်အပျက်များအား မည်ကဲ့သို့ စီမံဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က လိုအပ်လျက်ရှိသော (၆)ခန်းတွဲ (၄)ထပ် သံကူကွန်ကရစ် (၁)လုံးအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း အသုံးစရိတ်တွင် လျာထားတင်ပြ တောင်းခံထားရှိပြီးဖြစ်ပါကြောင်းနှင့် ရဲတပ် ဖွဲ့ပိုင်အပ်နှံရန် ကျန်သောယာဉ်အို/ ယာဉ်ဟောင်းမော်တော်ယာဉ် (၁၈)စီးအား လုပ်ထုံးလုပ်နည်းနှင့်အညီ သံရည်ကျိုအပ်နှံရေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(၃)      ဦးခင်မောင်စိုး၊ ဝမ်းတွင်း မဲဆန္ဒနယ်က မေးမြန်းသော ဝမ်းတွင်းမြို့နယ်၏ မြို့နယ်(၆)ရပ်ကွက်အတွင်း လိုအပ်နေသည့် (၄၀၀)ဗို့အားလိုင်းနှင့် ကွန်ကရစ် တိုင်များအား မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် သဲတော- ဝမ်းတွင်း အမှတ်(၁) လမ်းမဘေးမှ မီးတိုင်၊ ထရန်စဖော်မာများအား မည်သည့်အချိန်တွင် ပြောင်းရွှေ့ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ကွန်ကရစ်တိုင်များနှင့်ပတ်သက်၍ ကျန်ရှိသည့် (၁)မိုင်ကျော်ခန့်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သာမန်အသုံးစရိတ်ဖြင့် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် လမ်းနှင့်မလွတ်ကင်းသည့် ဓာတ်အားလိုင်း၊ ထရန်စဖော်မာ၊ ကွန်ကရစ်တိုင်များ ရွှေ့ပြောင်းပေးရမည့် ကုန်ကျစရိတ်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားပါသည်။

(၄)      ဦးနေမျိုးထက်၊ ကျောက်တံတား မဲဆန္ဒနယ်က မေးမြန်းသော ပြည်သူများ သုံးစွဲ ခဲ့သည့် လျှပ်စစ်မီတာခများ တိကျစေရန်နှင့် မီတာဖတ်စာရေးများ မှန်မှန်ကန်ကန် ဖတ်ပြီး စာရင်းရေးသွင်းနိုင်ရန် မည်သို့စီစဉ်ဆောင်ရွက်နေသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြည်သူအများသုံးစွဲခဲ့သည့် လျှပ်စစ်မီတာခများ တိကျစေရန် အတွက် Smart Meter များတပ်ဆင်၍ (HHU) ကိရိယာဖြင့် အချိန်တိုအတွင်း လျင်မြန်စွာ ဖတ်ရှုမှတ်တမ်းတင်နိုင်ရန်၊ (AMI) စနစ်ကို ပြည်နယ်နှင့် တိုင်းဒေသကြီး များအလိုက် အဆင့်ဆင့် (Phase by Phase) ခွဲ၍ တပ်ဆင်အသုံးပြုနိုင်ရန်နှင့် မီတာဖတ်စာရေးများ လျှော့ချ၍ လူကြောင့်ဖြစ်ပေါ်နေသည့် အားနည်းချက်များ လျော့နည်းပပျောက်စေရန် စီစဉ်ဆောင်ရွက်နေပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(၅)      ဦးဝင်းမင်း၊ လှိုင်သာယာ မဲဆန္ဒနယ်က မေးမြန်းသော လှိုင်သာယာမြို့နယ်ရှိ အဓိကလမ်းမကြီးများပေါ်ရှိ လျှစ်စစ်မီးတိုင်များ အမြန်ဆုံး ပြောင်းရွှေ့‌ပေးရန်နှင့် လျှပ်စစ်မီးတိုင်များ၊ ထရန်စဖော်မာများ ထပ်မံတည်ဆောက်ပေးခြင်း၊ ရှုပ်ထွေး မီးကြိုးများ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပုသိမ်လမ်းမကြီးပေါ်ရှိ ဓာတ်တိုင်(၅၃၆)တိုင်ကို ပြောင်းရွှေ့ ခြင်းအတွက် ခန့်မှန်းကုန်ကျစရိတ်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လျာထား တောင်းခံထားပါကြောင်း၊ ညောင်တုန်းလမ်းမကြီးနှင့် အနော်ရထာလမ်းမကြီးရှိ လျှပ်စစ်မီးတိုင် ပြောင်းရွှေ့ခြင်းအတွက် ခန့်မှန်းကုန်ကျစရိတ်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေရရှိမှုအပေါ်မူတည် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ လိုအပ်လျက်ရှိသော ၂၀၀ ကေဗွီအေ ထရန်စဖော်မာ (၃၁)လုံးကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တိုင်းဒေသကြီးဘတ်ဂျက် (သို့မဟုတ်) ဌာနဘတ်ဂျက်မှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လျှပ်စစ်မီးတိုင် ရှုပ်ထွေးမီးကြိုးများ ရှင်းလင်းရန်အတွက် ABC (Insulated) ကြိုးလဲလှယ်ခြင်းနှင့် ကြိုးဖြည့်ခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ဖြင့် System Improvement ဆောင်ရွက်ရန် လျာထားပြီး ရန်ပုံငွေရရှိမူအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(၆)      ဦးအေးနိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်က မေးမြန်းသော ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ပြည်ထောင်စုလမ်းမကြီး၊ လှော်ကားလမ်းမကြီးများ ပေါ်ရှိ ဓာတ်တိုင်များကို အမြန်ဆုံးပြောင်းရွှေ့ပေးရန်၊ အန္တရာယ်ရှိ ဓာတ်တိုင် (၁၀၀၀)ခန့်အား အမြန်ဆုံး လဲလှယ်ပေးရန်နှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး အတွက် လိုအပ်လျက်ရှိသော ထရန်စဖော်မာ (၄၀)လုံးအား အမြန်ဆုံးချထား ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ရွှေ့ပြောင်းရန် လိုအပ်သည့် ဓာတ်တိုင် (၂၅၀)အား ရွှေ့ပြောင်းပြီးဖြစ်၍ ကျန်ရှိသောဓာတ်တိုင်များကို ဇူလိုင်လကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ (၂၀-၇-၂၀၂၀) ရက်နေ့ထိ (၅၃)တိုင် လဲလှယ်ပြီးပါသဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ (၇၄)တိုင်၊ ကုမ္ပဏီမှ (၈၄)တိုင်ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအပြီး လဲလှယ်ရန် စီစဉ်ထားပြီးဖြစ်ပါကြောင်းနှင့် တပ်ဆင်ထားသည့် ထရန်စဖော်မာများကို ဝန်အား မျှပေးစေခြင်း (Load Balancing၊ Load Sharing )နည်းကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ကြောင်း စိစစ်တွေ့ရှိရပါသဖြင့် ထရန်စဖော်မာအသစ်များ ထပ်မံတပ်ဆင်ပေးရန် မလိုအပ်သေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(၇)      ဒေါက်တာဦးစိန်မြအေး၊ ဒလ မဲဆန္ဒနယ်က မေးမြန်းသော ဒလမြို့ရှိ ကျန်းမာရေး ဝန်ထမ်းများ လက်ရှိနေထိုင်သော မြေနေရာအား ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေအဖြစ်သတ်မှတ်၍ ရန်ကုန်မြို့တော်နယ်နိမိတ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း များအတွက် အထပ်မြင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြေဧရိယာ(၃၆)ဧကသည် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ရေဝင်အမည်ပေါက်မြေများဖြစ်သော်လည်း ဌာနပိုင်မြေ အမည်ပေါက် ရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းစဉ်များအရ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘဏ္ဍာနှစ်ခွင့်ပြုမှုအရ အထပ်မြင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်လျှက်ရှိပြီး ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(၈)      ဦးလမာနော်အောင်၊ အင်ဂျန်းယန် မဲဆန္ဒနယ်က မေးမြန်းသော အင်ဂျန်းယန် မြိို့ရှိ ပြည်သူ့ဆေးရုံတွင် လိုအပ်လျက်ရှိသော Microscope (အဏုကြည့်မှန်ပြောင်း)ကို အသုံးပြုနိုင်ရန် မည်သည့်အချိန်တွင် တပ်ဆင်ပေးနိုင်မည်နည်း၊ ဓာတ်မှန်ရိုက် စက်ပစ္စည်းကိရိယာကို မည်သည့်အချိန် ချထားတပ်ဆင်ပေးမည်နည်း၊ လိုအပ် နေသည့် ဆရာဝန်တစ်ဦးကို ခန့်ထားပေးနိုင်ခြင်း ရှိ၊ မရှိနှင့် လူနာတင်ယာဉ် (Ambulance) တစ်စီးချပေးနိုင်ခြင်း ရှိ၊ မရှိကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က Microscope (အဏုကြည့်မှန်ပြောင်း) ပြုပြင်ရေးအတွက် လိုအပ်သော Spare Part များအား မှာယူထားပြီးဖြစ်ပါကြောင်းနှင့် ရောက်ရှိလာပါက အမြန်ဆုံး လဲလှယ်ပြုပြင်ပေးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ အတွင်း ဓာတ်မှန်စက်များရောက်ရှိလာပါက အင်ဂျန်းယန်ပြည်သူ့ဆေးရုံအတွက် ဓာတ်မှန်စက်(၁)လုံးအား ခွဲဝေချထားပေးမည်ဖြစ်ပါကြောင်းနှင့် လိုအပ်နေသည့် လက်ထောက်ဆရာဝန်တစ်ဦးကို လတ်တလော ဖြည့်ဆည်းရန် ခန့်ထားပေးနိုင် ခြင်းမရှိပါကြောင်းနှင့် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာစိုင်းကောင်းစံသည် ၁-၁၁-၂၀၁၉ ရက်နေ့မှစ၍ အင်ဂျန်းယန်မြို့နယ် ပြည်သူ့ဆေးရုံတွင်  တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြား ပါသည်။

