(ခ)- အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းအုပ်ရာထူးလစ်လပ်ပါက အမြန်ဖြည့်ဆည်း နိုင်ရန်အတွက် မည်သို့သောမူဝါဒ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ပြင်ဆင်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၄.၇.၂၀၂၀)

ကျိုက္ခမီအခြေခံ ပညာအထက်တန်းကျောင်းတွင် ယခင်ကျောင်းအုပ်ဆရာကြီးသည် ၁၂-၁-၂၀၁၈ ရက်နေ့မှစ၍ အငြိမ်းစားယူရန် ခွင့်(၄)လခံစားသွားပါကြောင်း၊ ယခုမေးခွန်းမေးရန် စီစဉ်သည် အထိ လူအစားမဖြည့်နိုင်သည့်အတွက် ကျောင်းအုပ်ချုပ်ရေးပိုင်း မည်မျှလျော့ရိလျော့ရဲဖြစ်နေ သည်ကို ခန့်မှန်းနိုင်မည် ဖြစ်ပါကြောင်း၊  လစ်လပ်မှုကိုအတွက် သင်ကြားရေးပိုင်းမှ အင်္ဂလိပ်ဘာသာသင် အထက်တန်းပြဆရာမ ဒေါ်ခင်စန်းယုကို ယာယီတာဝန်ပေးထားသည့်အတွက် အုပ်ချုပ်ရေးက တစ်ဖက်၊ သင်ကြားမှုကတစ်ဖက်ကြောင့် သင်ကြားမှုပိုင်းအားနည်းနေပါကြောင်း၊ စက်စဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်လည်း ၅-၅-၂၀၁၉ ရက်နေ့မှစ၍ ယခင်ကျောင်းအုပ် အငြိမ်းစားယူရန် ခွင့်လေးလ ခံစားသည်မှ ယခုအထိကို အစားမဖြည့်ပေးနိုင်သေးပါကြောင်း၊ ထပ်မံ၍ ပငရွာ အ.ထ.က၊ မုဒုံမြို့နယ်မှ အ.ထ.က(၁)၊ (၃)၊ ကမာဝက် အ.ထ.က တို့တွင် ကျောင်းအုပ်များ လစ်လပ်နေပါကြောင်း ၊ မြို့နယ်ပညာရေးမှူးရုံးနှင့် ပြည်နယ်ပညာရေး ဝန်ကြီးများ  ထံ ပေါင်းစပ်ညှိနှိုင်းရာတွင် ဤအဆင့်ရာထူးခန့်ခြင်း၊ နေရာအစားထိုးခြင်းများကို အခြေခံပညာ ဦးစီးဌာနရုံးချုပ်၏လုပ်ပိုင်ခွင့်ဖြစ်ပါကြောင်း၊ တင်ပြထားပြီးဟုသာ ဖြေကြားမှု ရရှိခဲ့ပါကြောင်း၊ နောင်ယခုကဲ့သို့ မဖြစ်အောင် မည်သည့်မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို ကြိုတင် ပြင်ဆင်စီစဉ်ထားပြီး အခြေခံပညာအလယ်တန်းကျောင်း၊ အထက်တန်းကျောင်းများ တွင် ကျောင်းအုပ်ရာထူးလစ်လပ်ပါက မည်သည့်ခိုင်လုံသောအကြောင်းကြောင့် အမြန်ဖြည့်ဆည်းခြင်း မဆောင်ရွက်နိုင်ပါသနည်း၊ နောင်ထိုသို့မဖြစ်ရန် မည်သည့်မူဝါဒ၊ လုပ်ထုံးလုပ်နည်းများချမှတ် ပြင်ဆင်ထားသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတွင် ယခုပညာသင်နှစ် စာရင်းအရ အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၃,၀၁၃ ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ပေါင်း ၃,၁၄၉ ကျောင်း၊ တွဲဖက်အခြေခံပညာအထက်တန်းကျောင်းပေါင်း (၇)ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်းပေါင်း ၃,၉၁၄ ကျောင်းရှိပြီး ယခုပညာသင်နှစ်တွင် အထက်တန်း ကျောင်းအုပ်ကြီး ၂,၅၀၅ ဦး၊ အလယ်တန်းကျောင်းအုပ်ကြီး ၅,၈၀၈ ဦးခန့်အပ် ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီအခြေခံပညာအထက်တန်းကျောင်း၊ စက်စဲအခြေခံပညာ အထက်တန်း ကျောင်းတို့အတွက် လိုအပ်သောကျောင်းအုပ်ကြီးများကို ၁၁-၁၂-၂၀၁၉ ရက်နေ့တွင် ပြောင်းရွှေ့ခန့် ထားပေးပြီးဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအုပ်ရာထူးရွေးချယ်ရာတွင် B.Ed ဘွဲ့ရပြီး အထက်တန်းပြ လုပ်သက်သုံးနှစ်ပြည့်ပြီးသော အထက်တန်းပြဆရာ/ဆရာမများအား ပြန်တမ်းဝင်အရာရှိ တိုးမြှင့် ဆောင်ရွက်ပေးနိုင်ရန်အတွက် ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲများအား ယှဉ်ပြိုင် စာမေးပွဲစနစ်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဖြေဆိုထားသည့် စာမေးပွဲရမှတ်နှင့် လုပ်သက်ပေါင်းပြီး ဦးစားပေးတန်းစီ ဇယားရေးဆွဲရပါကြောင်း၊ ထို့နောက် ဆန္ဒပြုရာထူးနေရာလစ်လပ်မှုအပေါ်မူတည်ပြီး ရာထူးတိုးရန် ဆောင်ရွက်ထားရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ဘဏ္ဍာရေးနှစ် တစ်ခုအတွင်း ခန့်ထားမည့် ကျောင်းအုပ်ကြီး အရေအတွက်ကို ဘတ်ဂျက်ပါရန်ပုံငွေနှင့် လုံလောက်မှု ရှိ/မရှိ စိစစ်ရပါကြောင်း၊ အတည်ပြုချက်ရရှိပါက ပြည်ထောင်စုဝန်ကြီးရုံးမှတစ်ဆင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ၏ အတည်ပြုချက်ကို ရယူဆောင်ရွက်ရပါကြောင်း၊

အခြေခံပညာအထက်တန်းကျောင်းများအတွက် ကျောင်းအုပ်များရွေးချယ်ရာတွင် B.Ed ဘွဲ့ သို့မဟုတ် အလယ်တန်းကျောင်းအုပ်၊ လုပ်သက်နှစ်နှစ်ပြည့်ပြီးသော အလယ်တန်းကျောင်းအုပ်ကြီး များကို ၎င်းတို့၏လုပ်သက်ရမှတ် ကြီးစဉ်ငယ်လိုက်တန်းစီဇယားရေးဆွဲပြီး တိုးမြှင့်ခန့်ထားမည့် အရေအတွက်အား ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးသို့ တင်ပြအတည်ပြု ချက်ရယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာဦးစီးဌာန ရှိ အခြေခံပညာအလယ်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းများအတွက် ကျောင်းအုပ်ကြီး ရာထူးများကို ရာထူးတိုး၊ ရာထူးပြောင်းရွှေ့အစီအစဉ်များအား ကျောင်းဖွင့်ရက် မတိုင်မီ သက်ဆိုင်ရာဦးစီးဌာန၏ရန်ပုံငွေလျာထားချက်အရလည်းကောင်း၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့နှင့် ညှိနှိုင်း၍လည်းကောင်း၊ ပုံမှန် တစ်နှစ်လျှင်တစ်ကြိမ် ဆောင်ရွက်ပေးနေသော်လည်း ယခု ကဲ့သို့ ကျောင်းအုပ်ကြီးများ လိုအပ်ချက်အပေါ်မူတည်ပြီး ထပ်မံစိစစ်၍ ရာထူးတိုးမြှင့်ခြင်း ဆောင်ရွက်မှုအကြိမ်ရေတိုးပြီး ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးဉာဏ်ဟိန်း(သံဖြူဇရပ်မဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဝန်ထမ်းတစ်ယောက်ပင်စင်သွားမည်ဆိုပါက ကြိုတွက်ထား ပြီးဖြစ်ပါကြောင်း၊ မိမိ သိလိုသည်မှာ နောင်မဖြစ်ရန်အတွက် ကြိုးစားသွားမည်ဆိုသည်ထက်ကို မည်သို့မူဝါဒချမှတ်၍ လုပ်ထုံးလုပ်နည်း များကို မည်သို့ပြောင်းလဲ ဆောင်ရွက်၍ မိမိတို့ရာထူးတိုးသည့်အချိန်တွင် ဒေသ အကုန်လုံး သွားနိုင် ခြင်းရှိ/မရှိ မေးမြန်းသည့်အတွက် အလယ်တန်းကျောင်းအုပ်လုပ်သက်သုံးနှစ်ရှိသော်လည်း မိမိတို့၏ စားဝတ်နေရေးအတွက်လည်းကောင်း၊ ပြည်နယ်ကြား၊ တိုင်းဒေသကြီးကြား ပြောင်းသွားမည်ကိုကြောက်သည့်အတွက် ကြောင့်လည်းကောင်း ရာထူးတိုးမတင်ကြသည်ကိုလည်း တွေ့ရသည့် အတွက် ပြည်နယ်အတွင်း လစ်လပ်သွားလျှင် ပြည်နယ်အတွင်းတွင် ပြန်ချပေးခြင်း၊ မူဝါဒပြောင်းရန်ရှိ/မရှိတို့ကို သိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

ရာထူးတိုးဆောင်ရွက်ရာတွင် ကျောင်းဖွင့်ချိန် မတိုင်မီကာလတွင်  တစ်နှစ်လျှင် တစ်ကြိမ်သာ ဆောင်ရွက်သည့် အတွက် တစ်နှစ်နီးပါး ကွာခြားခြင်းဖြစ်ကောင်း ဖြစ်နိုင်ပါကြောင်း၊ ထိုအတွက်လည်း လိုအပ်ချက်ရှိသည်ကို လက်ခံပါကြောင်း၊ ယခုနှစ်ပြုပြင်ပြောင်းလဲမှုအနေဖြင့်  မိမိတို့ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာဆရာ/ဆရာမများ ရာထူးတိုးပြောင်းကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် သီးခြားလူမှုရေးဝန်ကြီးများဦးဆောင်၍ ဆောင်ရွက်လျက် ရှိပကြောင်း၊  အထူးသဖြင့် ပြည်နယ်ရှစ်ခုနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် လူမှုရေးဝန်ကြီး ကိုယ်တိုင်ဦးဆောင်၍ ပြည်နယ်အတွင်း လိုအပ်ချက်ရှိသည့်နေရာကို ၎င်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့်ဆရာ/ ဆရာမများထဲမှ ရွေးချယ်စိစစ်ပြီး နေရာချထား လျက်ရှိ ပါကြောင်း၊ တစ်နှစ်ကိုတစ်ကြိမ် ဆောင်ရွက်ရာမှ အကြိမ်တိုးဆောင်ရွက်ရန် ရှိရင်း ဝန်ထမ်းစည်းမျဉ်းများ၊ ရှိရင်းလုပ်ထုံး လုပ်နည်းများ၊ ရာထူးဝန်အဖွဲ့နှင့် လုပ်ထုံးလုပ်နည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဆက်စပ်မေးခွန်းကိုပြန်လည်ဖြေကြားခဲ့ပါသည်။