(ဆ)-ကန်ပက်လက်မြို့ဟောင်းမြေနေရာတွင် တရားမဝင်ကျူးကျော်နေထိုင်သူများအား ဖယ်ရှားပေး ရန် နှင့် မြို့မြေဧရိယာအတွင်း ဟိုတယ်ဇုန်မြေနေရာအား ပိုင်ဆိုင်မှုဧရိယာ မြေယာစိစစ်တိုင်းတာမှုများ တိတိကျကျ ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ (၂၀.၅.၂၀၂၀)

ကန်ပက်လက်မြို့ဟောင်းမြေနေရာတွင် တရားမဝင်ကျူးကျော်နေထိုင်သူများအား ဥပဒေအရ ဖယ်ရှားပေးရန်နှင့် မြို့မြေဧရိယာအတွင်း ဆောက်လုပ်ထားသော ဟိုတယ်ဇုန်မြေနေရာအား ပိုင်ဆိုင်မှုဧရိယာအထောက်အထားအတိုင်း မြေယာစိစစ်တိုင်းတာမှုများ တိတိကျကျ ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သည် ၁၉၇၉ ခုနှစ် မြို့မြေဧရိယာ သတ်မှတ်ချက်ပြန်တမ်းအရ ၁၉၂၀ ဧကကျယ်ဝန်းပြီး မြို့မရပ်ကွက်နှစ်ခုနှင့်ဖွဲ့စည်း တည်ထောင်ထားသည့်မြို့ဖြစ်ပါကြောင်း၊ ယနေ့ခေတ်အခြေအနေအရ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိမြို့ရွာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ မိမိတို့ကန်ပက်လက်မြို့နယ်သည် မြို့နယ်လူဦးရေနှင့်အိမ်ခြေများ တဖြည်းဖြည်း တိုးတက်များပြား လာပြီး မြို့နေတိုင်းရင်းသားပြည်သူများအတွက် တိုးချဲ့ကွက်သစ်အိမ်ခြေများ ချထားပေးရန်နှင့် ဌာန ဆိုင်ရာ အစိုးရရုံးအဆောက်အဦသစ်များ ဆောက်လုပ်ရန်မြေနေရာများ လိုအပ်နေပါကြောင်း၊ ၁၉၉၀ ခုနှစ် မတိုင်မီနှစ်များအတွင်း ကန်ပက်လက်မြို့၊ မြို့မြေဧရိယာကို သက်ဆိုင်ရာဌာနများနှင့် မြို့မိ မြို့ဖများက တိကျကောင်းမွန်စွာစီမံခန့်ခွဲ ထိန်းသိမ်းလာခဲ့ကြသော်လည်း ၁၉၉၀ ခုနှစ်နောက်ပိုင်း တွင် အမျိုးသားဥယျာဉ်ထူထောင်ရေးကို အကြောင်းပြုပြီး မြို့မြေဧရိယာအတွင်း တရားမဝင်မြေယာ များ ရယူပိုင်ဆိုင်မှုများ၊ မြို့မြေဧရိယာအတွင်း ဥပဒေမဲ့ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်ခဲ့ကြ ပါကြောင်း၊ ၁၉၇၉ ခုနှစ် မြို့နယ်နိမိတ်ပြန်တမ်းအရ သတ်မှတ်ထားရှိခဲ့သည့် ၁၉၂၀ ဧကအတွင်း သစ်တောဧရိယာ၊ အမျိုးသားဥယျာဉ်ဧရိယာ သတ်မှတ်ချက်များအပေါ် အကြောင်းပြုပြီး မြို့မြေဧက များစွာအပေါ် ဟိုတယ်များဆောက်လုပ်ခြင်း၊ မြေနေရာများချထားပေးခြင်းများကို ပြုလုပ်ခဲ့ ကြပါကြောင်း၊ ယခုတွင် မြို့နယ်စည်ပင် နယ်နိမိတ်မြေကွက်များကို တရားမဝင်ရောင်းဝယ်ဖောက် ကားမှုများ အဆင့်ဆင့်ဖြစ်ပေါ်နေသည်ကို တွေ့ရှိနေရပါကြောင်း၊ အချို့ဟိုတယ်များမှာ ဟိုတယ် မြေနေရာအဖြစ် ဧကများစွာရယူပိုင်ဆိုင်ထားကြပြီး အသုံးမပြုဘဲ ခြံစည်းရိုးခတ်ကာရံထားခြင်းများ ပြုလုပ်နေကြပါကြောင်း၊ ထိုမြေများသည် ကန်ပက်လက်ဒေသခံ မြို့မိမြို့ဖများမှ ရေရှည် မြို့နေ လူဦးရေတိုးပွားလာပါက မြို့ကွက်သစ်အိမ်ရာများချထားပေးရန် အမြော်အမြင်နှင့် စီမံခဲ့သည့်နေရာ များဖြစ်ပါကြောင်း၊

