ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Rt. Hon. Mr. John Bercow ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဇန်နဝါရီလ (၂၄) ရက်နေ့ (၁၆း၀၀)နာရီချိန်တွင် ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Rt. Hon. Mr. John Bercow နှင့် Westminster ရှိ အောက်လွှတ်တော်ဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လွှတ်တော်များ၏ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစော၊ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်ဦးဇော်ဝင်း၊ လွှတ်တော်အခွင့်အရေး ကော်မတီအဖွဲ့ဝင် ဦးစိုင်းစန်သိန်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အဖွဲ့ဝင်ဒေါက်တာ ဒေါ်ရွှေပုံ၊ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် (၁ရး၀၀)နာရီချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဗြိတိန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Alok Sharma နှင့် FCO Minister ရုံး၌ တွေ့ဆုံ ဆွေးနွေးသည်။ အဆိုပါတွေ့ဆုံ ပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံသား များ၏ မူလအခွင့်အရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌဦးစောနှင့် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းတို့ တက်ရောက်ခဲ့ကြသည်။
ယင်းနေ့ (၁၁း၃၀)နာရီချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဗြိတိန်နိုင်ငံအောက်လွှတ်တော် Portcullis House, Room.R ၌ ဗြိတိနိုင်ငံအောက်လွှတ်တော်မှ Rt.Hon. Mr. David Evennett, MPနှင့် Principal Private Secretary to the Government Chief Whip, Mr. Roy Stone တို့နှင့် လည်းကောင်း၊ (၁၄၄၅) နာရီချိန်တွင် ဗြိတိန်နိုင်ငံ အောက်လွှတ်တော်၊ Procedure Committee ဥက္ကဋ္ဌ Rt. Hon. H.E. Mr. Charles Walker, MP နှင့်လည်းကောင်းတွေ့ဆုံ၍ လွှတ်တော်ရေးရာနှင့် ဥပဒေပြုရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်
