ကျေးလက်တွင် နေထိုင်ကြသည့် တောသူ တောင်သားများသည် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အဖက်ဖက်က နိမ့်ကျနေကြရပါကြောင်း၊ ထို့အချက်များအနက်မှ ၎င်းတို့သည် ကျန်းမာရေးကို အဓိက ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကောလင်းမြို့နယ်အတွင်းရှိ ကျန်းမာရေး စောင့်ရှောက်ရန် လိုအပ်သည့် နေရာများကို စုစည်းပြီး တူညီသည့် ကိစ္စရပ်တစ်ခုအဖြစ် မိမိ မေးခွန်းတစ်ခု မေးမြန်းထားပါကြောင်း၊ မေးခွန်းတွင်ပါသည့် ဥမင်ကုန်းကျေးရွာသည် ဆေးပေးခန်း တစ်ခု မဖြစ်မနေ ရှိသင့်သည့် ကျေးရွာဖြစ်ပါကြောင်း၊
ဥမင်ကုန်း ကျေးရွာမှ မိမိကို ပြောပါကြောင်း၊ ရွာတွင် ဆရာမ မရှိကြောင်း၊ ရမ်းကုလည်း မရှိကြောင်း၊ ရမ်းကု ရှိသည်ဆိုပါက မရှိသည်နှင့်ယှဉ်ပါက ရှိသည့်က ကောင်းမည်ဖြစ်သည်ဟု ပြောပါကြောင်း၊ ရမ်းကုသည် တရားမဝင်ပါကြောင်း၊ သို့သော် ပြောသည့် စကားနှင့်စပ်လျဉ်းပြီး ကျန်းမာရေး စောင့်ရှောက်ပေးမည့်သူ တစ်ယောက်မှ မရှိကြောင်း၊ တစ်ခုခု ဖြစ်သည်ဆိုပါက ခံရဖို့သာရှိသည်ဟု ဆိုပြီး ပြောခြင်း ဖြစ်ပါကြောင်း၊ ဥမင်ကုန်းကျေးရွာသည် ချောင်းကွေ့ ကျန်းမာရေးစင်တာ၏ လက်အောက်တွင် ရှိပါကြောင်း၊ ချောင်းကွေ့နှင့် အလှမ်းဝေးပါကြောင်း၊ အုပ်စုချင်းလည်း မတူပါကြောင်း၊ ကျေးရွာအုပ်စုချင်းလည်း မတူပါကြောင်း၊ အလှမ်းဝေးပါကြောင်း၊ ရောဂါဘယ ထူပြောသည့် မိုးတွင်းကာလတွင် လမ်းကြောင်း ပြတ်တောက်လုနီးပါး သွားလာရ ခက်ခဲသွားပါကြောင်း၊ ထို့ကြောင့် တာဝန်ကျသည့် ဆရာမများသည် ၎င်းဥမင်ကုန်းအုပ်စုတွင် ရှိသည့် ဥမင်ကုန်း၊ တောင်ကြီး၊ တောင်ပို့စုတည်း ၎င်းရွာများကို မဆင်းနိုင်ပါကြောင်း၊ တကယ် မဆင်းနိုင်ကြောင်း၊ တစ်နှစ်လုံးတွင် ၎င်းတို့ ဆင်းနိုင်သည့် အကြိမ်ရေသည် အလွန်နည်းပါကြောင်း၊ ထို့ကြောင့် တစ်ခုခုဖြစ်သည်ဆိုပါက စောင့်ရှောက်မည့်သူမရှိ ဖြစ်နေပါကြောင်း၊ မိမိကိုယ်တိုင် COVID-19 ကာကွယ်ရေးအတွက် တည်ထောင်ထားသည့် CPHQ များကို သွားစစ်သည့် အချိန်တွင် ယခုပြဿနာကို တွေ့ပါကြောင်း၊ မိမိတို့သတ်မှတ်ထားသည့် စာသင်ကျောင်းများတွင် CPHQ ထားသည့်အချိန်တွင် သက်ဆိုင်ရာ ဆရာမများ မလာနိုင်ပါကြောင်း၊ ထို့ကြောင့် ဥမင်ကုန်း အုပ်စုကို ချောင်းကွေ့ဖွဲ့ စည်းပုံမှ ထုတ်နုတ်ပြီး ဖွဲ့စည်းပုံအသစ် ထူထောင်ပြီး ဥမင်ကုန်းကို ဖွဲ့စည်းပုံ အသစ်ဖြင့် ကျန်းမာရေး စင်တာ တစ်ခု ချပေးရန် တောင်းဆိုလိုပါကြောင်း၊