မြို့မြေယာစီမံခန့်ခွဲရေးတွင် အဓိကတာဝန်ရှိဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနများက ကောင်းမွန် နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းပေးရန် အထူးလိုအပ်နေပြီဖြစ်ပါကြောင်း၊ ကန်ပက်လက်မြို့၊ မြို့နယ် စည်ပင်ဧရိယာစီမံခန့်ခွဲမှုမှာ ရှင်းလင်းတိကျမှန်ကန်သည့် မြို့မြေနယ်နိမိတ် ပြန်လည်စိစစ်သတ် မှတ်နိုင်ရန် မြို့မြေစီမံအသုံးချမှုအပေါ် သက်ဆိုင်ရာဌာနအသီးသီးက အဂတိကင်းစွာဖြင့် ကောင်းမွန် မှန်ကန်စွာ စီမံခန့်ခွဲနိုင်ရန်၊ မြို့မြေဧရိယာအတွင်း ဥပဒေမဲ့၊ အထောက်အထားမဲ့ တရားမဝင် ရောင်း ဝယ်ဖောက်ကားခြင်းများနှင့် တရားမဝင်ကျူးကျော်နေထိုင်သူများကို အချိန်မီရှင်းလင်းပြီး တည်ဆဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း အမြန်ဆုံးအရေးယူပေးရန် လိုအပ်နေပါကြောင်း၊ ထို့ကြောင့် ကန်ပက်လက်မြို့၊ မြို့ဟောင်းမြေနေရာရှိ လက်ဖက်ခင်း၊ ပြန်လည်စွန့်လွှတ်မြေနှင့် မြို့မြေဧရိယာ နယ်နိမိတ်အတွင်း တရားမဝင်ကျူးကျော်နေထိုင်သူများအား ဥပဒေအရ ဖယ်ရှားပေးနိုင်ရေး၊ မြို့မြေ ဧရိယာအတွင်း ဖွင့်လှစ်ထားသော ဟိုတယ်ဇုန်နှင့် ဟိုတယ်မြေနေရာများ ပိုင်ဆိုင်မှုဧရိယာ အထောက်အထားအတိုင်း ပိုင်ဆိုင်မှုရှိ/မရှိ စိစစ်နိုင်ရေးနှင့် မြေယာစိစစ်တိုင်းတာမှုများ တိတိကျကျ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကန်ပက်လက်မြို့၏ နောက်ခံအခြေအနေနှင့် ဖြေကြားထားမှုရှိပါ ကြောင်း၊ ၁၉၇၃ ခုနှစ်၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ပြန်တမ်းအရ ကန်ပက်လက်မြို့ကို မြို့မြေ ဧရိယာ ၁၉၂၀ ဧကနှင့် ဖွဲ့စည်းတည်ရှိထားသည့်အခြေအနေဖြစ်ပါကြောင်း၊ ၂၀၀၇ ခုနှစ်တွင် အဆိုပါ မြို့မ()ရပ်ကွက် (မြို့ဟောင်း)အတွင်းက ဧရိယာ ၅၄.၅၄ ဧကကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းလုပ်ရန်အတွက် ဆောင်ရွက်ခဲ့သည့်အခြေအနေ ဖြေကြားထားပါကြောင်း၊ သို့သော် အဆိုပါလုပ်ငန်းမှာအောင်မြင်မှုမရှိခဲ့ကြောင်းကို သိရှိရပါကြောင်း၊လက်ဖက်စိုက်ပျိုးရေး ဆောင်ရွက်ခဲ့သည့်ဧရိယာအတွင်းမှာ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တွင်ရှိသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ဧရိယာ ၄.၉၈ ဧကနှင့် ဧရိယာ ၄.၉၉ ဧက အသီးသီး ဂရန်အမှုတွဲအမှတ်(၈၉/၂၀၁၆)နှင့် (၈၈/၂၀၁၆)တို့ဖြင့် နှစ် ၃၀ မြေငှားဂရန်များ အသီးသီး ခွင့်ပြုချထားပေးခဲ့ပါကြောင်း

