(က)-တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအား ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၉.၅.၂၀၂၀)

နတ်မော်ကျေးရွာအုပ်စု၊ နတ်မော်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသည် ၁၉၄၆ ခုနှစ်၌စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် အခြေခံပညာမူလတန်း (လွန်)ကျောင်းအဖြစ် လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် အလယ်တန်းအဖြစ်သို့ လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနမှ ကျောင်းအဆင့်တိုးမြှင့်ပေးခဲ့ပါကြောင်း၊ သို့ရာတွင် ယခုအချိန်၌ ကျောင်းဆောင်ကြီးသည် နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ အကာ၊ အခင်းများသည် ဟောင်းနွမ်းဆွေးမြည့်ပြီး အန္တရာယ်ရှိသည်အထိ ဆိုးရွားနေပါကြောင်း၊ ယခင်နှစ်အထိ ကျောင်းသားကျောင်းသူစုစုပေါင်းမှာ  ၃၅၀ ဦး နီးပါး တက်ရောက်ပညာ သင်ကြားလျက်ရှိပါကြောင်း၊ ၁၉၄၆ မှ စတင်ဖွင့်လှစ်ခဲ့သည့် ကျောင်းဆောင်သည် နှစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး အပေါ်ထပ်တွင် မူလတန်းနှင့် အောက်ထပ်တွင်  အလယ်တန်းကို ပညာသင်ကြားလျက်ရှိနေပါကြောင်း၊ ကျောင်းအောက်ထပ်သည် အမြင့်  ၇ ပေသာ ရှိပြီး အခင်း၊ အပြင်များသည် ၁၅ ပေသာကျယ်ဝန်းသည့်အတွက်ကြောင့် ကျောင်းသူကျောင်းသားများသည် ပညာသင်ကြားရာတွင် ကြပ်ကြပ်တည်းတည်းနှင့် ပညာကိုသင်ကြားနေရခြင်း ဖြစ်ပါကြောင်း၊ ပညာသင်ကြားသည့်အခါတွင် စိတ်ဝင်တစားနှင့် သက်သောင့်သက်သာ ပညာသင်ယူခွင့် မရကြပါကြောင်း၊  ယခုလက်ရှိတွင် ဖြစ်ပျက်နေသည့် ထိုစာသင်ကျောင်းဆောင်၏ အခြေအနေမှန်များကို မြို့နယ်တာဝန်ရှိပညာရေးဝန်ထမ်းများမှ သိရှိပြီးလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အမှန်တတယ် အသစ်ဆောက်လုပ်ရန်မဖြစ်မနေ လိုအပ်နေသည့် ကျောင်းဆောင် တစ်ဆောင်ဖြစ်သည့်အတွက် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အသစ်ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း‌ မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊‌ နတ်မော်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင် H ပုံသဏ္ဍာန် (၁၃၅ x ၁၈)ပေ သွပ်မိုး၊ ပျဉ်ကာတစ်ထပ်ဆောင်တစ်ဆောင်ရှိပါကြောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် အောက်ထပ်ကိုထပ်ပြီး တိုးချဲ့ဆောက်လုပ်သည့်အတွက် နှစ်ထပ်ဆောင် ဖြစ်ခဲ့ပါကြောင်း၊ ကျောင်းသားလူငယ်များ ပညာသင်ရန်ခွင့်အလမ်းတွင် သက်တောင့်သက်သာ ရှိစေရန်အတွက် တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် (၁၂၀ x ၃၀ )ပေ RCC တစ်ထပ်ဆောင် အသစ်ဆောက်လုပ်ရန် လိုအပ်သောရန်ပုံငွေကို ယခုလာမည့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းတည်ဆောက်ရေး ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီးဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ဆောက်လုပ်ပေးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။