(၉)      ဒေါ်အေးမြမြမျိုး၊ ကျောက်တန်း မဲဆန္ဒနယ်က မေးမြန်းသော ကျောက်တန်းမြို့နယ် ကျုံကန်တိုက်နယ်ဆေးရုံ တည်ဆောက်ခြင်း လုပ်ငန်းပြီးဆုံးအောင် ဆောင်ရွက် ခြင်းမရှိဘဲ ငွေအပြည့်ထုတ်ပေးခဲ့သော နိုင်ငံ့ဝန်ထမ်းများကို စိစစ်အရေးယူပေး ပါရန် တိုင်ကြားထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ အခြေအနေမှန်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဆေးရုံတည်ဆောက်မှုပြီးစီးမှုမရှိသည့် ကုမ္ပဏီ အပေါ်တွင် တရားမကြီးအမှုဖြင့် တရားစွဲဆိုခြင်းလုပ်ငန်းအား ဆောင်ရွက်လျက် ရှိပါကြောင်း၊ သက်ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းမှလည်း ပိုမိုထုတ်ပေးထားသည့် ရန်ပုံငွေအား နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းပြီးဖြစ်ပါကြောင်းနှင့် ဒေသ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျုံကန်တိုက်နယ်ဆေးရုံအား ဖွဲ့စည်းခွင့်ရရှိမှုအပေါ် ရန်ကုန်တိုင်းအစိုးရဖွဲ့နှင့် ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(၁၀)    ဒေါ်ချိုချို၊ အုတ်တွင်းမဲဆန္ဒနယ်က မေးမြန်းသော အုတ်တွင်းမြို့နယ်၊ ကျွဲပွဲ ဆေးရုံအား (၁၆)ခုတင်ဆံ့ ဆေးရုံမှ (၂၅)ခုတင်ဆံ့ ဆေးရုံအဖြစ်သို့ အဆင့်တိုးမြှင့် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အခြေခံမူများအရ ရှိရမည့် အချက်နှင့်ပြည့်မှီရန် လိုအပ်လျက်ရှိနေပါသဖြင့် (၂၅)ခုတင်ဆေးရုံအဖြစ်သို့ တိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက် လတ်တလောအနေဖြင့် အစီအစဉ်မရှိသေးပါကြောင်း  ပြန်လည်ဖြေကြားပါသည်။

          (ခ)     ဉပဒေကြမ်း(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တင်သွင်းသည့် တရားမကျင့်ထုံးဉပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ချက်မရှိ အတည်ပြုကြောင်းနှင့်  ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၁၉၁ အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

          (ဂ)     ဉပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာ ဖတ်ကြားခြင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဉပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ဉပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်းသည်။ အဆိုပါ ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုကို တင်သွင်းလိုသော လွတ်တော်ကိုယ်စားလှယ်များက ၃၀-၇-၂၀၂၀ ရက် (ကြာသပ‌တေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

          (ဃ)    အစီရင်ခံစာ(၁)ခုတင်ပြခြင်း

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ပဋိဇီဝဆေးများ ဝယ်ယူထောက်ပံ့ဖြန့်ဖြူးရေး စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ စုံစမ်းလေ့လာမှု အစီရင်ခံစာကို တင်ပြပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် များက ၂၉-၇-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

          (င)     အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဒေါက်တာစံရွှေဝင်း၊ ရေကြည် မဲဆန္ဒနယ်က တင်သွင်းသည့်  အသစ်ထွက်ပေါ်လာသော ဆေးရွက်ကြီးအသုံးပြုမှုနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် e-cigarettes (Electronic Nicotine Delivery System) ဆေးရွက်ထွက်ပစ္စည်းကို အပူပေးပြီး အငွေ့ရှူသောပစ္စည်း (Heated Tobacco Product or Heat-not-burn-product)နှင့် ဆေးရွက်ကြီးနှင့် ဆက်စပ်ပစ္စည်းများကို ရောနှောထည့်သွင်းရှူသုံးရသည့် ရေပြောင်း (Water Pipe) များကို ထိန်းချုပ်တားဆီးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၇)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ပါသည်။

၃။      ပြည်သူ့လွှတ်တော်အစည်းအဝေးကို  နေ့လယ် ၁ နာရီ   ၃၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပမည့်ရက်ကို ၃၀-၇-၂၀၂၀ ရက် (ကြာသပတေးနေ့) ‌ နံနက် ၁၀ နာရီတွင် လျာထားပါသည်။