အဓိကရည်ရွယ်ချက်မှာ (၁) သက်ဆိုင်သည့် မိမိမဲဆန္ဒရှင်မှ မေးမြန်းပေးပါရန်ဆိုပြီးမှ တင်ပြလာခြင်း (၂) မိမိတို့ဆီမှာ နယ်မြေဒေသ အခြေအနေကြောင့် မတည်ငြိမ်ခြင်းနှင့် (၃) အလုပ်အကိုင်အခွင့်အလမ်းများ မရှာပေးနိုင်ခြင်း တိုဖြစ်ပါသည်။ မေးမြန်းလိုသည်မှာ မြန်မာနိုင်ငံသားနှင့် အခြားနိုင်ငံသားတို့ပေါင်းသင်းရာမှ မွေးဖွားလာသည့် သားသမီးများအတွက် နိုင်ငံမဲ့နေပါသဖြင့် နိုင်ငံသားအဖြစ် အသိအမှတ်ပြုနိုင်ရေး၊ အိမ်ထောင်စုစာရင်းတွင် သား/သမီးအမည်ထည့်သွင်းနိုင်ရေးတို့အတွက် သို့မဟုတ် ဧည့်နိုင်ငံသားအဖြစ် အသိအမှတ်ပြုနိုင်ရေးတို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့တွင် ဥပဒေပြဋ္ဌာန်းပေးနိုင်သည့် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ပြဋ္ဌာန်းထားသော ဥပဒေရှိပြီးဖြစ်၍ ဥပဒေထပ်မံပြဋ္ဌာန်းရန် မလိုအပ်ပါကြောင်း လက်ရှိတည်ဆဲ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံ သားဥပဒေ ပုဒ်မ ၄၃ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ နိုင်ငံတော်အတွင်း ၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့် နိုင်ငံသားပြုခွင့်ရရှိရန် လျှောက်ထားနိုင် သည်ဟု ပြဋ္ဌာန်းထားပြီးလည်းဖြစ်ပါကြောင်း။ ၎င်း(၅)ချက်မှာ (၁)နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှမွေးဖွားသူများ၊ (၂) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့် ရသူမိဘနှစ်ပါးမှ မွေးဖွားသူများ၊ (၃) ဧည့်နိုင်ငံသားနှင့်နိုင်ငံခြား သားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ (၄)နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသူများ၊ (၅) နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားနှင့် အခြားနိုင်ငံသားမိဘနှစ်ပါးတို့မှ ပေါင်းသင်းရာမှ မွေးဖွားလာသည့် သားသမီးများအတွက် နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ အထက်ဖော်ပြပါ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၄၃ ပုဒ်မခွဲ(က)အရ နိုင်ငံသားပြုခွင့် သာ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း၊ အကယ်၍ အဆိုပါသားသမီးသည် နိုင်ငံသားပြုခွင့် လျှောက်ထားခြင်းမရှိပါက နိုင်ငံခြားသားတစ်ဦး အဖြစ်သာ တည်ရှိမည်ဖြစ်ပြီး ၁၉၄၈ ခုနှစ်၊ နိုင်ငံခြားသားများမှတ်ပုံတင်ရေး နည်းဥပဒေနှင့်အညီ နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် FRC ကိုသာ ကိုင်ဆောင်ရမည့်သူဖြစ်ပါကြောင်း၊ နိုင်ငံသားနှင့် နိုင်ငံခြားသားတို့မှ မွေးဖွားသောသားသမီးများအား အိမ်ထောင်စုလူဦးရေစာရင်းတွင် အမည်ထည့်သွင်းနိုင်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ နိုင်ငံတော်အတွင်း မွေးဖွားလာသော သားသမီးများအတွက် နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၁၂(က) ၁(ကက)အရ မွေးဖွားသည့် နေ့မှစ၍ ခုနစ်ရက်အတွင်း မိဘသို့မဟုတ် အုပ်ထိန်းသူသည် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးထံ မွေးစာရင်းနှင့်အတူ စာဖြင့်ဖြစ်စေ၊ ကိုယ်တိုင်သွားရောက်၍ဖြစ်စေ အကြောင်းကြားရမည်ဖြစ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ထိုသို့အကြောင်းကြားလာသည့်အခါတွင် မွေးဖွားကြောင်း အထောက်အထား လက်မှတ်ကို ထုတ်ပေးမည် ဖြစ်ပါကြောင်း၊
