(ဆ)-ဒလမြို့ရှိ ကျန်းမာရေးဝန်ထမ်းများ လက်ရှိနေထိုင်သော မြေနေရာအား ကျန်းမာရေး ဝန်ကြီးဌာနပိုင် မြေအဖြစ် သတ်မှတ်၍ ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် အထပ်မြင့်ဝန်ထမ်းအိမ်ရာများဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၈.၇.၂၀၂၀)

ရန်ကုန်မြို့တော်ကြီးနှင့်မြစ်ကြီးတစ်စင်းခြားသည့် ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ တွံတေး ညီနောင်မြို့နယ်များ ဝန်းရံထားသည့် ဒလမြို့နယ်ဖြစ်ပါကြောင်း၊ လက်ရှိတွင် တံတားစီမံကိန်း မပြီးသေးသည့်အတွက် ရန်ကုန်မြို့နှင့် မြစ်ကူး၊ ချောင်းခြားဖြစ်နေသည့် ဒလမြို့ပေါ်မှ ကျန်းမာရေး ဝန်ထမ်း အိမ်ရာ၊ ရပ်ကွက်သည် ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံကြီး ဝန်ထမ်းများနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဝန်ထမ်းများအဓိကထား နေထိုင်ကြသည့် အလုပ်သမား တန်းလျားသာသာ လူနေအိမ်ခန်းများ ရှိသည့် ရပ်ကွက်ဖြစ်ပါကြောင်း၊ ၎င်းရပ်ကွက်၏ ‌မြေဧရိယာ ၃၈.၈၇ ဧကသည် လူဦးရေ ၃,၅၂၁ ဦး နေထိုင်သည့်အပြင် အိမ်ခန်းပေါင်း ၈၃၄ ခန်းရှိသည်ကို သိရပါကြောင်း၊ လက်ရှိ အစိုးရလက်ထက်တွင် ခြောက်ခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာပုံစံလေးလုံးကို ဆောက်လုပ်ပြီးစီးခဲ့ပြီ ဖြစ်ပါကြောင်း၊ သို့သော် ဆက်လက် ဆောက်လုပ်ရန်အတွက် ဧကများစွာ ကျန်ရှိနေပြီး ၎င်းကျန်ရှိသည့် မြေများနေရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ ဝန်ထမ်းအိမ်ရာ လိုအပ်သည့် ကျန်းမာရေးအရာထမ်း၊ အမှုထမ်း အားလုံးအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးနိုင်မည်ဆိုပါက ၎င်းဝန်ထမ်းများအတွက် များစွာအဆင်ပြေမည်ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့ ဒလတံတားစီမံကိန်းသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ပြီးစီးမည်ဖြစ်သည့်အတွက် ရန်ကုန်မြို့တော်ကြီးနှင့် ကုန်းတစ်တန်၊ ‌ရေတစ်တန် သွားရခြင်း မရှိ အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ မြစ်ကြီးခြားသည့်အတွက် ‌မိမိတို့မြို့ အတွက် တံတားကြီးပြီး ကျန်းမာရေး ဝန်ထမ်းအိမ်ရာ၊ ရပ်ကွက်ကြီး စည်ပင်ဖွံ့ဖြိုးမည်ဆိုပါက ဒလမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျလာမည်မှာ သေချာပါကြောင်း၊ ဝန်ထမ်းအိမ်ရာ အတွက် မြေနေရာ မလုံလောက်ခြင်း အခက်အခဲဖြစ်နေသည့် ဝန်ကြီးဌာနအတွက် များစွာအဆင်ပြေမည် ဖြစ်ပါကြောင်း၊

ကျန်းမာရေးဝန်ထမ်း အိမ်ရာ၊ ရပ်ကွက်နှင့် မြစ်တစ်ဖက်က ရန်ကုန်မြို့တော်ကြီးရှိ ပြည်သူ့ရင်ပြင်၊ ပြည်သူ့ဥယျာဉ်၊ သခင်မြပန်းခြံတိုသည့် မဝေးပါကြောင်း၊ ထို့ပြင် ၎င်းရပ်ကွက် မြေနေရာသည် အစိုးရပိုင် မြေဖြစ်ပြီး လက်ရှိ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန အမည်ပေါက် စီမံခန့်ခွဲခွင့် ရသည့် မြေဖြစ်သည့်ဟု သိရပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တရားဝင် တောင်းဆိုကြိုးပမ်း