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက လက်ဖက်စိုက်ခင်းအဖြစ် ဆောင်ရွက်ခဲ့သည့် တင်ပြပါ ဧရိယာ ၅၄.၅၄ ဧကကို ၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့၏အစည်းအဝေး အမှတ်စဉ်(၃၃/၂၀၁၅) ဆုံးဖြတ်ချက်အရ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၉.၉၇ ဧကကို ဆက်လက်ဆောင်ရွက်ရန်နှင့် ကျန်ရှိသည့် ၄၄.၅၇ ဧကကို မြို့၏ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အစိုးရ၏စီမံခန့်ခွဲပိုင်ခွင့် ရှိသည့်မြေအဖြစ် ထားရှိရန်ဆုံးဖြတ် ခဲ့ပါကြောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြန်လည်စွန့်လွှတ်ခဲ့ပြီးဖြစ်သည့် အစိုးရ စီမံခန့်ခွဲနိုင်ခွင့်ရှိသောမြေအဖြစ် ထားရှိခဲ့သည့် ၄၄.၅၇ ဧကအတွင်းမှာ လူပုဂ္ဂိုလ်ခုနစ်ဦးမှ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း ကျူးကျော်ပြီးနေအိမ်များ ဆောက်လုပ်ခဲ့ကြပါကြောင်း၊ ထိုကျူးကျော် ဆောက်လုပ်သူများကို စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူဖယ်ရှားရန် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊

ကန်ပက်လက်မြို့ မြေဧရိယာအတွင်းမှာ ဟိုတယ် (၆)လုံးနှင့် တည်းခိုခန်း (၁၁) လုံး ဖွင့်လှစ်ထားရှိပါ ကြောင်း၊ ဟိုတယ်(၆)လုံးအတွက် မြေပိုင်ဆိုင်မှုဆိုင်ရာမြေငှားဂရန်များ ရရှိထားပါကြောင်း၊ တည်းခို ခန်း ၁၁ လုံးအနက် (၅)လုံးအတွက် မြေငှားဂရန်များ ရရှိထားပြီး ကျန်(၆)လုံးမှာ မြေငှားဂရန် လျှောက်ထားရယူခြင်း မရှိသေးပါကြောင်း၊ ကန်ပက်လက်မြို့အတွင်းမှာရှိသည့် ဟိုတယ်နှင့် တည်းခို ခန်းများ၊ လူနေထိုင်သည့်မြေများ အပါအဝင် မြို့မြေနယ်နိမိတ်အား တိတိကျကျ တိုင်းတာနိုင်ရန် အတွက် မြို့မြေတိုင်းတာရေးစီမံချက်နှင့် ကုန်ကျမည့်ဘတ်ဂျက်ဆိုင်ရာ အသေးစိတ်တွက်ချက်မှု စာရင်းများကို ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေမှာ ထည့်သွင်းရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ မြို့မြေတိုင်း တာရာတွင် နယ်နိမိတ်များကို စနစ်တကျ တိုင်းတာသတ်မှတ်ရန်အတွက် ကန်ပက်လက်မြို့နယ် အုပ်ချုပ်ရေးမှူးကို နယ်နိမိတ်သတ်မှတ်ရေးအရာရှိ (Boundary Officer)၊ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးကို နယ်နိမိတ်ကြီးကြပ်ရေးအရာရှိ(Demarcation Officer)အဖြစ် မိမိတို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၁၁.၇.၂၀၁၉ ရက် နေ့တွင် အမိန့်ကြော်ငြာစာ အမှတ်(၂၁၇/၂၀၁၉)ကို ထုတ်ပြန်တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊

ကန်ပက်လက်မြို့၊ မြို့မြေဧရိယာအတွင်းတွင် လူနေထိုင်သည့်မြေများနှင့်ပတ်သက်ပြီး အချိန်ကြာ လာသည်နှင့်အမျှ မြေတန်ဖိုးမြင့်တက်လာသည့်အတွက်ကြောင့် နယ်နိမိတ် အငြင်းပွားမှုပြဿနာ များမှာလည်း ရှိလာနိုင်သည့်အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် နယ်နိမိတ်တိကျမှုရှိရန်အတွက် မြို့မြေတိုင်းတာရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင် ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ Boundary Officer နှင့် Demarcation Officer များကိုလည်း ခန့်အပ် ပြီးဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်နှင့် ယခု ၂၀၂၀-၂၁ ဘဏ္ဍာငွေ လျာထားချက်တွင် ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘဏ္ဍာငွေခွင့်ပြုမိန့်ရရှိပါက မြို့မြေတိုင်းတာရေးလုပ်ငန်းများကို ရေးဆွဲထားသည့်စီမံချက်ပါအတိုင်း စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။