ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက် )
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၀ )ဦး အနက် ( ၃၉၀ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ပြည်သူ့လွှတ်တော်ကော်မတီများတွင် ကော်မတီအဖွဲ့ဝင်များ အစားထိုးလဲလှယ် ဖွဲ့စည်းခြင်း
ပြည်သူ့လွှတ်တော်ကော်မတီက ဖွဲ့စည်းထားသော ကော်မတီများတွင် အောက်ပါ ကိုယ်စားလှယ်များအား ကော်မတီအဖွဲ့ဝင်များအဖြစ် အစားထိုးလဲလှယ်ဖွဲ့စည်းခြင်းကို လွှတ်တော်က အတည်ပြုခဲ့သည်-
(၁) ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးချုပ်နိုင်ဝင်း (အစား) ဗိုလ်မှူးချုပ်သက်ထွန်းအောင် အား လည်းကောင်း၊
(၂) လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးချုပ် သက်ထွန်းအောင် (အစား) ဗိုလ်မှူးကြီးမင်းသော် အား လည်းကောင်း၊
(၃) အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးကြီးဝင်းလွင်ဦး (အစား) ဗိုလ်မှူးကြီး/ ဒုတိယဗိုလ်မှူးကြီးဒေါ်စိုးစိုးမြင့် အား လည်းကောင်း၊
(ခ) ကြယ်ပွင့်ပြမေးခွန်း (၉)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါ်နန်းမိုး၊ မန်တုံ မဲဆန္ဒနယ်က မေးမြန်းသော ပြည်သူ့ဝန်ထမ်းများက နိုင်ငံ ဘဏ္ဍာအား အလွဲသုံးစားပြုလုပ်ပါက ပြန်ပေးလျော်စေခြင်းသည် အဂတိ လိုက်စားမှုကို လျှော့ချရာ ရောက်၊ မရောက် သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်သန်းမြင့်က အလွဲသုံးစားပြုလုပ်သော ငွေကြေးပမာဏအား ပြန်လည် ပေးလျော်စေခြင်းသည် အဂတိလိုက်စားမှုကို လျှော့ချနိုင်သည်ဟု ကောက်ယူရန် လုံလောက်မှု ရှိနိုင် မည်မဟုတ်သော်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေအရ အရေးယူ အပြစ်ပေးခြင်း (သို့မဟုတ်) အဂတိလိုက်စားမှုမဖြစ်ပေါ်မီ ကြိုတင်တားဆီး ကာကွယ်ခြင်းနည်းလမ်းများကို ကျင့်သုံးမှသာ အဂတိလိုက်စားမှု လျှော့ချနိုင် မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၂) ဦးသောင်းဌေးလင်း၊ ပုသိမ်ကြီး မဲဆန္ဒနယ်က မေးမြန်းသော မန္တလေးမြို့ စက်မှုဇုန်အနီး ကျေးရွာနေ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးနှင့် အသစ်ပေါ်ထွက် လာသော ရပ်ကွက်ကြီးများနှင့်ပတ်သက်ပြီး မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးညီထွန်းက အသစ်ဖော်ထုတ်ခဲ့သော ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက် အတွင်းရှိ မူလမြေအတွင်း နေထိုင်သူများသည် ဂရန်သစ်လျှောက်ထားလာပါက မြို့ပြ အင်္ဂါရပ်နှင့် ညီညွတ်စေရန် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေး၍ လိုအပ်သော လမ်းများ၏အကျယ်ကို သတ်မှတ်ပြီး မြေငှားဂရန်လျှောက်ထားခွင့်ပြုပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၃) ဦးဇုံးတိန့်၊ ချီဖွေ မဲဆန္ဒနယ်က မေးမြန်းသော ချီဖွေမြို့ မြို့ပေါ်ရပ်ကွက် (၄)ခုနှင့် မြို့အနီးရှိရွာများတွင် နေထိုင်သော ပြည်သူများအတွက် ကျန်းမာရေးနှင့် ညီညွတ်သော သောက်သုံးရေသန့် လုံလောက်စွာရရှိရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးညီထွန်းက ချီဖွေမြို့နယ် စည်ပင်သာယာရေး အဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဝင်ငွေလျာထားမှုတွင် ဝင်ငွေနည်းပါးသော မြို့ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းအား စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ပြန်လည်ဖြေကြားပါသည်။