ချောင်းကွေ့မှ ထုတ်နုတ်ပြီး ဥမင်ကုန်းကို ပေးလိုက်မည်ဆိုပါက ချောင်းကွေ့ဖွဲ့စည်းပုံ မပြည့်ဘူး ဖြစ်သွားနိုင်ကြောင်းကို မြို့နယ် ဆရာဝန်ကြီးမှ ပြောပါကြောင်း၊ တုံးတင်တပ် ကျေးရွာသူ ကျေးရွာသားများ၏ တောင်းဆိုမှုအရ တုံးတင်တပ်ကို ပေးနိုင်ခြင်း ရှိ/မရှိဆိုပြီး မိမိမေးခွန်းတွင် ရွာတစ်ရွာ အဖြစ်ဖြင့် ထည့်ပြီး မေးမြန်းထားပါကြောင်း၊ သို့သော် တုံးတင်တပ်နှင့် လက်ရှိ ကျန်းမာရေးစင်တာ ရှိနေသည့် ချောင်းကွေ့သည် မြင်နေရပါကြောင်း၊ မလှမ်းမကမ်းတွင် ရှိနေပါကြောင်း၊ အုပ်စုအားဖြင့် အုပ်ချုပ်ရေး အုပ်စုအားဖြင့် တစ်ခုတည်းသာ ဖြစ်ပါကြောင်း၊ လက်ရှိတွင် အုပ်ချုပ်ရေးက သပ်သပ်၊ ကျန်းမာရေးက သပ်သပ် ဖြစ်နေသည့် အချိန်တွင် ကျန်းမာရေးနှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ရသည့်အချိန်တွင် အားနည်းချက် များစွာ ရှိပါကြောင်း၊ ထို့ကြောင့် ချောင်းကွေ့၏ ဖွဲ့စည်းပုံကို မပြည့်ဘူး ပျက်သွား နိုင်သည်ဆိုပါက ချောင်းကွေ့ကို မိမိတို့ ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ပြီး နီးစပ်ရာ အုပ်စုတူသည့် ရွာများကို ထည့်သွင်း ဖွဲ့စည်းပြီးချိန်မှ ပေး၍ရပါကြောင်း၊
ဖလဲကျေးရွာသည် ဆေးခန်းတစ်ခု မဖြစ်မနေ ရှိသင့်သည့် ကျေးရွာ ဖြစ်ပါကြောင်း၊ ဖလဲ၊ ရပ်ရှည်ဒီအုပ်စုသည် ရွာကြီးများ ဖြစ်ပြီး အနီးနားတွင် ဆေးပေးခန်း လုံးဝမရှိပါကြောင်း၊ ခန့်သာတွင် တိုက်နယ်ဆေးရုံ ရှိသော်လည်း ရွာတွင် ကျန်းမာရေး တစ်ခုခုဖြစ်ပါက စောင့်ရှောက်မည့်သူ မရှိပါကြောင်း၊ ဆေးရုံအထိ ပြေးမှသာ ရပါကြောင်း၊ ဆေးရုံများသည် အရမ်းကပ်နေခြင်းမျိုး မဟုတ်ပါကြောင်း၊ ဥသျှစ်ပင် ကျေးရွာသည့် ရွာငယ်လေး တစ်ရွာ ဖြစ်ပါကြောင်း၊ မုတိမ်၏ အောက်တွင် ရှိပါကြောင်း၊ သို့သော် ကျန်းမာရေး စောင့်ရှောက်မည့်သူ မရှိသည့်အတွက် ဆရာဆရာမများ ပုံမှန်လာရန် လိုအပ်နေခြင်း ဖြစ်ပါကြောင်း၊
