(ခ)-ပုဂ္ဂလိကဘဏ်နှင့်ငွေကြေးဆိုင်ရာအဖွဲ့အ စည်းများ၏ငွေဖြစ်လွယ်မှု၊ မတည်ရင်းနှီးငွေ၊ငွေ သားစီးထွက်မှု/စီးဝင်မှုများကို CBM ဗဟိုဘဏ်က ကြီးကြပ်မှု၊နိုင်ငံသားများ၏ စုဆောင်းငွေ၊ လွှဲပို့ငွေ များဆုံးရှုံးမှုမဖြစ်အောင် ကြိုတင်ကာကွယ်ထားမှု များနှင့်စပ်လျဉ်းသည့် မေး

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၇.၁၀.၂၀၁၇)

u khin choမြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၄-၁၅ ခုနှစ်၊ ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးဆိုင်ရာ အစီရင်ခံစာအရ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပိုင်ဘဏ်အမျိုးအစားလေးမျိုးဖြစသော မြန်မာ့စီးပွားရေးဘဏ် ၃၀၄ ဘဏ်၊ နိုင်ငံခြားကုန်သွယ်မှုဘဏ် ၁ ဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် ၂ ဘဏ်နှင့် လယ်ယာဖွံ့ဖြိုးရေးဘဏ် ၂၀၆ ဘဏ် စုစုပေါင်း  ၅၂၃ ဘဏ်ရှိပြီး ပုဂ္ဂလိကဘဏ်အမျိုးအစား ၂၂ မျိုးမှာ ဖွင့်လှစ်ပြီးသည့်ဘဏ် ၁၁၀၂ ဘဏ်၊ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး ၃၇ ခု၊ ငွေရေးကြေးရေးကုမ္ပဏီ ၉ ခု ဖွင့်လှစ်ခွင့်ပြုပြီးဆောင်ရွက်နေကြပါကြောင်း၊

နိုင်ငံဘဏ်များအပြင် ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ရသည့်အတွက် နိုင်ငံအတွင်းငွေကြေး လည်ပတ်စီးဆင်းမှု ပိုမိုမြန်ဆန်သွက်လက်လာခြင်း၊ ပညာတတ်လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးလာနိုင်ခြင်း၊ နိုင်ငံ၏ငွေရေးကြေးရေးကဏ္ဍနှင့် GDP တိုးလာခြင်းစသည့် နိုင်ငံ၏ အကျိုးရလဒ်ကောင်း များ ရရှိလာနိုင်ခြင်းတို့ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ်များအနေဖြင့် နိုင်ငံသားတို့၏ ငွေရေးကြေးရေးများ လွှဲပို့ပေးသောလုပ်ငန်းများ၊ စုဆောင်းငွေလက်ခံသော လုပ်ငန်းများအပြင် အချို့ ဘဏ်များအနေဖြင့် နိုင်ငံသားလုပ်ငန်းရှင်များကို ငွေထုတ်ချေးသောလုပ်ငန်းများလည်း ဆောင်ရွက်ကြ သည်ကို သိရှိရပါကြောင်း၊ နိုင်ငံတော်ဘဏ်များအနေဖြင့် နိုင်ငံသားများ၏အကျိုးကို မထိခိုက်မနစ်နာ စေရန် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများ ချမှတ်ဆောင်ရွက်ကြရသည့် အတွက် နိုင်ငံသားများ၏အကျိုး ထိခိုက်နစ်နာမှုကို ကာကွယ်ပေးနိုင်သော်လည်း ယခင်ကာလများက ဖြစ်ခဲ့ဖူးသောအတွေ့အကြုံများအရ ပုဂ္ဂလိကဘဏ်အချို့က ငွေကြေးဆိုင်ရာကိစ္စရပ်များနှင့် အခြား အခြေအနေများကြောင့် ဘဏ်များပိတ်သိမ်းခဲ့ရသော အနေအထားမျိုးဖြစ်လာသည့်အခါ နိုင်ငံသူနိုင်ငံသား များအတွက် ထိခိုက်နစ်နာမှုများ၊ တွေ့ကြုံခဲ့ရခြင်းများ ရှိခဲ့ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်တွင် လက်ရှိ ကြုံတွေ့နေရသော နိုင်ငံခြားငွေလဲနှုန်းကို တည်ငြိမ်မှုမြင့်တက်နေမှုများ၊ မြန်မာကျပ်ငွေတန်ဖိုးကျဆင်း နေမှုများအတွက်လည်း ဖြေရှင်းဆောင်ရွက်ရမည့် အရေးကြီးသောကိစ္စရပ်များ ဖြစ်ပေါ်နေသည့်အတွက် ပုဂ္ဂလိကဘဏ်နှင့်ငွေကြေးဆိုင်ရာအဖွဲ့အစည်းများ၏ ငွေဖြစ်လွယ်မှု(Liquidity)၊ မတည်ရင်းနှီးငွေ (Capital)၊ ငွေသားစီးထွက်မှု(Cash out flow)နှင့် ငွေသား စီးဆင်းမှု(Cash in flow)တို့ကို CBM ဗဟိုဘဏ်က စောင့်ကြည့်ကြီးကြပ်မှု၊ နိုင်ငံသားများ၏ စုဆောင်းငွေ၊ လွှဲပို့သောငွေများ ဆုံးရှုံးမှု မဖြစ်ပေါ်စေရေန် ကြိုတင်ကာကွယ်ထားမှုအခြေအနေများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

u bobo ngeမြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့်ပတ်သက်၍ ဥပဒေနှစ်ခုမှာ ၂၀၁၃ ခုနှစ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေနှင့် ၂၀၁၆ တွင်ပြဋ္ဌာန်းခဲ့သော ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ဖြစ်ပါကြောင်း၊ ၎င်းဥပဒေ နှစ်ရပ်အရ မိမိတို့လုပ်ဆောင်နိုင်သော အခွင့်အာဏာများကိုသုံးပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ကြီးကြပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အဓိကကြည်‌့သော ငွေကြေးလွယ်ကူမှု အချိုး(Liquidity Ratio)နှင့် Capital Adequacy Ratio ဟူသော မတည်ငွေ၏လုံလောက်မှုအချိုး ဖြစ်ပါကြောင်း၊ ငွေကြေးလွယ်ကူမှုအချိုးကို ၂၀ ရာခိုင်နှုန်းဖြစ်ပြီး၊ Capital Adequacy အချိုးက ၁၀ ရာခိုင်နှုန်းထားရန် ယခင်ညွှန်ကြားချက်ဖြင့် သတ်မှတ်ထားပါကြောင်း၊ အဆိုပါညွှန်ကြားချက်အရ မိမိတို့လက်ရှိတွက်နေခြင်း ဖြစ်ပါကြောင်း၊ ၎င်းညွှန်ကြားချက်အရ ပြီးခဲ့သည့်ဇွန်လကုန်အထိ မိမိတို့ ဘဏ်အားလုံး၏ စုစုပေါင်းငွေကြေးလွယ်ကူမှုအချိုးက ၃၉.၇၂ ရာခိုင်နှုန်းနှင့် မတည်ငွေရင်း လုံလောက် မှုအချိုးက ၁၈.၀၇ ရာခိုင်နှုန်းရှိသောကြောင့် လုံလောက်သောအချိုးရှိပါကြောင်း၊ System တစ်ခုလုံး၏ Average များ ဖြစ်ပြီး တချို့သောအဖွဲ့အစည်းငယ်များက ၎င်းထက်နည်းခြင်းများရှိလိမ့်မည် ဖြစ်ပါ ကြောင်း၊ ၎င်းတို့ကို မိမိတို့ အာရုံစိုက်ပြီးကြည်‌့ပါကြောင်း၊ ယခုဖြစ်ပွားခဲ့သောအချိုးများသည် ယခင်က တွက်နည်းအတိုင်း ပြောခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခု တွက်နည်းအသစ်ကို ပြီးခဲ့သည့် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ ကမ္ဘာ့ဘဏ်နှင့် International