(၄) ဦးထွန်းထွန်း၊ ပွင့်ဖြူ မဲဆန္ဒနယ်က မေးမြန်းသော ပွင့်ဖြူမြို့နယ်၊ မဲဇလီအုပ်စု၊ လယ်မကျေးရွာအနောက်ဘက် ကွင်းအမှတ် (၇၃၁)ရှိ ယာမြေများအား ရာသီမရွေး စိုက်ပျိုးရေရရှိရန်အတွက် မုန်းချောင်းမှ လျှပ်စစ်ရေတင်စီမံကိန်း ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေရရှိမှုနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
(၅) ဦးမြင့်သိန်း၊ ဝက်လက် မဲဆန္ဒနယ်က မေးမြန်းသော ဝက်လက်မြို့နယ်ရှိ ကျေးရွာ (၆)ရွာ၏ ရေသောက်ဧက (၅၀၀၀)အတွက် တပ်ရွာမြစ်ရေတင်စီမံကိန်းမှ ဝက်လက်မြို့နယ်သို့ ရေပေးဝေမည့်လက်တံ (၇) ရေပေးမြောင်းစနစ်အား ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်က ရေပေးဝေ စိုက်ပျိုး နိုင်ဖို့ လက်တံ(၇)မြောင်းကို စိစစ်၍ (၁၂၀၀)ဧကပြည့် ရေပေးဝေနိုင်ရေး အတွက် လိုအပ်သော လက်တံခွဲမြောင်းများပြုပြင်ခြင်းနှင့် ရေပေးဝေရေး အဆောက်အအုံများ ဖြည့်စွက်တည်ဆောက်နိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရန်ပုံငွေမှ လျာထား တောင်းခံရန် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၆) ဒေါ်ခင်သန်းနု၊ မင်းတုန်း မဲဆန္ဒနယ်က မေးမြန်းသော မင်းတုန်းမြို့နယ်၊ ကြို့ဝ ကျေးရွာအုပ်စု၊ ငှက်ပျင်းကျေးရွာရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းအား အခြေခံပညာမူလတန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရွာနေရာနှင့် ကျောင်းနေရာတို့သည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ ပန်းညိုကြိုးပြင်ကာကွယ် တောနေရာတွင် တည်ရှိပါသဖြင့် ကျောင်းမြေပိုင်ဆိုင်မှုပုံစံ (၁၀၅) မရှိသည့် အတွက် ကျောင်းအဆင့်တိုးမြှင့်ဆောက်ထားနိုင်ခြင်း မရှိပါကြောင်းနှင့် ကျောင်းမြေပိုင်ဆိုင်မှု အထောက်အထားရရှိပါက အမှုတွဲတည်ဆောက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
(၇) ဦးတင်အေး၊ မက်မန်း မဲဆန္ဒနယ်က မေးမြန်းသော မက်မန်းမြို့နယ်၊ အေးကျန့် ကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်း (နယ်ခြားစောင့်တပ်)တွင် (၆၀ ပေ × ၃၀ ပေ) တစ်ထပ်စာသင်ကျောင်းဆောင် (၁) ဆောင် ဆောက်လုပ်ပေး ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကျောင်းသား ကျောင်းသူများ သင်ကြားသင်ယူမှု အဆင်ပြေ စေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေတွင် (၆၀ ပေ × ၃၀ ပေ) Steel Structure ဆောက်လုပ်ရန် လျာထားဆောင်ရွက်ပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။