နိုင်ငံတကာပါလီမန်များညီလာခံ(IPU)၊ ကမ္ဘာရည်မှန်းချက် (STG)နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ ဆောင်ပုဒ်ဖြစ်သည့် “မည်သူ့မျှ နောက်ကျန် မနေစေရဘူး” ဆိုသည့် “No One Left Behind” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကောလင်းမြို့ရှိ ရွာသူရွာသားများသည် မကျန်ရစ်စေရန် သင့်သည့် နေရာများတွင် ကျန်းမာရေး ဆေးပေးခန်းများ ချပေးရန်အတွက် ကောလင်းမြို့နယ် တုံးတင်တပ် ကျေးရွာ၊ ဥမင်ကုန်းကျေးရွာ၊ ဖလဲကျေးရွာနှင့် ဥသျှစ်ပင် ကျေးရွာတို့အတွက် ကျေးလက်ကျန်းမာရေး ဆေးပေးခန်းများ ချထားပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းအပ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ရွာပေါင်း ၂၂၀၊ အိမ်ခြေ ၃၃၀၀၀၊ လူဦးရေ ၁၅၀၀၀၀၀ ခန့် ရှိပြီး ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအတွက် တိုက်နယ်ကျန်းမာရေးဌာန နှစ်ခု၊ ကျေးလက်ကျန်းမာရေးဌာန ခုနစ်ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၃၆ ခု၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာန တစ်ခု ရှိပါကြောင်း၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးမှူး တစ်ဦး၊ လက်ထောက် ကျန်းမာရေးမှူး ကိုးဦး၊ မြို့နယ် သူနာပြုအဆင့် တစ်ဦး၊ ကျန်းမာရေး ကြီးကြပ်(၁) တစ်ဦး၊ အမျိုးသမီး ကျန်းမာရေး ဆရာမငါးဦး၊ သားဖွား ဆရာမ ၅၃ ဦး၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂) ၃၅ ဦးတို့ဖြင့်ဆောင်ရွက်လျက် ရှိပါကြောင်း၊
တုံးတင်တပ်ကျေးရွာသည် ကုက္ကိုကုန်း ကျေးလက်ကျန်းမာရေးဌာနနှင့် သုံးမိုင်ခွဲ ဝေးပါကြောင်း၊ ကောလင်းမြို့နှင့် ၂၅ မိုင်ခွဲ ဝေးပါကြောင်း၊ မိုးရာသီတွင် မော်တော်ဆိုင်ကယ်ဖြင့် သွားပြီး သွားလာရေး ခက်ခဲမှု ဖြစ်ပါကြောင်း၊ ထိုကြောင့် မိမိအနေဖြင့် ၎င်းကို ဖွင့်ပေးမည်ဆိုပါက ဖွင့်ပေး သင့်/မသင့် ပြန်လည်သုံးသပ်သည့်အချိန်တွင် တိုင်းဒေသကြီး ဦးစီးမှူးကို ကြည့်ခိုင်းပါကြောင်း၊ တိုင်းဒေသကြီး ဦးစီးမှူးအနေဖြင့် ၎င်းကို ဖွင့်သင့်ကြောင်း ထောက်ခံကြောင်း၊ မိမိတို့ ပုံစံ(၁၀၅) (၁၀၆) မှန်ကန်ကြောင်း သက်သေအထောက်အထား လက်ရှိမြေပုံနှင့် မြေပုံရာဇဝင် ပုံစံ(၁၀၅) (၁၀၆) လက်ထဲတွင် ရှိပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးကို ၁၇-၄-၂၀၂၀ ရက်နေ့ စာဖြင့် အစိုးရအဖွဲ့ သဘောထားမှတ်ချက် မေးထားပါကြောင်း၊ သဘောထား မှတ်ချက် မေးပြီး ဆောင်ရွက်သင့်သည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်မည်ဆိုပါက