(စ)-ပြည်သူ့ဆေးရုံများတွင် ပြည်သူများလာရောက်ဆေးကုသမှုခံယူသောအခါ၌ ပြည်သူများအတွက် အခမဲ့ကုသခွင့်ပေးသည့် ဆေးနှင့်ဆေးပစ္စည်းများရှိ/မရှိနှင့် အခမဲ့အသုံးပြုခွင့်ပေးထားသော ဆေးနှင့် ဆေးပစ္စည်းများကို ဆေးရုံများတွင် ပြည်သူများသိရှိစေရန် ရေးသားဖော်ပြထားရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ပြည်သူ့ဆေးရုံကြီးများတွင် လာရောက်ကုသသည့်ပြည်သူများသည် ဆေးရုံတွင်အခမဲ့ရရှိနိုင်သော ဆေးများကို ပွင့်လင်းမြင်သာစွာဖြင့် ရေးဆွဲဖော်ပြထားလိုစိတ်များ ရှိကြပါကြောင်း၊ ဆေးရုံတွင် လာရောက်ကုသသည့် ပြည်သူများသည် ဆေးရုံကိုလာရောက်ဆေးကုသချိန်တွင် မည်သည့်ဆေးများ အခမဲ့ရရှိသည်ကို သိလိုစိတ် ပြင်းပြကြပါကြောင်း၊ တချို့ပြည်သူများအနေဖြင့် ပြည်သူ့ဆေးရုံများက အခမဲ့ရရှိနိုင်သည့် ဆေးများမရှိဘဲ လက်အိတ်ကအစ ဝယ်ယူရသည့်အကြောင်းများကို လူမှု စာမျက်နှာများပေါ်တွင် တင်ထားသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့် လည်း လာရောက်ဆေးကုသသည့် ပြည်သူများကို အကြိမ်ပေါင်းများစွာ မည်သည့်ဆေးက အခမဲ့ ၊ မည်သည့်ဆေးက အခမဲ့ မရသည်များကို ရှင်းပြသည့် အကြိမ်ပေါင်းလည်း မနည်းသည့်အတွက် ဆေးရုံမှ အခမဲ့ရရှိနိုင်သည့်ဆေးများကို ရေးသားဖော်ပြထားမည်ဆိုပါက ထိုပြဿနာများ ငြိမ်းအေး သွားမည်ဖြစ်ပါကြောင်း၊
အခမဲ့ရရှိနိုင်သည့် ဆေးများကို ဆေးရုံတွင် အမျိုးအမည်ခွဲခြားဖော်ပြထားခြင်း၊ ဥပမာ Paracetamol ဆိုပါက ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လ များတွင် ရရှိနိုင်ပြီး ဧပြီလခန့်တွင် မရှိနိုင်ပါက နိုင်ငံတော်က ချပေးထားသည့် ဆေးများကို လူနာ ၂၀၀ ခန့်အတွက် ဆေးရုံကို Paracetamol ကို ချပေးထားသည်များ သေချာကြောင်း၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီ၊ မတ်လ များတွင် အဆိုပါဆေးရုံ၌ အဆိုပါဆေးနှင့် ပတ်သက်သည့် လူနာ ၂၀၀ ခန့် တက်ရောက်နေရန် လိုအပ်ပါကြောင်း၊ အကယ်၍ သုံးလအတွင်း လူနာ ၅၀၊ ၃၀၊ ၂၀ ခန့်တက်ပြီး ၂၀၀ ခန့် ရှိသည့်ဆေးသည် ကုန်သွားပြီဆိုပါက အကြောင်းတစ်ခုခုရှိပြီဟု သုံးသပ်နိုင်ပါကြောင်း၊ ထို့ကြောင့် အခမဲ့ရရှိနိုင်သည့် ဆေးများကို ဆေးရုံတွင် ဖော်ပြလိုက်မည်ဆိုပါက တစ်ဖက်တွင်လည်း ကျန်းမာရေးဝန်ထမ်းနှင့် ပြည်သူများ အကြား မလိုလားအပ်သည့် ပြဿနာများ လျော့နည်းသွားနိုင်သကဲ့သို့ တစ်ဖက်တွင်လည်း မသမာ မှုနှင့် အဂတိတရားများကို ထိန်းချုပ်ရနိုင်သော တစ်ချက်ခုတ် နှစ်ချက်ပြတ် နည်းလမ်းတစ်ခု ဖြစ်ပါ ကြောင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းသည် သံသယစိတ်ကင်းရှင်းပြီး