ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယ နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ (၂၀.၅.၂၀၂၀)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယ နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

( ၂၀၂၀ ပြည့်နှစ်၊ မေလ  ၂၀  ရက် )

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယ နေ့ကို ၂၀၂၀  ပြည့်နှစ်၊ မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၀ )ဦး အနက် ( ၃၇၈ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          ( က )  ကြယ်ပွင့်ပြမေးခွန်း (၁၀)ခု မေးမြန်းဖြေကြားခြင်း

                      (၁)   ဦးထွန်းထွန်း၊ ပွင့်ဖြူမဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု မည်မျှ တိုးတက်လာသည်နှင့် အနာဂတ်ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်များအား သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းက ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒီဇင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း  ၇၉၉ ခု ရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၉.၄၅၅ ဘီလီယံနှင့် မြန်မာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၄၇၃ ခု ရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်း     ကျပ် ၈၉၁၄.၁၉၁ ဘီလီယံတို့ကို စိစစ်ခွင့်ပြုပေးခဲ့ပါကြောင်း၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများမှ ပြည်တွင်း၊ ပြည်ပလုပ်သားဦးရေစုစုပေါင်း ၄၇၇၇၉၃ ဦးနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ပြည်တွင်း၊ ပြည်ပလုပ်သားဦးရေ စုစုပေါင်း ၆၆၉၇၄ ဦးတို့ကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပါ ကြောင်းနှင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမည့် လုပ်ငန်းများနှင့် အရည်အသွေး ပြည့်ဝပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များဖြစ်စေရေးအတွက် စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ 

                      (၂)   ဦးဝင်းမြင့်အောင်၊ ဒီပဲယင်းမဲဆန္ဒနယ်က မေးမြန်းသော ရွှေဘို၊ ဝက်လက်နှင့် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရှိ စပါးဂိုဒေါင်များကို မည်သည့်အချိန်တွင် တာဝန်ယူ ဖျက်သိမ်းမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းပေးခဲ့သည့် သိုလှောင်ရုံ (၂၆)လုံးကို အမှတ်(၉၂၉)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ စနစ်တကျလွှဲပြောင်းလက်ခံ ရယူခဲ့ပြီး မြေစာရင်းပုံစံ(၁၀၅/၁၀၆)တို့ကိုလည်း လျှောက်ထားရယူပြီးဖြစ်ပါကြောင်း၊ သိုလှောင်ရုံ(၂၆)လုံးအနက် သိုလှောင်ရုံ(၁၀)လုံးအား လက်ရှိတွင် တပ်မတော် ရိက္ခာဆန်/စပါးများသိုလှောင်ရုံအဖြစ် အသုံးပြုလျက်ရှိခြင်း၊ အခြားသိုလှောင်ရုံ (၁၃)လုံးတွင်လည်း တပ်မတော်ရိက္ခာဆန်/စပါးများ၊ ကုလားပဲများ၊ တိရစ္ဆာန် ရိက္ခာစပါးများ တိုးမြှင့်ဝယ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသော သိုလှောင်ရုံ (၃)လုံးအား ပြင်ဆင်၍ အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့်  ယင်းသိုလှောင်ရုံများကို ဖျက်သိမ်းခြင်းပြုမည်မဟုတ်ဘဲ ကာကွယ်ရေးဝန်ကြီး ဌာနက ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

                      (‌၃)   ဒေါ်ချိုချို၊ အုတ်တွင်း မဲဆန္ဒနယ်က မေးမြန်းသော လယ်ယာစိုက်ပျိုးရေးမှ ထွက်ရှိ လာသော သီးနှံများ ဈေးနှုန်းတည်ငြိမ်မှုရှိရန်အတွက် သီးနှံထွက်ရှိချိန်တွင် ဝယ်ယူ သိုလှောင်ထားရန် လိုအပ်သော ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ သိုလှောင်ရုံ တည်ဆောက်မှုတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ မိမိတို့ နိုင်ငံအတွက် အကျိုး ရှိစေမည့် မူဝါဒများချမှတ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု၊ ပြည်ပချေးငွေများကို ဖိတ်ခေါ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ သိုလှောင်ရုံတည်ဆောက်မှုတို့အတွက် သက်ဆိုင်သူများအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ကုန်သွယ်မှုချောမွေ့ စေရေး၊ ပို့ကုန်မြှင့်တင်ရေးနှင့် သင့်တင့်လျောက်ပတ်သော လက်ယာထွက်ကုန် ဈေးနှုန်းများ ဖြစ်လာစေရေးအပိုင်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