မိမိတို့ ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ သို့သော် ယခုကိစ္စသည့် အားလုံးနှင့် ဆိုင်ပါကြောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနမှ ၅-၅-၂၀၂၀ ရက်နေ့တွင် စာအမှတ်၊ စပဝ/စီမံ-၁/၃/၅၂ ၁၁၃၇/ ၂၀၂၀ ဖြင့် စာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးအနေဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ပြည်ထောင်စု ဝန်ကြီးဌာနများက အမှုတွဲတင်ပြရာတွင် မြန်ဆန်စေရန်အတွက် OSS-One Stop Service ပုံစံဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ အမှတ် (၃၇/၂၀၁၉)ဖြင့် ထုတ်ပြန်ထားသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များအား ပြင်ဆင် ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြင်ဆင်ပြီး ထုတ်ပြန်ပြီးချိန်တွင် ဆေးရုံများနှင့် စံကိုက် ဖွဲ့စည်းခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ အသစ်တိုးချဲ့ ဖွင့်လှစ်ခြင်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ လုပ်ထုံး လုပ်နည်း၊ မူဝါဒ၊ အမိန့် ကြော်ငြာစာ ထုတ်ပြန်ပြီးမှသာ မူဝါဒအသစ်နှင့် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း၊
မူဝါဒအသစ်၊ အမိန့်ကြော်ငြာစာအသစ် ထွက်ပြီးမှသာ မိမိတို့က ၎င်းတို့ကို ဆက်လက်ပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့တွင် Pending ဖြစ်နေသည့် ကိစ္စများ များစွာရှိပါကြောင်း၊ ၎င်းကိစ္စများ အားလုံးသည် မူဝါဒအသစ် ထွက်လာပါက အားလုံး အဆင်ပြေသွားမည် ဖြစ်ပါကြောင်း၊ အဆင်ပြေရန် ရှိပါကြောင်း၊ OSS-One Stop Service။ လက်ရှိတွင် ၈ ချက်ခန့် ရှိပါကြောင်း၊ ၎င်းရှစ်ချက်ကို မိမိမြင်သည်က အစိုးရအဖွဲ့သည် သုံးချက်ခန့် လျှော့မည်ဆိုပါက အရမ်းမြန်သွားမည် ဖြစ်ပါကြောင်း၊ တက်လိုက် ဆင်းလိုက် ဖြစ်နေပါကြောင်း၊
ဥမင်ကုန်းကျေးရွာသည် ချောင်းကွေ့ ကျေးလက်ကျန်းမာရေး ဌာနခွဲအောက်တွင် ရှိပါကြောင်း၊ ၎င်းကျေးရွာသည် ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် နှစ်မိုင်ခွဲသာ ဝေးပါကြောင်း၊ ကောလင်း မြို့နယ်ဆေးရုံနှင့် ရှစ်မိုင်သာ ဝေးပါကြောင်း၊ ရွာတစ်ရွာတွင် ရှိသည့် ကျေးလက်ကျန်းမာရေး ဌာနခွဲကို နောက်တစ်ရွာသို့ ပြောင်းမည်ဆိုပါက