ယုံကြည်မှုများ ပိုမိုရရှိ လာနိုင်ပါ ကြောင်း၊ ကျန်းမာရေးဝန်ထမ်းနှင့် ပြည်သူများကြား မလိုလားအပ်သည့် ပြဿနာများလည်း လျော့နည်းသွားနိုင်ပါကြောင်း၊ အဂတိတရားများနှင့် မသမာမှုများကိုလည်း ထိန်းချုပ်နိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါကြောင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းအားဖြင့် လူသားတစ်ဦးနှင့် တစ်ဦး အချင်း ချင်း အကြားတွင်လည်း ယုံကြည်မှုပိုမိုရရှိလာနိုင်ပြီး အစိုးရနှင့် ပြည်သူကြား ယုံကြည်မှု ပိုမိုရရှိနိုင် ပါသဖြင့် ပြည်သူ့ဆေးရုံများတွင် ပြည်သူများလာရောက်ဆေးကုသမှုခံယူသောအခါ၌ ပြည်သူများ အတွက် အခမဲ့ကုသခွင့်ပေးသည့် ဆေးနှင့်ဆေးပစ္စည်းများရှိ/မရှိနှင့် အခမဲ့အသုံးပြုခွင့်ပေးထားသော ဆေးနှင့် ဆေးပစ္စည်းများကို ဆေးရုံများတွင် ပြည်သူများသိရှိစေရန် ရေးသားဖော်ပြထားရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မေးခွန်းနှင့် ပတ်သက်၍ (၁)အချက် ဆေးရုံလုပ်ငန်းညှိနှိုင်းအစည်းအဝေး မှတ်တမ်းအရ ပြည်သူ့ ဆေးရုံများ၌ နိုင်ငံတော်မှ ထောက်ပံ့ခွဲဝေချထားသော ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူထားသော ဆေးဝါး များနှင့် ထောက်ပံ့ထားသော အခမဲ့ရနိုင်သည့်ဆေးဝါးများ အမည်စာရင်းအား အများပြည်သူ များမြင်အောင် ကပ်ထားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၂၄-၁-၂၀၁၈ ခုနှစ် စာအမှတ် ကုသရေးညွှန်ကြားချက် ၂၀၁၈(၁၆၈)ဖြင့် ညွှန်ကြားထားပြီးဖြစ်သည့်အပြင် ထပ်မံ၍လည်း ၈-၅-၂၀၂၀ ခုနှစ်တွင် အကြောင်းကြားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသတွင်လည်း Focal Personal ထားပြီး လက်အောက်ဆေးရုံများမှ လုပ်ငန်းဆောင်ရွက်ချက်များကို ကြီးကြပ်မှုရှိပါကြောင်း၊ ထိုကိစ္စတွင် ပထမက ဝယ်ယူမှု၊ တစ်ဖက်က လူနာဦးရေ အရေအတွက်၊ ဥပမာ ၂၀၁၆-၂၀၁၇ တွင် ၁၇၁ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ တွင် ၂၀၄ ဘီလီယံ၊ ခြောက်လဘတ်ဂျက်တွင် ၆၃ ဘီလီယံ၊ ၂၀၁၈-၂၀၁၉ တွင် ၁၉၇ ဘီလီယံ၊ ၂၀၁၉-၂၀၂၀ တွင် ၂၂၆ ဘီလီယံသုံးပါကြောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် တိုင်းရင်းဆေးမပါဘဲ ကုသရန် ဆေးရုံဘက်တွင် ၂၀၁၆-၂၀၁၇ အတွက် ၉၈ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ အတွက် ၁၃၅ ဘီလီယံ၊ ၂၀၁၈-၂၀၁၉ အတွက် ၁၂၅ ဘီလီယံနဲ့ ၂၀၁၉-၂၀၂၀ အတွက် ၁၄၃ ဘီလီယံထိ တက်လာပါကြောင်း၊ ထို့အတူ လူနာအရေအတွက်လည်း တက်လာပါကြောင်း၊ အတွင်းလူနာပေါင်း ဆေးရုံများတွင် လူနာပေါင်း ၃.