ထို့အတူ နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ နိုင်ငံတော်ပြင်ပ၌ မွေးဖွားလာသော သားသမီးများအတွက် နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၁၃ အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ်(၁) (ကက) အရ ကလေးမွေးဖွားကြောင်း မွေးစာရင်းနှင့်အတူ မွေးဖွားသည့်နေ့မှစ၍ တစ်နှစ်အတွင်း မိဘသို့မဟုတ် အုပ်ထိန်းသူသည် မြန်မာနိုင်ငံသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးထံသို့ အကြောင်းကြားရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာမြန်မာနိုင်ငံသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးမှ နိုင်ငံတော်ပြင်ပတွင် ကလေးမွေးဖွားခြင်း မှတ်တမ်းပုံစံနိုင် (၈) ကို ထုတ်ပေးမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း မွေးဖွားသောကလေးများသည် မိဘအုပ်ထိန်းသူ၏ အိမ်ထောင်စုလူဦးရေစာရင်းတွင် အမည်ထည့်သွင်းပေးရန် မြို့နယ်ဦးစီးဌာနမှူးရုံးသို့ အောက်ပါအချက်များနှင့်အတူ လျှောက်ထား ရမည်ဖြစ်ပါကြောင်း၊ အောက်ပါအချက်အချက်(၇)ချက်နှင့်အတူ ပေးပို့လျှောက်ထားရမည် ဖြစ်ပါကြောင်း၊
(၁) မွေးစာရင်း(Birth Certificate)မိတ္တူ၊ မွေးဖွားကြောင်း လက်မှတ်ပုံစံ ထွေ(၁)(က) ၊ (၂) နိုင်ငံခြားသားဖြစ်သော မိဘတစ်ပါးပါး၏ နိုင်ငံကူးလက်မှတ် မိတ္တူ၊ (၃) နိုင်ငံသားဖြစ်သော မိဘတစ်ပါးပါး၏ ကိုင်ဆောင်လက်မှတ်မိတ္တူ၊ (၄) ကလေးသည် အခြားနိုင်ငံသားအဖြစ် ခံယူထားခြင်းမရှိကြောင်း မိဘများ၏ကျမ်းကျိန်ဆိုချက်၊ (၅) ကလေးအမည်ထည့်သွင်းမည့် မိဘအုပ်ထိန်းသူ၏ အိမ်ထောင်စု လူဦးရေစာရင်းမိတ္တူ၊ (၆) မိဘနှစ်ပါး၏ လက်ထပ်စာချုပ်မိတ္တူနှင့် (၇) သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်တို့ဖြစ်ပါကြောင်း၊ နိုင်ငံတော်ပြင်ပတွင် မွေးဖွားခဲ့သောကလေးသည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေထိုင်ပါက မိဘအုပ်ထိန်းသူ၏ အိမ်ထောင်စုလူဦးရေစာရင်းတွင် အမည်ထည့်သွင်းပေးရာ အထက်ဖော်ပြပါအထောက်အထားများအပြင် ကလေး၏ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CFI သို့မဟုတ် နိုင်ငံကူးလက်မှတ်မိတ္တူ၊ နိုင်ငံတော်ပြင်ပ၌ကလေးမွေးဖွားခြင်းမှတ်တမ်း ပုံစံနိုင်(၈)တို့နှင့်အတူ မြို့နယ်ဦးစီးဌာနမှူးရုံးသို့ လာရောက်လျှောက် ထားရမည်ဖြစ်ပါကြောင်း။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်မေးမြန်းသော မြန်မာနိုင်ငံသားနှင့် အခြားနိုင်ငံသားတို့ ပေါင်းသင်း ရာမှ မွေးဖွားလာသည့် သားသမီးများအတွက် မြန်မာနိုင်ငံသားဥပဒေ၊ နည်းဥပဒေများအရ နိုင်ငံသားပြုခွင့်ရသူအဖြစ်သာ လျှောက်ထားနိုင်မည်ဖြစ်ပြီး နိုင်ငံသားဆိုင်ရာလုပ်ထုံးလုပ်နည်းအရ မွေးဖွားကြောင်းအထောက် အထားလက်မှတ် ပြုလုပ်ပြီးမှ မိဘအုပ်ထိန်းသူ၏ အိမ်ထောင်စုလူဦးရေစနစ် သားသမီးအမည် ထည့်သွင်းနိုင်ပါကြောင်းနှင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် ဥပဒေပြဋ္ဌာန်းရန် လိုအပ်မည်မဟုတ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