ဖွဲ့စည်းပုံက အကုန်ကမောက်ကမ ဖြစ်သွားမည်၊ မိမိတို့ ထားသည်ဆိုရာတွင် နေရာအခြေအနေနှင့် ကြည့်ပြီး မိမိတို့ ထားခြင်းဖြစ်ပါကြောင်း၊ ၎င်းကို ဟိုပြောင်း ဒီပြောင်း ပြောင်း၍ မရပါကြောင်း၊ ထို့အပြင် သေချာစေရန် ဥမင်ကုန်းကျေးရွာတွင် လို/ မလိုကို တိုင်းဒေသကြီး ဦးစီးမှူးကို မေးသည့်အချိန်တွင် မထားသင့်ပါကြောင်း စာလာပါကြောင်း၊ ထို့အပြင် ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ်တစ်ခု ဖြစ်ရန်အတွက် ၆ ချက် ရှိပါကြောင်း၊ ၎င်း ၆ ချက်အနက် ၂ချက်နှင့်သာ ကိုက်ညီသည့်အတွက် ဥမင်ကုန်း ကျေးရွာသည် ကျေးလက် ကျန်းမာရေး ဌာနခွဲအနေဖြင့် လုပ်၍မရကြောင်း၊
ဖလဲကျေးရွာသည် ဆင်ကုန်း ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် နှစ်မိုင်သာ ဝေးပါကြောင်း၊ ခန့်သာ တိုက်နယ်ဆေးရုံနှင့် လေးမိုင်သာ ဝေးပါကြောင်း၊ ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် မိုင် ၂၀ ဝေးပါကြောင်း၊ သို့သော် လက်ရှိတွင် Sub-Center ပေးမည်ဆိုပါက မြေပိုင်ဆိုင်မှု မရှိပါကြောင်း၊ မိမိတို့သည် မြေမပိုင်ပါကြောင်း၊ တကယ် လိုသလား၊ ပေး သင့်/မပေးသင့် တိုင်းဒေသကြီး ကျန်းမာရေးမှူးကို မေးသည့်အချိန်တွင် တိုင်းဒေသကြီး ကျန်းမာရေးမှူးက လိုအပ်မှုမရှိဘူးဟု ပြောကြောင်း၊ ထို့အပြင် ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခု ဆောက်မည်ဆိုပါက လိုအပ်သည့် ၆ ချက်တွင် ၎င်းသည် တစ်ချက်နှင့်သာ ညီပါကြောင်း၊ ထို့ကြောင့် ဖလဲကို ပေး၍ မရပါကြောင်း၊
ဥသျှစ်ပင် ကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲ တောင်းပါကြောင်း၊ ဥသျှစ်ပင် ကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲသည် ၇-၇-၂၀၁၅ ရက်နေ့၌ ဖွဲ့စည်းပုံ ခွင့်ပြုမိန့် ရရှိခဲ့သည့် ကျိုးပင် ကျေးလက်ကျန်းမာရေး ဌာနအောက်တွင် ရှိပါကြောင်း၊ သားဖွားဆရာမ တစ်ဦးဖြင့် ဝန်ဆောင်မှု ပေးလျက် ရှိပါကြောင်း၊
ထို့ကြောင့် မိမိအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီးကို မေးမြန်းလိုသည်က လွှတ်တော် ကိုယ်စားလှယ်သည် ဥသျှစ်ပင်ကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာနခွဲ တောင်းခြင်းသည် ရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပိတ်သွားသည့်အတွက် တောင်းခြင်း သို့မဟုတ် မည်သည့်အတွက် ဆိုသည်ကို မိမိသိလိုပါကြောင်း၊
