(ခ)-စက်မှုလက်မှုလုပ်ငန်းများနှင့်ပတ်သက်၍လိုအပ် လျက်ရှိသော အရင်းအနှီးများ၊ နည်းပညာများ ကို နိုင်ငံတော် အစိုးရမှ ပံ့ပိုး ကူညီပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၂၈.၈.၂၀၁၃)

ဦးစိန်မြင့် (ဗိုလ်တထောင်) ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ စားဝတ်နေရေးနှင့် ဆင်းရဲ မှုလျော့ချရေးအစီအစဉ်အတွက် လယ်/ဆည်ဝန်ကြီးဌာနအနေဖြင့် လယ်သမားများ ၏ စိုက်ပျိုးစရိတ်ချေးငွေများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာများနှင့် အခွင့် အလမ်းများကို လက်မှုလယ်ယာမှ စက်မှုလယ်ယာသ့ို ကူးပြောင်းရန်အတွက် အဘက်ဘက်မှ ပံ့ပိုးနေခြင်းများကို လည်းကောင်း၊  သမဝါယမဝန်ကြီးဌာန အနေဖြင့်လည်း ပြည်တွင်း/ပြည်ပ အရင်းအနှီး များ၊ ချေးငွေများ ရယူပြီး ပြည်သူ များ၏ အလုပ်အကိုင် အခွင့်အလမ်းများ၊ အရင်းအနှီးများရရှိရန် သမဝါ ယမ ငွေစုငွေချေးအဖွဲ့များဖွဲ့၍ ပြည်သူများကို အတိုးနှုန်းနည်း စွာနှင့် ချေးပြီး မော်တော်ယာဉ်အငှားဘဝမှ ယာဉ်ပိုင်ရှင်ဘဝသို့ လည်းကောင်း၊ စသည့်ဖြင့် နည်းမျိုးစုံနှင့် ပြည်ထောင်စုလွှတ်တော်ကြီး တွင် ဆွေးနွေး ပြီး ပြည်သူ များ ၏ အခွင့်အလမ်း များကို ဆောင်ရွက်နေခြင်းအတွက် ကြည်နူးမိပါကြောင်း၊ သို့သော် စက်မှုလက်မှုလုပ်ငန်းရှင်များဖြစ်သော အသေးစား၊ အလတ်စား၊ အကြီး စား လုပ်ငန်းရှင်များသည် ခေတ်အဆက်ဆက် ပံ့ပိုးကူညီမှု အရင်းအနှီးချေးငွေ၊ နည်းပညာအခွင့်အလမ်းများ မရရှိခဲ့ပါသဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံ၍ စက်မှုလက်မှုလုပ်ငန်းရှင်များ လိုအပ်လျက်ရှိသော အသေးစား၊ အလတ်စား၊ အကြီးစား လုပ်ငန်းရှင်များအတွက်  နိုင်ငံတော်အနေနှင့် အရင်းအနှီး နည်းပညာများ၊ အခွင့်အလမ်း များ ဆောင် ရွက် ပေးနိုင်မှု အစီအစဉ်များရှိ/မရှိနှင့် ရှိပါက မည်ကဲ့သို့ စီမံကိန်းများ ချမှတ်ပြီး ဆောင်ရွက်ပေးနိုင် မည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရာတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် အဓိက မောင်းနှင်အားဖြစ်သည့်အတွက် ၎င်းလုပ်ငန်းများကို အကျိုးပြုနိုင်မည့် မူဝါဒနှင့် ဥပဒေများ၊ မြင့်မားသော ရင်းနှီးမြှုပ်နှံမှု၊ အဆင့်မြင့်နည်းပညာ၊ ဈေးကွက်၊ အလုပ်အကိုင်ကျွမ်းကျင်မှုနှင့် စီမံခန့်ခွဲမှုနည်းစနစ်များ ပံ့ပိုးပေးနိုင်ရေးအတွက် စွန့်ဦး တီထွင်လုပ်ငန်းများကို တိုက်ရိုက်အကူအညီပေးရေး၊ ဈေးကွက်နှင့်ထုတ်လုပ်မှု ပတ်ဝန်းကျင်ကောင်း ဖန်တီးရေး၊ ရင်းနှီးမြှုပ်နှံ မှုများ ဖိတ်ခေါ်ရေး၊ နည်းပညာလွှဲပြောင်းရယူခြင်း နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရေး၊ ဈေးကွက်ဝင်အရည်အသွေးရှိ ထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်ရေး၊ ပြည်တွင်း/ပြည်ပ ဈေးကွက်ချဲ့ထွင်ဆောင်ရွက်ရေးနှင့် အရင်းအနှီးပံ့ပိုးကူညီရေး မဟာဗျူဟာများကို ချမှတ်ဆောင်ရွက်ရ မည်ဖြစ် ပါကြောင်း။