                      (၄)   ဦးမျိုးဇော်ဦး၊ လယ်ဝေးမဲဆန္ဒနယ်က မေးမြန်းသော လယ်ဝေးမြို့နယ်အတွင်းရှိ  အေလာကျေးရွာအုပ်စုကို ပယ်ဖျက်ပြီး အေလာမြို့အဖြစ် အဆင့်တိုးမြှင့်ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က နယ်နိမိတ်ကြပ်မတ်ရေးအရာရှိနှင့် နယ်နိမိတ်သတ်မှတ်ရေးအရာရှိများ ခန့်အပ် တာဝန်ပေးအပ်ပြီးပါက သက်ဆိုင်ရာ မြို့နယ်က မြို့၊ ရပ်ကွက်၊ ကျေးရွာ ပြင်ဆင် ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းနှင့်အညီမြို့အဖြစ် တရားဝင်အဆင့်တိုးမြှင့်ခွင့်ပြုမိန့် ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

                    (၅)   ဒေါက်တာဦးစောနိုင်၊ တောင်ဥက္ကလာပမဲဆန္ဒနယ်က မေးမြန်းသော ငမိုးရိပ်ရေသန့် စက်ရုံတွင် ရေတွန်းစက်များသုံးစွဲ၍ ရေပေးဝေနေခြင်းအပြင် လျှပ်စစ်ဓာတ်အား လျှော့ချနိုင်မည့် Gravity နည်းစနစ်ပါ သုံးစွဲ၍ ရေပေးဝေနိုင်ရန် ရေရှည်စီမံကိန်း ချမှတ်၍ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ငမိုးရိပ်ရေသန့်စက်ရုံရှိ ရေတွန်းစက် များသည် မီးတစ်ကြိမ်ပျက်လျှင် အပြည့်အဝ စွမ်းရည်ပြည့် ပြန်လည်အလုပ်လုပ် ရန်မှာ  (၂)နာရီခန့် အချိန်ယူရသဖြင့် တချို့ရေတွန်းစက်များကို မီးစက်ဖြင့် သုံးစွဲ နိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးညီထွန်းက gravity နည်းစနစ်ပါသုံးစွဲပြီး ရေပေးဝေခြင်းကို ဆောင်ရွက်မည်မဟုတ်ပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ နှင့် JICA တို့ ပူးပေါင်းဆောင်ရွက်တင်ပြထားသော ရေပေးဝေရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရေတွန်းစက်များ နှင့်ပတ်သက်ပြီး မီးစက်များပါသုံးစွဲနိုင်ရန်အတွက် မီးစက်များတပ်ဆင်မည့် ကုန်ကျစရိတ်နှင့် ပြုပြင်ထိန်းသိမ်းစရိတ်များကို ရန်ပုံငွေလျာထားတင်ပြတောင်းခံပြီး ရန်ပုံငွေခွင့်ပြုရရှိမှုပေါ်မူတည်၍ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

                    (၆)   ဦးကျော်ဆွေဝင်း(ခ)ဦးအာလူး၊ ကော့မှူးမဲဆန္ဒနယ်က မေးမြန်းသော ကော့မှူး      မြို့နယ်၊ မြို့မဈေးအား အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးညီထွန်းက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံလိုသူများမှ စိတ်ပါဝင်စားမှုမရှိခြင်းကြောင့် လက်ရှိအခြေအနေတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်းနှင့် ရင်းနှီးမြှုပ်နှံလိုသူ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရေး အဆိုပြု တင်ပြ လာပါက ကော့မှူးမြို့မဈေးအသစ် တည်ဆောက်ခြင်းလုပ်ငန်းအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့ သည်။

