နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လမ်းပန်းဆက်သွယ်ရေးသည် အဓိကအရေးကြီးသည့် အခန်း ကဏ္ဍတစ်ရပ် ဖြစ်ပါကြောင်း၊ ပိုမိုလုပ်ဆောင်နိုင်ရန် အခွင့်အလမ်းကောင်း တစ်ရပ်လည်း ဖြစ်ပါကြောင်း၊ ထို့အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စု၊ ကျေးရွာငယ်မှအစ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်နိုင်ရန် လမ်းပန်းဆက်သွယ်ရေး အဓိက ကောင်းမွန်ရန် အထူ လိုအပ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိ မိမိတို့ ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် လမ်း၊ တံတားများကို ရေတိုရေရှည် အထူးစီမံချက်များ ရေးဆွဲပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရသည့် အချိန်ကာလဖြစ်ပါကြောင်း၊
ဒိုက်ဦးမြို့နယ်သည် ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၅၃ အုပ်စုနှင့် ဖွဲ့စည်းပြီး ကျေးရွာပေါင်း ၁၈၂ ရွာဖြင့် တည်ဆောက်ခဲ့ပါကြောင်း၊ မြို့နယ်၏ ဧရိယာ အကျယ်အဝန်းသည် ၄၃၇.၀၃ စတုရန်းမိုင် ရှိပြီး လူဦးရေအားဖြင့် ၂၅၀၀၀၀ ကျော်နေထိုင်သည့် မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ တောင်နှင့် မြောက် ၂၅ မိုင်ခန့် ကွာဝေးပြီး အရှေ့နှင့် အနောက် ၂၅ မိုင်ခန့် ကွာဝေးပါကြောင်း၊ မိမိမေးမြန်းသည့် မှော်အင်းကျေးရွာသည် ဒိုက်ဦးမြို့၏ အနောက်မြောက် ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိပြီး စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ဆောင်ရွက်နေသော တောင်သူဦးကြီး အများစု နေထိုင်သည့် ကျေးရွာကြီး ဖြစ်ပါကြောင်း၊ အိမ်ခြေ ၅၀၀ ကျော်၊ အိမ်ထောင်စု ပေါင်း ၅၅၀ ကျော်၊ လူဦးရေ ၂၀၀၀ ကျော်နေထိုင်သည့် ရွာတန်းရှည်ကြီး ဖြစ်ပါကြောင်း၊ ၎င်းကျေးရွာနှင့် ဆက်စပ်လျက်ရှိသည့် ကျေးရွာ အများအပြားရှိပြီး ညောင်လေးပင်မြို့၏ အနောက်တောင်ဘက်တွင် တည်ရှိပါကြောင်း၊ မိမိမေးမြန်းသည့် ရွာလယ်လမ်းမကြီးကို ဂဝံလမ်း ခင်းပေးမည်ဆိုပါက ဆက်စပ်လျက်ရှိသည့် အောင်သာယာ ကျေးရွာ၊ သရက်ပင်ဇလုတ် ကျေးရွာ၊ ပန်ကန်ခွဲ ကျေးရွာ၊ အေးချမ်းစု ကျေးရွာ၊ ဇလုတ်ကြီး ကျေးရွာ၊ ဆင်တဲ ကျေးရွာနှင့် အေးရွာသစ် ကျေးရွာများသည်လည်း ၎င်းကျေးရွာနည်းတူ လူမှုဘဝဖွံ့ ဖြိုးတိုးတက်ပြီး ဒေသတစ်ခုလုံ ဖွံ့ဖြိုးလာမည် ဖြစ်ပါကြောင်း၊ ၎င်းကျေးရွာများသည် လမ်းပန်း ဆက်သွယ်ရေး မကောင်းသည့်အတွက် လူမှုဘဝ နိမ့်ကျလျက် ရှိပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှု မရှိသည့်အတွက် ထုတ်ကုန်စီးဆင်းမှု မကောင်းသည့်အပြင် ကုန်ထုတ်စွမ်းအားစုသည်လည်း အကျိုးရလဒ် မရှိ ဖြစ်နေပါကြောင်း၊
မှော်အင်းကျေးရွာ ရွာလယ်လမ်းမကြီး အရှည်တစ်မိုင်ခွဲခန့်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေ ၁၅ သိန်းနှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေ သိန်း ၁၅၀ ကျပ်ဖြင့် မြေသားလမ်းခင်းပြီး ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ပြည်သူထည့်ဝင်ငွေကို ကြည့်ခြင်းအားဖြင့် ၎င်းကျေးရွာရှိ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်မှုကိုလည်း တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းကျေးရွာ ရွာလယ်လမ်းမကြီးအား ဂဝံလမ်း ဆက်လက် ခင်းပေးမည်ဆိုပါက ၎င်းကျေးရွာကြီးနှင့်တကွ အနီးတဝိုက်ရှိ ကျေးရွာငယ်များမှ ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကူးသန်းရောင်းဝယ်ရေး ကိစ္စအဝဝ အဆင်ပြေ ချောမွေ့ပြီး ထိုဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မည် ဖြစ်သည့်အတွက် ဒိုက်ဦးမြို့နယ်၊ မှော်အင်း ကျေးရွာအုပ်စု၊ မှော်အင်းကျေးရွာ ရွာလယ်လမ်းမကြီး အရှည် တစ်မိုင်ခွဲခန့် ရှိသော မြေသားလမ်းအား ဂဝံလမ်းအဖြစ်သို့ ခင်းပေးရန် အစီအစဉ် ရှိ/မရှိသိလိုကြောင်း မေးမြန်း ပါသည်။
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်ရှိ မှောင်အင်းကျေးရွာ ရွာလယ်လမ်းကြီးမှ ဇလုတ်ကြီးကျေးရွာသို့ ဆက်သွယ်ထားသည့် မြေသားလမ်းရှည် ၁ မိုင် ၄ ဖာလုံသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသည့် လမ်း ဖြစ်ပါကြောင်း၊
၎င်းလမ်းသည် လမ်းအဆင့် သတ်မှတ်ချက် Class(c) ဦးစားပေး အဆင့် (၃) လမ်းစာရင်းတွင် ပါဝင်ပြီး ကျေးရွာ နှစ်ရွာ၊ အိမ်ခြေ ၅၇၈ အိမ်၊ လူဦးရေ ၂၆၅၀ ကျော်ကို အကျိုးပြုသည့် လမ်း ဖြစ်ပါကြောင်း၊ ဂဝံလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်း ကာလများတွင် ပြည်ထောင်စု ရန်ပုံငွေ၌ ထည့်သွင်းလျာထား တင်ပြပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