အထက်ဖော်ပြပါ မဟာဗျူဟာများ ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် နေ့စွဲပါ အမိန်ကြော်ငြာစာအမှတ် (၁၁/၂၀၁၃) ဖြင့် နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနှင့် ဒုတိယသမ္မတ(၂)က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းထားသော ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းတာဝန်များမှာ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်ပြဋ္ဌာန်းရေး လုပ်ငန်းစဉ်ပါဝင်သည့်အတွက်ကြောင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ ဦးစီး ပြီး ပြည်တွင်း/ပြည်ပ ပညာရှင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဘာသာရပ်ကျွမ်းကျင်သူများ၊ ဥပဒေ ပညာရှင် များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများမှ လုပ်ငန်းရှင်များ ပူးပေါင်း၍ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေမူကြမ်းကို ရေးဆွဲပြီးဖြစ်သည့်အတွက် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့ တွင်  နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားပြီး ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံရှိ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့် နည်းပညာများ လွှဲပြောင်း ရယူရန်နှင့် ငွေကြေး အရင်းအနှီးများ လိုအပ်သည့်အတွက် စက်မှုဝန်ကြီးဌာနရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဗဟိုဌာနသည် SME လုပ်ငန်းများကို ပြည်ပအဖွဲ့အစည်းများဖြစ်သော ဂျာမဏီနိုင်ငံ အခြေစိုက် Friedrich Naumann Foundation for Freedom (FNF)၊ ဂျာမဏီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ GIZ၊ UNESCAP၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊  PUM Netherland တို့နှင့် ချိတ်ဆက်ပေး၍ နည်းပညာအကူအညီရရှိရေး၊ စက်ပစ္စည်းကိရိယာနှင့် ငွေကြေးအထောက်အပံ့ ရရှိရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှ SME များဖွံ့ဖြိုးတိုးတက်ပြီး အာဆီယံအသိုက်အဝိုင်း AEC တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် အသေးစားနှင့်အလတ်စား လုပ်ငန်းများ၏ ငွေကြေးလိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ရန် မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်ကို အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဘဏ် SMIDB အဖြစ် ပြောင်းလဲ၍ ပြည့်စုံကောင်းမွန်သော ဘဏ်စနစ်ဖြစ်ပေါ်လာစေရေးအတွက် ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိနေသည့်အပြင် SME လုပ်ငန်း များအတွက် ချေးငွေထုတ်ပေးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ SMIDB ဘဏ်ကို လယ်ယာအမတော်ကြေးကဲ့သို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ  ၁ ရက်နေ့တွင် ငွေကျပ် ၅ ဘီလီယံကိုလည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် ငွေကျပ် ၅ ဘီလီယံ ကိုလည်းကောင်း ထုတ်ချေးပေးခဲ့ရာ၊ SMIDB ဘဏ်မှလည်း ၎င်းငွေကျပ် ၁၀ ဘီလီယံကို ဘဏ်လုပ်ထုံးလုပ်နည်းများနှင့် အညီ အတိုးနှုန်း ၈.၅ ရာခိုင်နှုန်း နှုန်းဖြင့် အချိန်ကာလ ၃ နှစ်အထိ စီးပွားရေးဖွံ့ဖြိုးရန် အလားအလာကောင်းမွန်သည့် အသေးစားနှင့်အလတ်စားလုပ်ငန်း ၆၂ ခုကို ထုတ်ချေးပေးပြီး ဖြစ်ပါကြောင်း။

SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင် မည့် ပြည်ထောင်စု အဆင့် ပြည်နယ်/ တိုင်းဒေသကြီးများတွင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်း အသီး သီးကို ဖွဲ့စည်း ဆောင်ရွက် ရမည်ဖြစ်ပြီး အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်သည့် အသိအမြင် ဗဟုသုတများ ဖြန့်ဝေ၍ ပြည်သူများကိုယ်တိုင် ပူးပေါင်းလာစေနိုင်ရန် စည်းရုံးဆွဲဆောင်သွားရ မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဈေးကွက် ကြီးမားပြီး လူဦးရေများပြားသော အင်အားကြီးနိုင်ငံများအကြား တည်ရှိနေခြင်း၊ မြေပေါ်မြေအောက် သယံဇာတအရင်းအမြစ် ပေါများကြွယ်ဝခြင်း၊ ရာသီဥတုမျှတပြီး စိုက်ပျိုးရေးထွက်ကုန် နှင့် ရေထွက်စားသောက်ကုန်များ ပေါများခြင်း၊ အလုပ်သမား ပေါများခြင်း စသည့် အခွင့်အလမ်းကောင်းများ ရှိသည့်အတွက် SME များကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ပါက အာရှဒေသတွင် မကြာမီဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အလားအလာကောင်းများ ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော် ၏အကျိုးစီးပွားကို SME ကဏ္ဍက ဦးဆောင်နိုင်သော အခြေအနေသို့ရောက်ရှိရေး၊ အာဆီယံအတွင်း လွတ်လပ် သော ကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အာဆီယံ စီးပွားရေးအသိုက် အဝန်းတွင်  မြန်မာနိုင်ငံ၏ SME လုပ်ငန်း များ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေး တို့အတွက် နိုင်ငံတော်က မူဝါဒများချမှတ်ပြီး၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူပညာရှင်များနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်း၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုအပ်သည်များကို ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။