(က)-ဝိုင်းမော်မြို့နယ်အတွင်းရှိ မြစ်ကြီးနား-ဝိုင်းမော်-ဆဒုံး-ကန်ပိုင်တီမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့ကိုဆက်သွယ်ထားသောလမ်းမကြီးကို ပြုပြင်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ (၁၈.၅.၂၀၂၀)

 

ဝိုင်းမော်နှင့် ဝါရှောင်ကြားထဲက ကားလမ်းမကြီးများပေါက်ပြဲနေပါကြောင်း၊ တရုတ်ပြည်မှ ဝိုင်းမော် မြို့နယ်ကို တရုတ်တစ်ရှူးငှက်ပျောတင်ရန်လာကြသည့်ကားကြီးများလာသည့်အခါ ဝိုင်းမော်မြေပြန့် ကျေးရွာချင်းဆက်လမ်းများက ကားတစ်စီးနှင့်တင်ပြည့်သွားသည့်လမ်း၊ လမ်းကျဉ်းနေသည့်လမ်း ဖြစ်ပါကြောင်း၊ ဝါရှောင်ကျေးရွာအဝင်နားလေးက တစ်တောင်ဆစ်နီးနီးကွေ့သည့်လမ်းကွေ့တွင် ယာဉ်များ မတော်တဆတိုက်မိသည့်အတွက်ကြောင့် မကြာခဏအသက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများ မြောက်မြားစွာရှိပြီးဖြစ်ပါကြောင်း၊ လမ်းကျဉ်း၍ ကားများတစ်စီးနှင့်တစ်စီး ကျော်တက်ရန်၊ ကြားတွင် ဆိုင်ကယ်ကျော်တက်ရန် မနည်းလမ်းကျဉ်းနေပါကြောင်း၊ ဝိုင်းမော်နှင့် ဝါရှောင်ကြားထဲက လမ်းမကြီးကျဉ်းနေပါကြောင်း၊ တရုတ်ပြည်မှဆင်းလာသည့် တွဲကားကြီးများ၊ မိမိတို့နိုင်ငံမှ ပြန်ထွက်လာမည့်ကားကြီးများ ၎င်းလမ်းမကြီးပေါ်တွင်မောင်းပြီဆိုပါက နောက်ကကျန်သည့် အခြား သောကားများကျော်တက်ရန်ပင်မလွယ်ဘဲ လမ်းကျဉ်းနေပါကြောင်း၊

ဝါရှောင်မှ ကန်ပိုင်တီနယ်စပ်ဂိတ်ကြားထဲက တောင်ပေါ်လမ်းလေးသည် ကျင်း၊ ချိုင့်များနှင့် အေစီ ကတ္တရာများကွာပြီး ကျောက်လုံးကြီးများပေါ်နေပါကြောင်း၊ တချို့နေရာများတွင် ကတ္တရာနှင့် ကျောက်ကြီးများမရှိတော့ဘဲ မြေသားလမ်းဖြစ်သည့်အခါ ကားတစ်စီးနှင့် တစ်စီး မမြင်ရလောက် အောင်ဖုန်ထနေပါကြောင်း၊ လွန်ခဲ့သည့်မိုးတွင်းကာလတုန်းက ကန်ပိုင်တီနှင့် ဆဒုံးကြားထဲက တံတားညီနောင်ဆိုသည့်နေရာတွင် တောင်များပြိုပြီးမှ တံတားများပျက်ပြီးစတင်ပြုပြင်ပြီးခါစ ပထမဆုံးစဖြတ်ခဲ့ပါကြောင်း၊ ဆဒုံးနှင့် ဝိုင်းမော်ကြားတောင်များပြိုပြီး ကားများသွား၍မရဘဲ လမ်းတွင်ကားများတန်းစီပြီး မြေစာကို ဒိုဇာဖြင့်ထုတ်ပယ်နေပါကြောင်း၊