Monetary Rund (IMR) နှစ်ခုပေါင်းပြီး တိုင်ပင် ပြီးသည့်အခါ အသစ်ရေးဆွဲပြီး ဇူလိုင်လ ၇ ရက်နေ့ကထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ငွေကြေးလွယ်ကူမှု အချိုးအသစ်အရ မိမိတို့က စုစုပေါင်းငွေကြေးလွယ်ကူမှုအချိုး၊ မတည်ငွေရင်းလုံလောက်မှုအချိုးအသစ်က ၈ ရာခိုင်နှုန်းအဖြစ် ပြောင်းလိုက်ပါကြောင်း၊ ၎င်းတွင် တစ်ရာဝမ်းခေါ်သော ဘဏ်ကိုထည့်ဝင်သည့် Share Holder များက ထည့်ဝင်ငွေက အနည်းဆုံး ၄ ရာခိုင်နှုန်း ရှိရမည် ဖြစ်ပါကြောင်း၊ ယခု မိမိတို့ ဘဏ်များကို အဆိုပါတွက်နည်းအသစ်ဖြင့် တွက်ခိုင်းထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ အဟောင်း၊ အသစ် နှစ်ခုလုံးတွက်ပြီး အသစ်အရ တချို့သောဘဏ်များက လျော့နည်းမှုဖြစ်နိုင်သည့်အတွက် Capital Seasonal များ ဆောင်ရွက်ရန် စတင်ဆောင်ရွက် နေပါကြောင်း၊

၎င်းတို့ဘက်က မိမိတို့ကိုစပြီး ငွေကြေးများ စတင်ထည်‌့နေသည်များလည်း ရှိပါကြောင်း၊ အဆိုပါ ထုတ်ပြန်ခဲ့သော ငွေကြေးစည်းမျဉ်းများတွင် Liquidity အချိုးသည် ၂၀ ရာခိုင်နှုန်းသာ ဆက်လက်ထား ရှိပါကြောင်း၊ ၎င်းတို့နှစ်ခုလုံးသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်အကျိုးသက်ရောက်မည် ဖြစ်ပါ ကြောင်း၊ အဆိုပါအချိုးများနှင့် မပြည့်ပါက မိမိတို့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေပုဒ်မများတွင် မိမိတို့ကို အပ်နှင်းထားသောအာဏာများအရ စီမံခန့်ခွဲရေး နည်းလမ်း များနှင့် ပြစ်ဒဏ်ချမှတ်ခြင်းများ၊ အရေးယူတည့်မတ်ခြင်းများ ပြုလုပ်မည်ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကစပြီး အကယ်၍ မတည်ငွေရင်းမလုံလောက်သည့်အချိန် တစ်ချိန်ချိန်ဖြစ်ပေါ်ခဲ့ပါက မိမိတို့ ရက်ပေါင်း ၃၀ အတွင်း မည်ကဲ့သို့ဖြေရှင်းမည်ကို အကြောင်းကြားရမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ တင်ပြထားစဉ်အတွင်း ငွေထပ်ထုတ်ချေး၍မရပါကြောင်း၊ ၎င်းတို့၏ Capital Position များကို လျော့ကျ သွားနိုင်သော ကိစ္စကို မိမိတို့ခွင့်မပြုပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထားသော ကာလအတွင်း ပြန်လည်မတည်‌့မတ်နိုင်ပါက စီမံခန့်ခွဲရေးဆိုင်ရာပြစ်ဒဏ်များကို ချမှတ်သွားရန် ရှိပါကြောင်း၊  ဒုတိယအချက်အနေဖြင့် မိမိတို့ ဘဏ်များအနေဖြင့် ပြည်သူလူထုက အပ်နှံထားသော အပ်ငွေများကို လက်ခံပြီးထုတ်ပေးခြင်း၊ ပြည်သူများကို ချေးငွေထုတ်ပေးခြင်း၊ ပြန်လည်ကောက်ခံခြင်း၊ ငွေလွှဲခြင်းလုပ်ငန်းများတွင် မိမိတို့စောင့်ကြည်‌့ရာတွင် တစ်နေ့အဝင်အထွက်က တစ်နေ့လျှင် ကျပ် တစ် ဘီလီယံကျော်ကို