၁၅ သန်းထိအထိ ရှိလာပါကြောင်း၊ အပြင်လူနာပေါင်း ၁၀ သန်းက ၂၀၁၉ ခုနှစ်တွင် ၁၂ သန်းထိတက်လာပါကြောင်း၊ တစ်ဖက်က လူနာတက်လာသကဲ့သို့ ဆေးကလည်း ပိုလိုအပ်မည် ဖြစ်ပါကြောင်း၊ မိမိတို့ရရှိသည့် ဘတ်ဂျက်က တစ်နှစ်ကို One Trillion ခန့်ရသည့်အထဲမှ ဘီလီယံ ၃၀၀ ဆေးဝယ်မည်ဆိုပါက လောက်ငမည်ထင်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးကဏ္ဍနှင့် တိုင်းရင်းဆေးကဏ္ဍများ မပါသေးပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဘက်တွင် ဆေးများ အခမဲ့ပေး လေ့ရှိပြီး ဆေးခန်းလာပြသည့် လူနာပေါင်းက တစ်နှစ်လျှင် ၁၄ သန်းရှိပြီး လာရောက်ပြသသည့် အကြိမ်ပေါင်းက ၂၄ သန်းရှိပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဆိုတာ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲ၊ အမျိုးသမီးနှင့် ကလေး(MMCH Center)တွေ၊ Urban Health Center များတွင် တွေ့ရပါကြောင်း၊ လေးနှစ်အတွင်း သုံးသည့်ဆေးများကို ပြန်လည် Review လုပ်ပြီး အများဆုံးသုံးသည့်ဆေး ၁၇ မျိုးကို ပိုမိုဝယ်ယူ၍ သိပ်မသုံးသည်များကို လျှော့၍ ဝယ်ယူသွား မည်ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၅ရက်နေ့တွင် ကျန်းမာရေး အာမခံစနစ်ကို ဒေါက်တာ စံရွှေဝင်း တင်ထားပြီး အဆိုကိုအတည်ပြုထားပါကြောင်း၊ ယင်းအဆိုအတိုင်း အောင်မြင်မည်ဆိုပါက အထိုက်အလျောက်ပေးရမည်ဖြစ်ပါကြောင်း၊ မည်သည့်နိုင်ငံမဆို အာမခံစနစ်ရှိတဲ့သူသာ အဆိုပါ ဆေးများကို ရရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် လစဉ်လစဉ် ဒေါ်လာ ၅၀၀၊ WHO ဒေါ်လာ ၁၀၀၀ ထည့်ဝင်ရခြင်းကြောင့် ၁၅၀၀ ပေးနေရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဆင်းရဲသည့်နိုင်ငံဖြစ်သော်လည်း ပြည်သူကိုငဲ့ညှာသောအားဖြင့် တတ်နိုင်သမျှ အကုန်လုံးအလကားပေးမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဓာတ်ခွဲခြင်းများကို အကုန်လုံးနီးပါး အခမဲ့ဆောင်ရွက်ပေးရပါကြောင်း၊ ချမ်းသာနိုင်ငံလည်းမဟုတ်သည့်အတွက် Insurance System ကြီးရှိပါက အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ အဆိုပါ Insurance System ကိုတော့ ပုဂ္ဂလိက သို့မဟုတ် အခြားဝန်ကြီးဌာနသာ လုပ်နိုင်မည်ဖြစ်ပါကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်ကြီးပြောသည့်အတိုင်း ပွင့်လင်းမြင်သာမှုမရှိပါက ယုံကြည်မှုမရှိသည့် အတွက် ပြည်သူများယုံကြည်ရန် ငွေနှင့် ဆေးကို ကပ်နိုင်သော်လည်း လက်ကျန်ဆေးကို ကပ်၍ မဖြစ်နိုင်ပါကြောင်း၊ ဆေးဝယ်ရာတွင်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်တွေကို ချပေးသည့် အပြင် ဗဟိုကလည်းဝယ်ယူပါကြောင်း၊ လာမည့်နှစ်အောက်တိုဘာလတွင် အနည်းငယ် အဆင်ပြေသွား မည်ဟု ပြောကြားလိုပါကြောင်း၊ ထို့အပြင် ယင်းသို့ သုံးစွဲရာတွင် ပိုပြီးတိကျအောင် SOP များ၊ Guideline များကို ပြန်လည်သုံးသပ် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မဝယ်နိုင်သည့် ဆေးများ ကိုလည်း ဝယ်ယူနိုင်ရန် အစိုးရအဖွဲ့ Cabinet ၏ သဘောတူညီချက်ဖြင့် ဆေးဆိုင်များ ဖွင့်ခွင့်ပေး ပါကြောင်း၊ ထို့အပြင် X-rays လည်း အလကားရိုက်ပေးရပါကြောင်း၊ ထို့အပြင် တစ်နှစ်ကို အတွင်းလူနာ သုံးသန်းနှင့် အပြင်လူနာ ၁၂ သန်းသာနည်းမည်ဆိုပါက ဆေးများ ကုန်နိုင်မည် မဟုတ်ပါကြောင်း၊ ထိုအတွက်လည်း ကာကွယ်ဆေးထိုးခြင်းကို လူတိုင်းလာထိုး၊ ကာကွယ်ဆေးထိုး ပါက ၁၂ မျိုး ရောဂါမဖြစ်တော့ပါကြောင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ပါက ဝမ်းနှင့် ပတ်သက်သည့် အခြား သွေးလွန်တုပ်ကွေးကအစ မရှိတော့ပါကြောင်း၊ Personal Hygiene လုပ်ခိုင်းခြင်း၊ Exercise Medicine လုပ်ခိုင်းခြင်း၊ ပြည်သူများကို အငန်၊ အချိုမစားရန်၊ ဆေးလိပ်မသောက်ရန်နှင့် ကွမ်းယာမစား၊ အရက်မသောက်ရန်၊ ဆေးခြောက်ဆေးများ သုံးစွဲမှု မပြုလုပ်ရန် ၆ ချက်ကို ဆောင်ရွက်ခိုင်းထားပါကြောင်း၊ ထို့အပြင် Accident လူနာ တစ်ယောက် လာပါက ပိုက်ဆံများ၊ ဘတ်ဂျက်များ အများကြီးကုန်ကုန်သွားသည့်အပြင် ဆရာဝန်များလည်း အလုပ်ရှုပ်ပါကြောင်း၊ ဦးနှောက်ထိပါက ဦးနှောက်ခွဲစိတ်ဆရာဝန်၊ အထဲထိပါက General Surgeon၊ အရိုးထိပါက Ortho Surgeon အများကြီးပါပဲ၊ နောက် သွေးသွင်းတာကစ၊ ဓာတ်မှန်ရိုက်တာ၊ ဓာတ်ခွဲတာကအစ အလွန်ကုန်ပါကြောင်း၊ ထို့ကြောင့် Accident မဖြစ်အောင်ကိုလည်း တစ်ဖက်က ဆေးများကို ပိုပေးသလို လူနာဦးရေကျအောင်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။၊
ဦးနေလင်းအောင်(မင်းတပ်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
အခမဲ့ရရှိနိုင်သည့် ဆေးများကို ချိတ်ထားရန် ညွှန်ကြားချက်နှင့်ပတ်သက်၍ မည်သည့်နေ့ရက်ကို နောက်ဆုံးထား ဖော်ပြချိတ်ဆွဲထားရန်ဟု ပြန်လည် ညွှန်ကြားချက် ထုတ်နိုင်/မထုတ်နိုင်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ယင်းကိစ္စသည် ခက်ခဲခြင်းမရှိပါကြောင်း၊ ခက်ခဲသည့်ဒေသအနေဖြင့် ပြန်လည်တွက်ရမည်ဆိုပါက တစ်လအတွင်း လုံးဝဖြစ်အောင်လုပ်မည်ဖြစ်ကြောင်းကို အာမလည်းခံပါကြောင်း၊ ကတိလည်းပေးပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။