အဆိုပါလမ်းပိုင်းသည် မိမိတို့ကျေးရွာချင်းဆက်၊ မြို့နယ်ချင်းဆက်လမ်း၊ နိုင်ငံချင်းဆက်လမ်း ဖြစ်သလို တရုတ်ပြည်နယ်ကို အဓိကကုန်သွယ်သွားလာနေသည့်လမ်းပိုင်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းပိုင်းကိုကြည့်ခြင်းအားဖြင့် မြေပြန့်လမ်းနှင့်တောင်ပေါ်လမ်းဟူ၍ နှစ်ပိုင်း တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ မြေပြန့်လမ်းက ဝိုင်းမော်မှ ၁၃ မိုင်ကွာဝေးသော ဝါရှောင်ကျေးရွာရှိ ပူးပေါင်းဂိတ် ရှိသည့်လမ်းက မြေပြန့်လမ်းဖြစ်ပါကြောင်း၊ ၎င်းမြေပြန့်လမ်းများက ကျေးရွာချင်းဆက်ဖြစ်သည့် အတွက် ပြည်သူအများဆုံးသွားလာနေပြီး ကျောင်းသူကျောင်းသားများပါ အများဆုံးသွားလာနေပြီး လမ်းကျဉ်းသည့်အတွက် ကားများလည်းများလာပါကြောင်း၊ တစ်စီးနှင့် တစ်စီးရှောင်ရန်ပင် ခက်ခဲလှသည့်အတွက် မကြာခဏယာဉ်တိုက်မှုဖြစ်သောကြောင့် ၎င်းလမ်းလေးကိုချဲ့ပေးရန်နှင့် တောင်ပေါ်လမ်းဖြစ်သော ဝါရှောင်ပူးပေါင်းဂိတ်မှ ကန်ပိုင်တီနယ်စပ်ဂိတ်သည် တောင်ပေါ်လမ်း ဖြစ်ပါကြောင်း၊ အဆိုပါတောင်ပေါ်လမ်းများကိုလည်း ယခင်အတိုင်းပြန်လည်ပြုပြင်ပြီးမှ အေစီ ကတ္ကရာလမ်းပြန်လည်ခင်းပေးနိုင်ရန်အတွက် မိမိတို့ ဝိုင်းမော်မြို့နယ်အတွင်းရှိ မြစ်ကြီးနား-ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီလမ်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆက်သွယ်ထားသည့်လမ်းမကြီး ကိုပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီလမ်းသည် ၁၁၄.၂၆ ကီလိုမီတာရှည်လျားပြီး တရုတ်-မြန်မာနယ်နိမိတ်တောင်ဘက် မှတ်တိုင်အမှတ်()မှ မြန်မာပြည် ဝါရှောင်အထိ ကားလမ်းဖောက်လုပ်ရေးသဘောတူစာချုပ်အား ၂၀၀၃ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်ချုံးခရိုင်၊ ပြည်သူ့အစိုးရနှင့် မြစ်ကြီးနားခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ နှစ်နိုင်ငံချစ်ကြည်ရေးစာချုပ်ချုပ်ဆိုခဲ့ပါကြောင်း၊  ၂၀၀၅ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်မိန်ကုမ္ပဏီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းတို့ စာချုပ် ပြင်ဆင်ချုပ်ဆိုပြီး နှစ်နိုင်ငံချစ်ကြည်ရေးအကူအညီအနေဖြင့် ထိန်မိန်ကုမ္ပဏီမှ ကတ္တရာ ကွန်ကရစ်လမ်းကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် အပြီးဖောက်လုပ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်မိန်ကုမ္ပဏီမှ နှစ်နိုင်ငံချစ်ကြည်ရေးအနေဖြင့် အဆိုပါလမ်းအား နှစ်(၂၀)ကြာ ပြုပြင်ထိန်းသိမ်းပေးမည်ဖြစ်ကြောင်း စာချုပ်တွင်ပါရှိခဲ့ပါကြောင်း၊ ယခုအချိန်တွင် လမ်း၏သက်တမ်းမှာ (၁၄)နှစ်ရှိပြီဖြစ်သည့်အတွက် လမ်းသားပေါက်ပြဲခြင်း၊ လမ်းနိမ့်ကျွံခြင်း များဖြစ်ပေါ်နေပါသဖြင့် လမ်းပျက်စီးမှုများဖြစ်ပေါ်လျက် ရှိပါကြောင်း၊

အဆိုပါလမ်းကို အပိုင်းနှစ်ပိုင်းခွဲ၍ မြစ်ကြီးနားမှ ဝါရှောင်အထိ ၁၉.၀၆ ကီလိုမီတာကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြစ်ကြီးနားခရိုင်၊ လမ်းဦးစီးဌာနမှ စီမံခန့်ခွဲပြုပြင်လျက်ရှိပြီး ဝါရှောင်မှ ကန်ပိုင်တီအထိ ၉၅. ကီလိုမီတာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်မိန်ကုမ္ပဏီမှ ပြင်ဆင် ထိန်းသိမ်းလျက်ရှိပါကြောင်း၊ ၎င်းလမ်းပေါ်တွင် လမ်းအသုံးပြုခငွေကြေးကောက်ခံခြင်း မရှိပါ ကြောင်း၊ မိမိတို့ဆောက်လုပ်ရေးဌာနက ထိန်းသိမ်းထားသည့်လမ်းအရှည် ၁၉ ကီလိုမီတာအတွင်း . ကီလိုမီတာကို အကျယ် ၅၀ ပေ လမ်းချဲ့ခြင်းလုပ်ငန်းများဆောင်ရွက်ထားပြီးဖြစ်ပြီး နောင်လာမည့်နှစ်များတွင် ရန်ပုံငွေတင်ပြတောင်းခံ၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး လမ်းချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်မိန်ကုမ္ပဏီမှ ဆောင်ရွက်သောလမ်းပိုင်းပျက်စီးမှုများကို ပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် ထိန်မိန်ကုမ္ပဏီနှင့် ညှိနှိုင်းလျက်ရှိပြီး COVID-19 အလွန်ကာလများတွင် ပြန်လည်ပြင်ဆင်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။