နမ်ထွမ်ခူးအခြေခံပညာအလယ်တန်းကျောင်းသည် ၁၉၆၁ ခုနှစ်မှစ၍ မူလတန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ရာ ၁၉၉၀ ခုနှစ်တွင် အ.လ.က(တွဲဖက်)ကိုဖွင့်လှစ်ခဲ့ပြီး ၂၀၀၉ ခုနှစ် မူလွန်ကို ဖွင့်လှစ်ခွင့်ရရှိခဲ့ကာ ၂၀၁၄ ခုနှစ်တွင် အခြေခံပညာအလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သောကျောင်းဖြစ်ပါကြောင်း၊ နမ်ထွမ်ခူးကျေးရွာသည် ပူတာအိုမြို့မှ ၁၅ မိုင်ကွာဝေးပြီး ပူတာအိုမြို့၏အနောက်ဘက်ဆုံး တောတောင်များပတ်ပတ်လည်ဝန်းရံထားသော ချိုင့်ဝှမ်းတွင် တည်ရှိသည့်ရွာကြီးတစ်ရွာဖြစ်ပါကြောင်း၊ တောင်တက်တောင်ဆင်းများပြီး သွားလာရန်ခက်ခဲသည့်အပြင် ချောင်းများရှိ၍ မိုးတွင်းအခါရေတိုးချိန်တွင် အလွန်အန္တရာယ်များသောနေရာများကို ကျော်ကာ ကျောင်းသားကျောင်းသူများသည် ပူတာအို(အ.ထ.က)ကျောင်းသို့ ၁၅ မိုင်ခရီးကို သွားလာနေရခြင်းဖြစ်ပါကြောင်း၊ ဒေသခံမိဘများ၏စီးပွားရေးမှာ စိုက်ပျိုးရေးနှင့် တစ်နိုင်တစ်ပိုင် မွေးမြူရေးများပြုလုပ်ကြသဖြင့် သာမန်အဆင့်သာရှိသောကြောင့် အထက်တန်းပညာကို အလွယ် တကူ သင်ကြားနိုင်ရန်အတွက် ဒေသခံမိဘများမှတောင်းဆိုလာခြင်းဖြစ်ပါကြောင်း၊ နမ်ထွမ်ခူး ကျေးရွာတွင် လူနေအိမ်ခြေ ၃၆၁ အိမ်ရှိပြီး လူဦးရေ ၂,၂၈၃ ဦးနေထိုင်သော ကျေးရွာဖြစ်ပါကြောင်း၊ အလယ်တန်း ကျောင်းတွင် ကျောင်းသားကျောင်းသူပေါင်း ၂၃၆ ဦး၊ အလယ်တန်းအဆင့် ၂၃၃ ဦး၊ မူလတန်းအဆင့် ၂၀၃ ဦးရှိပါကြောင်း၊ ဘေးပတ်ဝန်းကျင်တွင် နှစ်စဉ်နှစ်တိုင်း စတုတ္ထတန်း အောင်သည့် ကျောင်းသား၊ကျောင်းသူ ၁၀၀ ဦးကျော်ရှိပြီး အလယ်တန်းအဆင့်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူနှစ်စဉ် ၁၀၀ နီးပါးရှိသောကြောင့် အထက်တန်းကျောင်းခွဲ တိုးမြှင့်ဖွင့်လှစ်နိုင်ပါက ကျောင်းသား ၂၀၀ နီးပါး အထက်တန်းပညာကို လွယ်ကူစွာသင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊
လက်ရှိ နမ်ထွမ်ခူးအလယ်တန်းကျောင်းတွင် စာသင်ဆောင်လေးဆောင်ရှိပါကြောင်း၊ (၆၀x၃၀) KG ဆောင်တစ်ဆောင်၊ (၁၂၀x၃၀) နှစ်ထပ်ပြင်ပကျောင်းဆောင်တစ်ဆောင်၊ (၉၀x၃၀) တစ်ထပ် ကျောင်းဆောင်တစ်ဆောင်၊ (၁၀၀x၃၀) နှစ်ထပ်ကျောင်းဆောင်တစ်ဆောင်တို့ ဖြစ်ပါကြောင်း၊ ကျောင်းတွင်စာသင်ခန်း ၁၆ ခန်းရှိပြီး စာရေးခုံ၊ ထိုင်ခုံ၊ ပရိဘောဂများ၊ မီဒီယာပစ္စည်းများ၊ သောက်ရေသုံးရေပြည့်စုံစွာရှိကာ ကျောင်း၏ အဝန်းဧရိယာမှာ ၈.၁၁ ဧကကျော်ရှိကြောင်း၊
သို့ဖြစ်ပါ၍ ပူတာအိုမြို့နယ် နမ်ထွမ်ခူး အခြေခံပညာအလယ်တန်းကျောင်းကို ၂၀၁၉-၂၀ ပညာသင်နှစ်အမီ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကိုယ်စားလှယ်တော်ကြီး၏မဲဆန္ဒနယ် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းတွင် အခြေခံပညာမူလတန်းကျောင်း(ခွဲ)တစ်ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၅၉ ကျောင်း၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း ၁၀ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ခြောက်ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ကိုးကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)သုံးကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်းပေါင်း ခြောက်ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၉၄ ကျောင်းအား ယနေ့ထိအဆင့်တိုးမြှင့်ခဲ့ပြီး ဖြစ်ပါကြောင်း၊
ကိုယ်စားလှယ်တော်ကြီးတင်ပြသည့် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ နမ်ထွမ်ခူးအခြေခံပညာ အလယ်တန်းကျောင်း၏ ကျောင်းသက်တမ်းမှာ ငါးနှစ်ရှိပြီးဖြစ်ပါကြောင်း၊ ကျောင်းသားဦးရေမှာ အလယ်အဆင့်သင် ကျောင်းသား၊ကျောင်းသူ ၂၃၃ ဦးရှိ၍ သတ်မှတ်ဦးရေ ပြည့်မီခြင်းမရှိပါကြောင်း၊ သို့သော် စိစစ်သည့်အခါတွင် အနီးဆုံးအထက်တန်းအဆင့်သင်ကျောင်းဖြစ်သည့် ပူတာအို အခြေခံပညာအထက်တန်း ကျောင်းနှင့် ခရီးမိုင် ၁၅ မိုင်ကွာဝေးနေသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထို့အတွက် ကိုယ်စားလှယ်တော်ကြီး၏မဲဆန္ဒနယ်တွင်ရှိသည့် ကျောင်းသားလူငယ်များအတွက် ပညာရည်အခွင့်အလမ်းရရှိစေရေးအတွက် ၂၀၂၀-၂၁ ယခုပညာသင်နှစ်တွင် ကျောင်းအဆင့်တိုးမြှင့်ခြင်းအတွက် လျာထားဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