(၈) ဦးမြင့်ဦး၊ သနပ်ပင် မဲဆန္ဒနယ်က မေးမြန်းသော သနပ်ပင်မြို့နယ် အခြေခံပညာ ကျောင်းများတွင် လစ်လပ်လျက်ရှိသော ဆရာ၊ ဆရာမများအား ဖြည့်ဆည်းခန့် ထားပေးရန် အစီအစဉ် ရှိ၊မရှိ နှင့် နိုင်ငံအဝန်း ဆရာ၊ ဆရာမလိုအပ်ချက်များ အား မည်သို့ ဖြည့်ဆည်းခန့်ထားပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက သနပ်ပင်မြို့နယ်သို့ B.Ed၊ PPTT၊ DT. Ed သင်တန်းဆင်းများ၊ ရာထူးတိုးများနှင့် အပြောင်းအရွှေ့များ စသည့် စုစုပေါင်း ဆရာ၊ ဆရာမ (၁၁၆)ဦး ဖြည့်ဆည်းထားပါကြောင်း ပြန်လည် ဖြေကြားပါသည်။
(၉) ဦးနေလင်းထွန်း၊ ဘုတ်ပြင်း မဲဆန္ဒနယ်က မေးမြန်းသော ဘုတ်ပြင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းအား အခြေခံ ပညာအလယ်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခြေခံပညာမူလတန်းလွန်ကျောင်းသည် ကျောင်းအဆင့် တိုးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် စိစစ်ရာတွင် ဦးစားပေးကျောင်း အနေဖြင့် အဆင့်တိုးမြှင့်ရန် သတ်မှတ်ထားခြင်း မရှိသေးပါကြောင်း ပြန်လည် ဖြေကြားပါသည်။
(ဂ) ဉပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာ ဖတ်ကြားခြင်း
ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ရေနံစူးစမ်း ရှာဖွေခြင်း၊ ရေနံတူးဖော်စမ်းသပ်ခြင်းနှင့် ရေနံထုတ်လုပ်ခြင်းဆိုင်ရာ ဉပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းပြီး ဉပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားသည်။ အဆိုပါ ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုကို တင်သွင်းလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၂၇-၇-၂၀၂၀ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဃ) အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဦးတင်မောင်ဝင်း၊ ဆိပ်ကမ်း မဲဆန္ဒနယ်က တင်သွင်းသည့် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community- AEC) အကောင်အထည်ဖော်ရာတွင် အဓိကလုပ်ငန်း စဉ်ဖြစ်သည့် (ASEAN Free Trade Agreements- AFTA) အား ထူထောင်ရမည် ဖြစ်သည်။ သို့မှသာ ကုန်စည်များ လွတ်လပ်စွာစီးဆင်းခြင်း (Free Flow of Goods) ကို ဆောင်ရွက်ရပါမည်။ ယင်းသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ ထုတ်လုပ်သော ကုန်ပစ္စည်းများသည် မြန်မာ့စံချိန်စံညွှန်း (Myanmar Standard & Specification) ပါရှိရမည်ဖြစ်ပြီး အာဆီယံနိုင်ငံအသီးအသီးတွင် ထုတ်ကုန်ပစ္စည်းပေါင်း (၃၀၀၀)မှ (၁၀၀၀၀)ခန့် ရေးသားပြုစုပြီးဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အရေးကြီးသည့် ထုတ်ကုန် ပစ္စည်းပေါင်း (၁၀၀၀)ခန့်ကို ASEAN Free Trade Agreement ကာလတွင် ရေးသားပြီးစီးနိုင်ရန် ပါဝင် ပတ်သက်သော ဝန်ကြီးဌာနများမှ ညှိနှိုင်းဆောင်ရွက်ကြရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ပါသည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၃၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပမည့်ရက်ကို ၂၈-၇-၂၀၂၀ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
