ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ဗြိတိန်နိုင်ငံ One Brick Court မှ Sir Edward Garnier, QC Barrister, MPနှင်‌့ တွေ့ဆုံ၊ ဗြိတိန်နိုင်ငံ အောက်လွှတ်တော်၏ မေးခွန်း အမေးအဖြေကဏ္ဍ ကြည့်ရှုလေ့လာ

ဗြိတိန်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ Rt. Hon. Mr. John Bercow ၏ ဖိတ်ကြားချက်အရ ဗြိတိန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင်‌့သည် ဇန်နဝါရီလ ၂၅ ရက်နေ့ (၀၉၀၀)နာရီချိန်တွင် လန်ဒန်မြို့ရှိ Park Plaza Westminster Bridge Hotel ၌ ဗြိတိန်နိုင်ငံ One Brick Court မှ Sir Edward Garnier, QC Barrister, MP နှင်‌့ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဥပဒေရေးရာကိစ္စရပ်များနှင်‌့ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင်‌့ ခေါင်းဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် (၁၁၃၀)နာရီချိန်တွင် ဗြိတိန်နိုင်ငံ အောက်လွှတ်တော် အစည်းအဝေး ခန်းမ အတွင်း ဗြိတိန်နိုင်ငံအောက်လွှတ်တော်၏ မေးခွန်း အမေးအဖြေကဏ္ဍတွင် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်နှင်‌့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ မေးခွန်းများ ဖြေကြားနေမှုအား တက်ရောက်ကြည့်ရှုလေ့လာခဲ့သည်။

ထိုသို့လေ့လာစဉ် ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ က မိမိနှင့်အတူ လွှတ်တော် ကိုယ်စားလှယ်များက ကြိုဆိုကြောင်း ကြေညာခဲ့သည်။ ၎င်းအပြင် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် H.E. Mrs. Theresa May ကလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင်‌့ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား အသိ အမှတ်ပြု ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံမှုနှင်‌့ လေ့လာမှုများသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင်‌့နှင့်အတူ ပြည်သူ့ လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင်‌့အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော၊ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးဇော်ဝင်း၊ လွှတ်တော်အခွင့်အရေးကော်မတီ အဖွဲ့ဝင် ဦးစိုင်းစံသိန်း၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီအဖွဲ့ဝင် ဒေါက်တာ ဒေါ်ရွှေပုံ နှင်‌့ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်

Standard (Image)