ဦးမျိုးဇော်အောင် (ကောလင်း မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
တုံးတင်တပ်ကို ပေးခြင်း/မပေးခြင်းသည် ဝန်ကြီးဌာန၏ သဘောထား ဖြစ်ပါကြောင်း၊ တုံးတင်တပ် က လိုချင်ကြောင်း၊ မိမိအနေဖြင့်လည်း တောင်းထားကြောင်း၊ ပေးမည်ဆိုပါက အလွန်ကောင်း ပါကြောင်း၊
သို့သော် ဥမင်ကုန်း တောင်းသည့် ကိစ္စတွင် ဥမင်ကုန်း တောင်းခြင်းသည် ဝန်ကြီး ပြောသည့်အတိုင်း ချောင်းကွေ့နှင့် နှစ်မိုင်ခွဲသာ ဝေးကြောင်း၊ ကောလင်းနှင့် ရှစ်မိုင်သာ ဝေးသည်ဆိုသော်လည်း ၎င်းနေရာများသည် သာမန်ဝေးသည့်ပုံစံမျိုး မတူပါကြောင်း၊ တုံးတင်တပ်နှင့် မတူကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုသည် အလွန်ဝေးနေကြောင်း၊ ဝေးနေသည့်အတွက် တကယ်ကို လိုအပ်နေခြင်း ဖြစ်ပါကြောင်း၊ သို့သော် ချောင်းကွေ့နှင့် နှစ်မိုင်ခွဲသာ ဝေးသည်ဆိုသော်လည်း လက်တွေ့တွင် သွားလမ်း လာလမ်း အဆင်မပြေသည့် နေရာ ဖြစ်ပါကြောင်း၊ ချောင်းကွေ့သည် ကောလင်းမြို့၏ အစွန်းတွင် ရှိပါကြောင်း၊ ထိုကြောင့် ၎င်းသည် သီးခြား ခွဲထုတ်သင့်သည့် နေရာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိ မြို့နယ်ဆရာဝန်ကြီးနှင့် ဆွေးနွေးပါကြောင်း၊ ဆွေးနွေးသည့် အချိန်တွင် ဖြစ်သင့်သည်ကို ၎င်းက ပြောပါကြောင်း၊ ပြောသော်လည်း အထက်က ညွှန်ကြားချက် မရှိပါက မိမိတို့သည် ဖွဲ့စည်းပုံကို ပြင်၍ မရကြောင်းကို ပြောပါကြောင်း၊ ဖွဲ့စည်းပုံကို ပြင်မည်ဆိုပါက ချောင်းကွေ့ ပျက်သွားမည် ဆိုသည့်အတွက် ချောင်းကွေ့ကို ပြည့်မီစေရန် ပြန်လုပ်ရခြင်းကိစ္စ ရှိလာမည်ဖြစ်သည့်အတွက် ၎င်းတို့ကို အထက်ကသာ လုပ်၍ရသည်ဟု မြို့နယ်ဆရာဝန်ကြီးက ပြောပါကြောင်း၊ ထို့ကြောင့် ယခုကိစ္စတွင် လွှတ်တော်ကိုယ်စားလှယ်များ အသီးသီး၊ အုပ်ချုပ်ရေးနှင့် ကျန်းမာရေးက တာဝန်ရှိသူ အသီးသီး၊ တိုင်းဒေသကြီးက လူများနှင့် ပြန်လည်ညှိနှိုင်ရန်အတွက် ညွှန်ကြားပေးနိုင်ခြင်း ရှိ/မရှိ တစ်ဆက်တစ်စပ်တည်း မေးလိုပါကြောင်း၊ အလွန်အရေးကြီးသည့် နေရာနှင့် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းဝေးသည့် နေရာ ဖြစ်နေသည့်အတွက် ဖြစ်ပါကြောင်း၊