ဆောင်ရွက်ချက်များကိုကြည်‌့ပြီး ဘဏ်များကိုလိုအပ်ပါက မိမိတို့၏ Banking Supervision Department က ဆက်သွယ်မေးမြန်းခြင်း နေ့စဉ်ပြုလုပ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာ ရေးနှစ် ပထမသုံးလပတ်တွင် အပ်ငွေအားဖြင်‌့် 1.4 Billion ခန့် တိုးလာသည်ကို တွေ့ရှိရပါကြောင်း၊ စုစုပေါင်းအပ်ငွေက 25 Trillion ခန့်ရှိပါကြောင်း၊ စုစုပေါင်းချေးငွေက 17 Trillion ခန့်ရှိပြီး ပထမသုံးလပတ်အတွင်း စုစုပေါင်းအားဖြင့် ကျပ် ၆၃၀ Billion ကျော် တိုးပြီးချေးထားခြင်း တွေ့ရှိရပါကြောင်း၊ အဝင်/အထွက်က ပြီးခဲ့သည့် Quarter အတွင်း စုစုပေါင်း 615 Billion ပိုထွက်သွားပါကြောင်း၊ အဝင်နှင့်အထွက်က တချို့ Quarter မှာပိုသွားခြင်း၊ တချို့ Quarter မှာပိုဝင် လာခြင်းတို့ ရှိပါကြောင်း၊ ပထမ သုံးလပတ်တစ်ခုနှင့်တစ်ခုကြားတွင် ကွာခြားမှုရှိပါကြောင်း၊

နိုင်ငံသားများ၏စုဆောင်းငွေ၊ လွှဲပို့ငွေဆုံးရှုံးမှုများမဖြစ်စေရန် မည်ကဲ့သို့ကြိုတင်ကာကွယ်ထားသည့် အခြေအနေမေးခွန်းနှင့် ပတ်သက်၍ မိမိတို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေတွင် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရန်၊ ငွေကြေးတည်ငြိမ်ရန်၊ ပြည်တွင်းဈေးနှုန်း တည်ငြိမ်မှုရရန်အတွက် ရည်မှန်းချက်များ မိမိတို့သတ်မှတ်ထားပြီး ရည်မှန်းချက်များအတိုင်း အကောင် အထည်ဖော်ရန် ညွှန်ကြားထားပါကြောင်း၊ မိမိတို့အနေဖြင့် ဗဟိုဘဏ်ငွေကြေးဝန်ဆောင်မှု လုပ်သည့်အခါ တွင် တစ်ခါတစ်ရံ ဘဏ်နှင့်ဘဏ်ကိုဆက်သွယ်သူများကြားတွင် အငြင်းပွားခြင်း ရှိပါကြောင်း၊ မကြာခဏ တိုင်ကြားမှုများရှိသည့်အခါ ပေါင်းစပ်ညှိနှိုင်းပေးခြင်း ရှိပါကြောင်း၊ မိမိတို့ Banking Supervision Department က တစ်ခါတစ်ရံတွင်လိုအပ်သည့်အခါ တိုင်ကြားမှုမရှိဘဲ မေးမြန်းခြင်းများ ရှိပါကြောင်း၊ ငွေပေးချေခြင်းများ၊ ငွေလွှဲပို့ခြင်းများနှင့်ပတ်သက်၍ ပထမမေးခွန်းကို မိမိဖြေသွားခဲ့စဉ်တွင်ပါရှိသော RTGS System ဟုခေါ်သော Real Time Gross Payment System ဖြင့်ငွေလွှဲရာတွင် ယခုအခါ ငွေသားကိုင်ဆောင်ရခြင်း များစွာ သက်သာသွားပါကြောင်း၊ အထူးသဖြင့်ဘဏ်များအချင်းချင်း လွှဲပို့သည့် အခါ သက်သာသွားပါကြောင်း၊ မိမိတို့အနေဖြင့် ဘဏ်နှင့်ဆက်သွယ်လုပ်ဆောင်သော Customers များကြားတွင် ငွေကိုင်ဆောင်မှုများရှိနေသေးသည့်အတွက် လုံခြုံမှုဆောင်ရွက်ရန် အစီအစဉ်များရေးဆွဲပြီး ဘဏ်ကို ညွှန်ကြားထားပါကြောင်း၊ လိုအပ်သောအာမခံများ ဝယ်ယူရန်အတွက် ညွှန်ကြားထားပါကြောင်း ဖြေကြားပါသည်။