                    (၇)   ဦးညွန့်ဝင်း၊ ကန်ပက်လက်မဲဆန္ဒနယ်က မေးမြန်းသော ကန်ပက်လက် မြို့ဟောင်း မြေနေရာတွင် တရားမဝင်ကျူးကျော်နေထိုင်သူများအား ဉပဒေအရ ဖယ်ရှားပေးရန် နှင့် မြို့မြေဧရိယာအတွင်း ဆောက်လုပ်ထားသော ဟိုတယ်ဇုန်မြေနေရာများအား ပိုင်ဆိုင်မှုဧရိယာ အထောက်အထားအတိုင်း မြေယာစိစစ်တိုင်းတာမှုများ တိတိ ကျကျ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ကျူးကျော် နေအိမ်ဆောက်လုပ်သူများကို စည်ပင်သာယာရေး ဥပဒေဖြင့် အရေးယူဖယ်ရှားရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်နိမိတ်တိကျမှုရှိရန်အတွက် မြို့မြေတိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာငွေ လျာထားချက်တွင်ပါဝင်ပြီး ဘဏ္ဍာငွေခွင့်ပြုမှုရရှိပါက ရေးဆွဲထားသည့်စီမံချက် ပါအတိုင်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၈)   ဦးမြတ်လေးဦး၊ ထီးလင်းမဲဆန္ဒနယ်က မေးမြန်းသော ထီးလင်းမြို့နယ်ရှိ ဆင်စွယ် ကျေးရွာတွင် စိုက်ပျိုးရေ၊ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် သင့်တော်သော နေရာတွင် တစ်ဖက်ရပ်ဆည် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က တစ်ဖက်ရပ်ဆည်ကန်လုပ်ငန်းဆောင်ရွက်ရန် သင့်လျော်မှုမရှိသည့် အခြေအနေကို မိမိဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး  တိုးတက်ရေးဦးစီးဌာန အနေဖြင့် ဒေသနေပြည်သူများအတွက် အဓိကလိုအပ်ချက်ရှိမည့် သောက်သုံးရေ ရရှိရေးကို မြေအောက်ရေအရင်းအမြစ်ရှိနိုင်မည့်နေရာကို စူးစမ်းရှာဖွေမှုနှင့် စက်ရေတွင်း တူးဖော်နိုင်မှု ရှိ၊ မရှိ ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဖြစ်မြောက်နိုင်စွမ်း ရှိ၊ မရှိ စိစစ်ပြီး အခြေအနေပေးလာသည်နှင့် လုပ်ငန်းအကောင် အထည်ဖော်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၉)   ဦးထွန်းထွန်းနိုင်၊ ကနီမဲဆန္ဒနယ်က မေးမြန်းသော ကနီမြို့နယ်ရှိ ယင်း-ကုန်းသာ ရေတားတမံပြုပြင်နိုင်ရန် တာတမံမူလဧရိယာများအားကျူး၍ (ပုံစံ-၇) ရယူထားမှု များအား ပယ်ဖျက်ပေးရန်နှင့် တာတမံပြုပြင်ရာတွင် ရေဘေးအန္တရာယ် ကင်းဝေး နိုင်မည့် ဒီဇိုင်းများဖြင့် ရေးဆွဲဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က တာတမံဖြင့် အသုံးပြုသတ်မှတ်မည့် မြေဧရိယာများအတွင်း လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ထုတ်ပေးထားသည့် လယ်ယာမြေများ ပါဝင်မည်ဆိုပါက သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးအနေဖြင့် ၂၀၁၇ ခုနှစ်၊ တာတမံ ဥပဒေအရ နစ်နာမှုမရှိစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်းနှင့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်ကို ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ ဆက်လက် စီမံခန့်ခွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၁၀) ဦးသန်းလင်းလင်း၊ မယ်စဲ့မဲဆန္ဒနယ်က မေးမြန်းသော မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာ နှင့် နန့်မန်းကျေးရွာ၌ ရာသီမရွေး သောက်သုံးရေရရှိနိုင်ရန်အတွက် ချောင်းရေတင် စနစ်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ချောင်းရေတင် စနစ်တွင် အခြေအနေမပေးသည့်အတွက်ကြောင့် ကျေးရွာများရေရရှိရေးကို ဒေသရေမြေနှင့် ကိုက်ညီမှုရှိသည့် ရေရရှိရေးနည်းလမ်းကိုသုံးစွဲပြီး စီမံဆောင်ရွက် လျက်ရှိကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လျာထားပြီးဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                   (ခ)    ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်းနှင့် အစီရင်ခံစာ       တင်သွင်းခြင်း

              အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ကျန်းမာရေးမှူး ကောင်စီ ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်း ကော်မတီက ယင်းဥပဒေကြမ်းကို အစီရင်ခံစာနှင့်အတူ တင်သွင်းသည်။ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် များက ၂၂-၅-၂၀၂၀(သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

၃။          ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီတိတိတွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပမည့်ရက်ကို ၂၅-၅-၂၀၂၀ ရက် (တနင်္လာနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။