စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်တစ်ခုဖြစ်သော စစ်ကိုင်းမြို့သည် ရှေးမြန်မာ မင်း အဆက်ဆက် နန်းစိုက်ခဲ့ရာ မြို့တော် ဖြစ်ပြီး နယ်ချဲ့ခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်၊ ဖဆပလအစိုးရခေတ်၊ ဆိုရှယ်လစ်ပါတီခေတ်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရခေတ်စသည့် ခေတ်အဆက်များတွင် တိုင်းမြို့တော်ကြီး အဖြစ် တိုင်းရုံးပေါင်းစုံ ရုံးစိုက်ခဲ့ပြီး စည်ကားခဲ့သော မြို့ကြီးတစ်မြို့လည်းဖြစ်ပါသည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီခေတ် ၂၀၀၀ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စပြီး စစ်ကိုင်းမြို့ရှိ တိုင်းရုံးများကို စစ်ကိုင်းတိုင်း အတွင်းရှိ ခရိုင်မြို့တစ်မြို့ဖြစ်သော မုံရွာမြို့သို့ အမြင့် ၄ မြင့် အရဟုဆိုကာ ပြောင်းရွှေ့ရုံးစိုက်ခဲ့ပါသည်။ ထိုအချိန်မှစ၍ စစ်ကိုင်းမြို့သည် ဖွံ့ဖြိုးတိုးတက်မှုများ နိမ့်ကျပြီး သာမန်မြို့ငယ်လေး တစ်ခု ဖြစ်လာခဲ့ပါသည်။
သို့သော်လည်း ယခုအစိုးရသစ် လက်ထက်တွင် သမ္မတကြီး၏လမ်းညွှန်မှုဖြင့် စစ်ကိုင်းမြို့တွင် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကြီးကို တည်ဆောက်နိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပထမနှစ်ကျောင်းသားကျောင်းသူပေါင်း ၅၁၇ ဦးဖြင့် စတင် ပညာသင်ကြားလျက်ရှိပါသည်။ ယခင်ရှိပြီး နည်းပညာကောလိပ်ကိုလည်းပဲ နည်းပညာ တက္ကသိုလ်အဖြစ် မြှင်တင်ပေးခဲ့ပြီး AGTI ပထမနှစ်ကျောင်းသူ ကျောင်းသား ၆၀၉ ဦး၊ AGTI ဒုတိယနှစ် ကျောင်းသားကျောင်းသူ ၇၂၂ ဦးနှင့် B.Tech ပထမနှစ်ကျောင်းသူကျောင်းသား ၃၅၈ ဦး၊ B.Tech ဒုတိယနှစ်ကျောင်းသူကျောင်းသား ၂၂၆ ဦး၊ စုစုပေါင်း ကျောင်းသူကျောင်းသား ၂၂၅၃ ဦး။ စစ်ကိုင်း သမဝါယမကောလိပ်ကိုလည်း ၁၉၉၆ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်လာရောက်ခဲ့ရာ သမဝါယမတက္ကသိုလ်အဆင့်ကို တိုးမြှင့်ပေးခဲ့ပြီး ကျောင်းသားကျောင်းသူ ၁၂၀၃ ဦး။ စစ်ကိုင်းပညာရေး တက္ကသိုလ်တွင် ပထမနှစ် ကျောင်းသားကျောင်းသူ ၃၀၀ ဦး၊ ဒုတိယနှစ်ကျောင်သားကျောင်းသူ ၂၅၈ ဦး၊ တတိယနှစ် ကျောင်းသားကျောင်းသူ ၂၅၃ ဦး၊ စတုတ္ထနှစ်ကျောင်းသားကျောင်းသူ ၂၃၁ ဦး၊ မဟာပထမနှစ် ကျောင်းသားကျောင်းသူ ၁၀၀ ဦး၊ မဟာဒုတိယနှစ်ကျောင်းသားကျောင်းသူ ၇၅ ဦး၊ စုစုပေါင်း ၁၂၁၇ ဦး။ စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးကျေးရွာရှိ တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကို ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ တက္ကသိုလ်အဆင့်ကိုတိုးမြှင့်ဖွင့်လှစ်ပေးခဲ့ရာ ၂၀၁၃ ခုနှစ်တွင် မူလတန်းဆရာဖြစ် သင်တန်း ၂၀၄ ဦး၊ ပညာရေးဘွဲ့သင်တန်း ၂၃၇ ဦး။ စစ်ကိုင်းမြို့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တွင် ဝိဇ္ဇာသိပ္ပံ၊ GTI ၊ GTC ကျောင်းသားများစုစုပေါင်း ၆၇၀ ဦးနှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်၊ စစ်ကိုင်းပညာရေးကောလိပ်မှာလည်းပဲ DTEC ကျောင်းသူ ၂၇၀ ဦး၊ DTED ကျောင်းသူ ၂၀၁ ဦးအား အသီးသီး ပညာသင်ကြားပေး လျက်ရှိပါသည်။