ဥသျှစ်ပင်ရွာတွင် မရှိပါကြောင်း၊ ကျိုးပင်တွင် ရှိသည်က မှန်ပါကြောင်း၊ ကျိုးပင်တွင် ရှိသည် သို့သော် ဥသျှစ်ပင်ကို အဓိက ကျန်းမာရေး စောင့်ရှောက်မှု မရောက်သည့်အတွက် ဥသျှစ်ပင်က ဆရာတော်ကြီးနှင့် ရွာသူရွာသားများက မိမိကို မေးကြသည့်အတွက် မေးခြင်း ဖြစ်ပါကြောင်း၊ စင်တာကြီးတစ်ခုလုံး လိုခြင်း မဟုတ်ပါကြောင်း၊ တကယ် သွားပြီး လေ့လာသည့်အချိန်တွင် ဆရာမ ပုံမှန်ပို့ပေးရန် လိုအပ်ခြင်း ဖြစ်ပါကြောင်း၊ ဥသျှစ်ပင်တွင် ဆေးပေးခန်းလေး ဆောက်နိုင်ရန် အတွက် ၎င်းတို့ နေရာ သတ်မှတ်ထားခြင်း ဖြစ်ပါကြောင်း၊
ဖလဲကျေးရွာတွင် နေရာမရှိ ဆိုသည့်အချက်သည် နေရာက ဖလဲက ပေးမည်ဟု ဆိုပါက ၎င်းတို့မှ နေရာပေးနိုင်ပါကြောင်း၊ တကယ် လိုအပ်သည့် နေရာလည်း ဖြစ်ပါကြောင်း၊ သို့သော် ပေးခြင်း/မပေးခြင်းသည် ဝန်ကြီးဌာနအပေါ်တွင် မူတည်ပါကြောင်း၊ ဖွဲ့စည်းပုံ ကိစ္စများကိုတော့ မိမိတို့ သိပ်နားမလည်ပါကြောင်းဖြင့် မေးမြန်းပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
မိမိအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသလို ပြန်လည်သုံးသပ်ပေးမည် ဖြစ်ပါကြောင်း၊ တကယ် လိုသည်ဆိုပါက မရှိမဖြစ် ဆိုပါက မိမိတို့ လုပ်ပေးရမည့် တာဝန် ရှိပါကြောင်း၊ သို့သော် လုပ်ပေးမည်ဆိုပါက ချောင်းကွေ့တွင် ကျေးလက်ကျန်းမာရေးဌာန ဆက်ထား မလား၊ မထားလား၊ ၎င်းကျေးလက်ကျန်းမာရေးဌာနကို ပိတ်လိုက်မည်ဆိုပါက ၎င်းရွာက လက်ခံမည် မဟုတ်ပါကြောင်း၊ ၎င်းအချက်များလည်း ရှိပါကြောင်း၊ မိမိတို့အဖက်ဖက်က သုံးသပ်မည်ဖြစ်ပါကြောင်း၊ တကယ်လို မည်ဆိုပါက မိမိတို့ ပေးမည်ဖြစ်ပါကြောင်း၊ တကယ်ကို အရမ်းကို ခက်ခဲပါကြောင်း၊ မိမိအနေဖြင့် တိုင်းဒေသကြီး ဦးစီးမှူးကို ပြန်ပြီး ပြောပါမည်၊ မြို့နယ်ဆရာဝန်နှင့် တိုင်ပင်ပါ၊ ၎င်းတွင်ရှိသည့် သားဖွားဆရာမပါ အကုန်လုံး တိုင်ပင်ပါ၊ တကယ်လိုမည်ဆိုပါက မိမိအနေဖြင့် မပေးစရာအကြောင်း မရှိပါကြောင်း၊
ဥသျှစ်ပင်ကျေးရွာသည် နဂိုက ကျေးလက်ကျန်းမာရေးဌာနခွဲ ရှိပြီးသည့်အတွက် မိမိတို့ အသစ် ထပ်ပေးစရာ မလိုပါကြောင်း၊ ၎င်းတွင်ရှိသည့် တကယ်လို့ Vacancy များ ရှိသည်ဆိုပါက ခန့်ပေးမည် ဖြစ်ပါကြောင်း၊ သားဖွားဆရာမ ၁၂၀၀ ကို ဇွန်လကုန်တွင် ခန့်မည် ဖြစ်သည့်အတွက် ၎င်းတို့ကို မိမိတို့ပို့ပေးမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
