ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက် )
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယ နေ့ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၁ )ဦး အနက် ( ၃၇၇ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
( က ) ကြယ်ပွင့်ပြမေးခွန်း (၉)ခု မေးမြန်းဖြေကြားခြင်း
- ဒေါ်နီနီမေမြင့်၊ တောင်ကုတ်မဲဆန္ဒနယ်က မေးမြန်းသော တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအား ကျောင်းဆောင်သစ် ဆောင်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေခေါင်းစဉ်အောက်တွင် ထည့်သွင်းလျာထားပြီး ခွင့်ပြု ချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
- ဦးမိုးရွှေ၊ ပူတာအိုမဲဆန္ဒနယ်က မေးမြန်းသော ပူတာအိုမြို့နယ်ရှိ နမ်ထွမ်ခူးအုပ်စု၊ နမ်ထွမ်ခူး အခြေခံပညာအလယ်တန်းကျောင်းအား ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကျောင်းအဆင့်တိုးမြှင့်ခြင်းအတွက် လျာထား ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
- ဦးအာမိုးဆီ၊ ခေါင်လန်ဖူးမဲဆန္ဒနယ်က မေးမြန်းသော ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ အ-မ-က(ခွဲ)ခီဆီဒီ၊ အ-မ-က(ခွဲ) ကျီးဒူနှင့် အ-မ-က(ခွဲ) ဇာလင်းကျောင်း ကျောင်းအတွက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဆရာ၊ ဆရာမများ ခန့်ထား ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက ဆရာ၊ ဆရာမများ ခန့်ထားပေးနိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
- ဒေါက်တာဦးအောင်နိုင်၊ သပိတ်ကျင်းမဲဆန္ဒနယ်က မေးမြန်းသော သပိတ်ကျင်း မြို့နယ်တွင် အစိုးရနည်းပညာအထက်တန်းကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လတ်တလော ဦးစားပေးအစီအစဉ်တွင် မပါရှိသေးပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
- ဦးစိုင်းထွန်းအေး၊ မိုင်းရှူးမဲဆန္ဒနယ်က မေးမြန်းသော ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့် ညွှန်ကြားချက်များကို လေးစားလိုက်နာ၍ အကောင် အထည်ဖော်ခြင်း ရှိ၊ မရှိနှင့် စက်ရုံလည်ပတ်ခွင့်ကို သုံးနှစ်အထိ သက်တမ်းတိုး ပေးခဲ့ခြင်းကို ပြန်လည်သုံးသပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီး ဌာနများ၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၇-၅-၂၀၁၉ ရက်နေ့မှ ၂၆-၅-၂၀၂၂ ရက်နေ့ အထိ သုံးနှစ်ဆက်တိုက် မောင်းနှင်ခွင့်ပြုခဲ့ပါကြောင်းနှင့် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့် ညွှန်ကြားချက်တို့၏ ဘောင်အတွင်းမောင်းနှင်ရန် အထူးကြပ် မတ်စောင့်ကြည့်နေပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
- ဦးခင်ချို၊ လှိုင်းဘွဲ့မဲဆန္ဒနယ်က မေးမြန်းသော BOT စနစ်ဖြင့် ဆောင်ရွက်ခွင့် ပြုထားသော ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများအတွက် ပဋိညာဉ်စာချုပ် ချုပ်ဆိုမှုများအရ စီမံကိန်းလုပ်ငန်းအားလုံး နိုင်ငံတော်သို့ လွှဲပြောင်းအပ်နှံရမည့် ကာလအား ပြန်လည်ပြင်ဆင်ညှိနှိုင်းချုပ်ဆိုရန် အစီအစဉ် ရှိ၊ မရှိ တို့ကို သိရှိ လိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပဋိညာဉ်စာချုပ်များ သက်တမ်းကုန်ဆုံး၍ နိုင်ငံတော်သို့ ပြန်လည်လက်ခံရရှိရ မည့်အချိန်တွင် ကောင်းမွန်သော အနေအထားအတိုင်း ပြန်လည်ရရှိမည်ဖြစ်ပါကြောင်းနှင့် BOT ကာလကို ပြန်လည်ပြင်ဆင်ရန် မရှိပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
- ဦးနေမျိုးထက်၊ ကျောက်တံတားမဲဆန္ဒနယ်က မေးမြန်းသော ၂၀၂၀ ခုနှစ် နွေရာသီ ကာလတွင် လျှပ်စစ်ကောင်းမွန်စေရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တင်ဒါခေါ်ထားသော LNG စီမံကိန်းများ၏ တည်ဆောက်ပြီးစီးမှုအခြေအနေကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက LNG to Power စီမံကိန်းများသည် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် စက်ပစ္စည်းရောက်ရှိမှု အနည်းငယ်နောက်ကျခြင်း၊ ကျွမ်းကျင်ပညာရှင်များ လာရောက်ရန် ကန့်သတ်မှုများကြောင့် နောက်ကျခြင်းတို့ ဖြစ်ပေါ်ခဲ့သော်လည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လိုအပ်သည့် ညှိနှိုင်းပေါင်းစပ်မှုဖြင့် ဆောလျင်စွာ လုပ်ငန်းပြီးစီးစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
- ဦးစတီဖန်၊ ကျိုင်းတုံမဲဆန္ဒနယ်က မေးမြန်းသော ကျိုင်းတုံမြို့နယ် နှင့်မိုင်းပျဉ်း မြို့နယ်တို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ရရှိခြင်းမရှိသေးပါသဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက မိုင်းပျဉ်းမြို့၊ ကျိုင်းတုံမြို့နှင့် ယင်းတို့၏ ပတ်ဝန်းကျင်ကျေးရွာ များသို့ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လခန့်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ စတင်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
- ဦးနေထက်ဝင်း၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ်က မေးမြန်းသော ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိ အမျိုးသားလျှပ်စစ်စီမံကိန်း (NEP) စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေး ကြန့်ကြာနေမှုအား အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးသွားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် လိုအပ်သောပစ္စည်းများ ပြည့်စုံစွာ ရောက်ရှိပြီးသည့် အချိန်တွင် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(ခ) ဥပဒေကြမ်း (၁)ခု တင်သွင်းခြင်းနှင့်အစီရင်ခံစာဖတ်ကြားခြင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ရောင်းချခြင်းဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၂၁-၅-၂၀၂၀ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပမည့်ရက်ကို ၂၀-၅-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