စစ်ကိုင်းမြို့အနေဖြင့် တက္ကသိုလ် ၅ ခု၊ ကောလိပ် ၂ ခု စုစုပေါင်း ၇ ခုဖြင့် ကျောင်းသူကျောင်းသားများအား အနာဂတ်ကာလတွင် နိုင်ငံတော် တည်ဆောက်မည့်သူများအဖြစ် နှစ်စဉ်မွေးထုတ်ပေးလျက်ရှိရာ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမြို့များမှ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ကားလမ်း၊ ရထားလမ်း၊ ရေလမ်းခရီးများဖြင့် လွယ်ကူစွာ သွားလာနိုင်သည့်အတွက် ကျောင်းသားကျောင်းသူများလာရောက် ပညာသင်ကြားရာတွင် လွယ်ကူချောမွေ့စွာဖြင့် ပညာသင်ကြားနိုင်သော မြို့တစ်မြို့ဖြစ်ပါသည်။
ပညာရေးအတွက် ရင်းနှီးမြှုပ်နှံရခြင်းသည် နိုင်ငံတော်၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံရခြင်း ဖြစ်သည့်အတွက် အရှုံး မရှိပါကြောင်း၊ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှု ထိပ်တန်းရောက် နိုင်ငံများသည် ပညာရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး အသုံးပြုသော နိုင်ငံများဖြစ် သည်ကိုလည်း သိရှိရပါကြောင်း၊ သို့ပါ၍ စစ်ကိုင်းမြို့တွင် တိုင်းဒေသကြီးရုံးများ မရှိတော့သော်လည်း ပညာရေးမြို့တော်ကြီးအဖြစ် တည်ဆောက်နိုင်ရန် ဘက်ပေါင်းစုံပြည့်စုံနိုင်ရေးအတွက် ကွန်ပျူတာတက္ကသိုလ်တစ်ခု တည်ဆောက်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် တည်ဆောက်ရာ၌ အဓိက အခန်းကဏ္ဍတွင် ပါဝင်သည့် သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရန်နှင့် အာဆီယံ အဆင့်မီ အင်ဂျင်နီယာ ပညာရှင်များ၊ နည်းပညာရှင်များနှင့် ကွန်ပျူတာ ပညာရှင်များပေါ် ထွက် လာစေရန် တို့ကို အရှိန်အဟုန်မြှင့်တင် ဦးတည်ဆောင်ရွက်လျက် ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်တွင် ကွန်ပျူတာ တက္ကသိုလ် (မုံရွာ)နှင့် ကွန်ပျူတာတက္ကသိုလ်(ကလေး)တို့ကို ဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်းနှင့် အဆိုပါ တိုင်းဒေသကြီးနှင့် နယ်နိမိတ် ဆက်စပ်လျက်ရှိသော မန္တလေးတိုင်းဒေသကြီး တွင်လည်း ကွန်ပျူတာတက္ကသိုလ် ၃ ခုကို ဖွင့်လှစ် ပေးခဲ့ပြီးဖြစ်ပါကြောင်း။
၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၌ ပထမနှစ်မှ ဂုဏ်ထူးတန်းအထိ တက်ရောက်လျက် ရှိသည့် ကျောင်းသားကျောင်းသူဦးရေမှာ စုစုပေါင်း ၈၈၃ ဦးရှိသည့်အနက် စစ်ကိုင်းမြို့မှ တက်ရောက်နေသော ကျောင်းသားကျောင်းသူဦးရေမှာ စုစုပေါင်း ၄၉ ဦးသာရှိရာ တက်ရောက်လျက် ရှိသည့် ကျောင်းသားကျောင်းသူ ဦးရေစုစုပေါင်း၏ ၅ ရာခိုင်နှုန်းသာရှိပါကြောင်း၊ ထို့အပြင် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ အောင်မြင်သူများအတွက် ကွန်ပျူတာတက္ကသိုလ် ဘာသာရပ်များနှင့် ဆက်စပ်သည့် ဘာသာရပ်များသင်ကြားမည့် မြန်မာ့သတင်း အချက်အလက်နှင့် နည်းပညာတက္ကသိုလ်ကိုလည်း ၂၀၁၃-၂၀၁၄ ခု ယခုပညာသင်နှစ်မှစတင်၍ မန္တလေးမြို့တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နယ်နိမိတ်ဆက်စပ်လျက်ရှိသည့် ဒေသများတွင် ကွန်ပျူတာတက္ကသိုလ်များ ကို နိုင်ငံတော်အကြီးအကဲ များ၏ လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ်ထားရှိပြီးဖြစ်ရာ ယခုလက်ရှိအချိန်တွင် စစ်ကိုင်းမြို့၌ ကွန်ပျူတာ တက္ကသိုလ်တစ်ခု ထပ်မံဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