အားထုတ်မည်ဆိုပါက ဝန်ကြီးဌာနပိုင်မြေ ဖြစ်လာမည်ဖြစ်ကြောင်းကို သတင်းကောင်း သိရှိထားပါကြောင်း၊ ဒလမြို့ ကွက်သစ်ဖော်ထုတ်စဉ်က ကျန်းမာရေးဝန်ထမ်းများ အတွက် လျာထားသည့် အကွက်အဖြစ် မြို့ကွက်မြေပုံတွင် အမည်ဖောက်ပြီး ဖြစ်သည့်အတွက် ဝန်ကြီး ဌာနပိုင်မြေနေရာ ဖြစ်ရန်အတွက် ယခင်က လျာထားခဲ့သည့် နေရာဖြစ်သည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနပိုင် ဖြစ်သင့်ပါကြောင်းနှင့် ဖြစ်လာပါက ဝန်ထမ်းအိမ်ရာ စီမံခန့်ခွဲမှုများနှင့် ထိန်းသိမ်း စောင့်ရှောက်မှုများ၊ စည်ပင်သာယာရေး လုပ်ငန်းများကို ယခုထက်ပို၍ အဆင်ပြေစွာ ဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဒလမြို့နယ်အတွင်း ကျူးကျော်နေထိုင်သူများ စာရင်းအရ Smart Card ရပြီးသူ ၃၃၀၀၀ ‌ကျော်ရှိပြီး နေ့စဉ်နှင့် အမျှ ကျူးကျော်သူများ တိုးတက်‌နေရာ လက်ရှိတွင် ၄၅၀၀၀ ခန့်ရှိနေသည်ဟု ခန့်မှန်းကြပါကြောင်း၊ ဒလမြေကိုလည်း တရားမဝင် ရယူလိုသူ များပြားလာပါကြောင်း၊ ကျန်းမာရေး ဝန်ထမ်းအိမ်ရာ၊ ရပ်ကွက်သည် ကျူးကျော်နေထိုင်မယ့်သူများ အကြိုက်တွေ့နိုင်ပါကြောင်း၊ ဝန်ကြီးဌာနပိုင်မြေအဖြစ် စီမံခန့်ခွဲခြင်းဖြင့် ၎င်းပြဿနာများကိုလည်း ဖြေရှင်းကာကွယ်ရာ ရောက်နိုင်ကြောင်းကို တင်ပြလိုပါကြောင်း၊ ၎င်းအကြောင်းအချက်များကြောင့် အားလုံးအကျိုး ရှိနိုင်သည့်အတွက် မေးမြန်းရခြင်းဖြစ်ပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်မှ ဒလမြို့နယ် ကျန်းမာရေးမြေနေရာသည် ၁၉-၂-၁၉၉၀ ရက်နေ့တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန စီမံကိန်းမြေအဖြစ် အသုံးချရန် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန(ရန်ကုန်မြို့)အား ခွင့်ပြု၍ ပြည်ထဲရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ၆-၃-၁၉၉၅ ရက်နေ့တွင် လွှဲပြောင်းလက်ခံ ရယူခဲ့ခြင်းရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် ဒလမြို့ ကျန်းမာရေးဝန်ထမ်း အိမ်ရာမြေအား ကျန်းမာရေးဌာနပိုင် အမည်ပေါက် ရရှိရေးအတွက် ၂၀-၈-၂၀၁၅ ရက်နေ့တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ၎င်းမြေနေရာအား ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ရှိသဖြင့် ၈-၃-၂၀၁၆ ရက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာ‌ရေး ကော်မတီသို့ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်းများ ရှိခဲ့ပါကြောင်း၊

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် ဒလမြို့ ကျန်းမာရေး ဝန်ထမ်းအိမ်ရာအား ဌာနပိုင် အမည်ပေါက် ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်ရာတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ ၁၃-၁၂-၂၀၁၉ ရက်နေ့နှင့် ၁၆-၂-၂၀၂၀ ရက်နေ့များတွင် ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဆောင်ရွက်စဉ် ကာလအတွင်း စိစစ်မှုအရ ဒလမြို့နယ်၊ ဆာပါချောင်ဒေသရှိ မြေများမှာ ယခင် ကိုလိုနီ‌ခေတ်ကပင် ရေဝင်အမည်ပေါက် ဆိပ်ကမ်းပိုင်မြေများ ဖြစ်ကြောင်း သိရှိရပါသဖြင့် ရေဝင်မြေ၊ ဆိပ်ကမ်းပိုင်မြေများ၏ အပိုင်းအခြားနှင့် ကျန်းမာရေး ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် ခွင့်ပြုခဲ့သည့် မြေအပိုင်းအခြားအား ကွဲပြားစွာ သိရှိနိုင်ရန် မြေစာရင်း၊ ‌မြေပုံ၊ မြေရာဇဝင်များအား စိစစ်ဆောင်ရွက်ခဲ့ရပါကြောင်း၊ သက်ဆိုင်ရာ ဌာနများ၏ ပံ့ပိုးကူညီစိစစ်မှုအရ ဒလမြို့နယ်၊ ဆာပါချောင်ရပ်ကွက် မြေဧရိယာ ၃၆ ဧကသည် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ရေဝင် အမည်ပေါက်‌မြေများ ဖြစ်သော်လည်း ကျန်းမာရေး ဝန်ထမ်းအိမ်ရာများ ခွင့်ပြုဆောက်လုပ်‌ နေထိုင်လျက် ရှိခြင်းကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးနိုင်ပါကြောင်း ပြန်ကြားချက်အရလည်းကောင်း၊ မြေစီမံခန့်ခွဲမှု လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်လျက် ရှိခြင်းများ အရလည်းကောင်း၊ ယခုအခါ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဌာနပိုင် အမည်ပေါက် ရရှိရေးအတွက် သက်ဆိုင်ဌာနများနှင့် လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းစဉ်များအရ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

ဝန်ထမ်းများ အိမ်ရာဆောက်လုပ်ခြင်း အခြေအနေကို ဆက်လက်တင်ပြမည် ဖြစ်ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဝန်ထမ်းများအတွက် ရှစ်ခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ နှစ်လုံး တည်ဆောက်ခြင်း လုပ်ငန်းအား ၁၀၀ ရာခိုင်နှုန်းပြီးစီး လွှဲပြောင်း/ လက်ခံပြီး ယခုအခါ ဝန်ထမ်းများ နေထိုင်လျက် ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ခြောက်ခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ယခုအခါ ၁၀၀ ရာခိုင်နှုန်း ပြီးစီး၍ လွှဲပြောင်း/လက်ခံရယူပြီး ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ‌ခြောက်ခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်းကို ဆက်လက်ပြီး ဆောင်ရွက်နေပါကြောင်း၊ ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးအတွက် ‌ခြောက်ခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ နှစ်လုံး ဆောက်လုပ်ခြင်း လုပ်ငန်းကိုလည်း ဆက်လက် ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိရာ ၂၅ ရာခိုင်နှုန်း ပြီးစီး နေပြီ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒလမြို့နယ် ကျန်းမာရေး ဝန်ထမ်းအိမ်ရာ ကျန်းမာရေး ဝန်ထမ်းများ နေထိုင်ရာ ဘဏ္ဍာရေးနှစ် ခွင့်ပြုမှုအရ အထပ်မြင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်လျက် ရှိပါကြောင်းနှင့် ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်၍ ဖြည့်ဆည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။