(က)-မြန်မာနိုင်ငံ စက်မှုဇုန်ကားလုပ်ငန်းများ၊စက်မှု ဇုန်ထုတ်ကားများ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၇၄)ရက်မြောက်နေ့ (၁၃.၇.၂၀၁၅)

သူရဦးအောင်ကို (ကန်ပက်လက်)မိမိအနေဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ဝန်ထမ်းများနှင့် စက်မှုဇုန်ကား ထုတ်လုပ်သူများ ပူးပေါင်းပြီး မသမာလုပ်ဆောင်မှုများကြောင့် နိုင်ငံတော်အခွန်ငွေ နစ်နာမှုများ အပေါ် ပြန်လည်စစ်ဆေးကြပ်မတ်နိုင်ရန် မေးမြန်းလိုပါကြောင်း၊ ပြည်တွင်းစက်မှုဇုန်များက ထုတ်လုပ်သည့် ကားအသစ်ကျပ်ချွတ်များကို ကညန တွင် မှတ်ပုံတင်၍ ယာဉ်ပိုင်ရှင် စာအုပ်(Owner Book) ထုတ်ယူပြီး ရက်ပိုင်းခန့်အကြာတွင် အဆိုပါကားများကို ပျက်စီးသည် ဟူသော အကြောင်းပြချက်များဖြင့် သံရည်ကျိုရန်  ကညနကို ပြန်လာ အပ်နှံပါကြောင်း၊ ကညန ကလည်း လက်ခံ၍ ဖျက်ပိုင်းပြေစာစလစ် ပြန်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အတွက် မော်တော်ယာဉ်တင်သွင်းမှု ဖွင့်ပေးခဲ့သည့်ကာလမှ စ၍ ယခုအချိန်ထိ အစီးရေ ၁၀၀၀ ခန့်ရှိပြီး နောက်ပိုင်းတွင် စီးရေ ၂၀၀၀ ကျော်ခန့်ရှိနိုင်သည်ဟု ခန့်မှန်းရပါကြောင်း၊ မော်တော်ယာဉ် ထုတ်ခြင်း၊ အပ်ခြင်းများဆောင်ရွက်ရန်  စလစ်တစ်စောင်၏ဈေးနှုန်းသည် ကျပ်သိန်းငါးဆယ်ခန့် ရှိသောကြောင့် ခန့်မှန်းစီးရေ ၂၀၀၀ ကျော်အတွက် ကျပ်သိန်းပေါင်း တစ်သိန်း(ကျပ် ၁၀ ဘီလီယံကျော်)အထိ နိုင်ငံတော်က အခွန်မရဘဲ နစ်နာသွားခဲ့သည်ဟု  ဝေဖန်သုံး သပ်နေကြ အလားတူ ၁၀ သိန်းကျော်တန် သုံးဘီးကားများကို တရုတ်နိုင်ငံနယ်စပ် ကဝယယူ၍ မှတ်ပုံတင်ပြုလုပ်ပြီး ကညနကိုပြန်အပ်နှံ စလစ်ထုတ်ယူပြီး အဆင့်မြင့်ဂျပန်မော်ဒယ်ကားများ တင်သွင်ခြင်းကြောင့် နစ်နာမှုများ ဖြစ်ပေါ်နေခြင်းကိုလည်း ဝေဖန်မှုများရှိနေပါကြောင်း၊ ကညနကိုအပ်စဉ် မူလမှတ်ပုံ တင်ထားသော ယာဉ်ကို ပြသ၍  သံရည်ကျိုစက်သို့ ပို့ဆောင်ရာတွင် အင်ဂျင်တုံးကတစ်ခု၊ တန်းတစ်ခု၊ တာယာဘီးအစုတ် လေးလုံးသာပါသည် ဘီးတပ်လှည်းတစ်စီးကိုသာ အပ်နှံစလစ်ထုတ်ယူနေကြခြင်း၊ မူလမှတ်ပုံတင်ခဲ့သော ကားတစ်စီးတည်းကိုသာ အကြိမ်ကြိမ် မှတ်ပုံတင်ခြင်းများသည် ကျော်မကောင်းကြားမကောင်းသည့်အတွက် ဖြစ်ပွားနေသည် ကိုသိရှိရပါကြောင်း၊ ဈေးကွက်စီးပွားရေး ဖွင့်ပေးချိန်တွင် ကမ္ဘာကျော်ကား ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး လိုအပ်သော အရောင်းပြခန်းများ၊ Show rooms များဖွင့်လှစ်ရောင်းချချိန်တွင်  ပြည်တွင်းစက်မှုဇုန်များအနေဖြင့် ယခုကဲ့သို့ ပြုလုပ်နေခြင်းသည် နိုင်ငံတော်အခွန်ငွေထိခိုက်နစ်နာစေရုံသာမက အမျိုးသားဂုဏ် သိက္ခာထိပါ ထိခိုက်ကျဆင်း ပါကြောင်း၊  ထို့ကြောင့်  (၁) ဟန်ပြအတုအယောင် ထုတ်လုပ်နေသော စက်မှုဇုန်ကား လုပ်ငန်း များကို အပြီးအပိုင်ဖျက်သိမ်းပေးနိုင်ခြင်းရှိ/မရှိ၊ (၂) စက်မှုဇုန်ကားများ ခုထုတ်- ခုအပ် အကြိမ်ကြိမ်ပြုလုပ်ပြီး စလစ်ထုတ်ယူ၍ ပြည်ပမှ အဆင့်မြင့်ကား ရာပေါင်းများစွာ တင်သွင်းခဲ့ခြင်း ကြောင့် နိုင်ငံတော်အခွန်ဘဏ္ဍာငွေနစ်နာမှုအတွက် တာဝန်ရှိကြသော ဝန်ထမ်းများနှင့် ဇုန်ကားလုပ်စားသူများကို ပြန်လည် စစ်ဆေးကြပ်မတ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်စက်မှုဇုန်ထုတ်ကားအပ်နှံပြီး အစားထိုးတင်သွင်းခွင့်ပြုရေးနှင့်ပတ်သက်၍ ပထမ အကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင်လည်းကောင်း၊ အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေးတွင်လည်းကောင်း၊ ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် လည်းကောင်း မေးမြန်းခဲ့သည်များရှိပါကြောင်း၊ အမှန်တကယ် မောင်းနှင်ရန်မသင့်သော အခြေအနေရှိသည့် ယာဉ်များကို ဖျက်သိမ်းပြီး အစားထိုးတင်သွင်း ခွင့်ပြုနိုင်ရန်၊ Road Safety မဖြစ်သော စက်မှုဇုန်ထုတ်ယာဉ်များနှင့် သုံးဘီးယာဉ်များကို အပ်နှံဆောင်ရွက်ပေးရန် ဆန္ဒပြုမှု အပေါ် မော်တော်ယာဉ်တင်သွင်းခွင့်ကြီးကြပ်ရေးကော်မတီအပါအဝင် အထက်အဖွဲ့အစည်းများ ကို တင်ပြပြီး နိုင်ငံပိုင်သတင်းစာများတွင်လည်း ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ထည့်သွင်းကြော်ငြာပေးခဲ့ပါကြောင်း၊ စက်မှုဇုန်ထုတ်ယာဉ်များကို ၂၀၁၄ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က  လည်းကောင်း၊ သုံးဘီးယာဉ်တွေကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ လည်းကောင်း စတင်၍ ယာဉ်အိုယာဉ်ဟောင်းအဖြစ်အပ်နှံရန် ပိုင်ရှင်၏ ဆန္ဒအရ အစားထိုးတင်သွင်းခွင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး အစားထိုးတင်သွင်းခြင်းစီမံချက်အရ မော်တော်ယာဉ်များ အပ်နှံမှုတွင် Running Condition ဖြစ်သည့် ယာဉ်များကိုသာ အပ်နှံခွင့်ပြုခြင်းဖြစ်ပါကြောင်း၊ ယာဉ်အပ်နှံချိန်တွင် ယာဉ်၏ဘောင်အမှတ် ခဲခြစ်ရယူခြင်း၊ မူလစက်အမှတ်ဟုတ်/မဟုတ် စိစစ်ခြင်း၊ ယာဉ်စစ်ဆေးချက်ပုံစံတွင် မှတ်တမ်းရေးသွင်းခြင်း၊ မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ်(Wheel Tax) တွင်ပါသော ယာဉ်ဓာတ်ပုံ၊ ရုံးလက်ခံ ယာဉ်မှတ်တမ်း ဓာတ်ပုံတို့နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ အပ်နှံစဉ် မော်တော်ယာဉ်၏ ဘေးတစောင်းပုံကို မှတ်တမ်း ဓာတ်ပုံရယူခြင်းများ ဆောင်ရွက်ပြီး မှန်ကန်မှုရှိမှသာ ပုံစံ(ဃ)(မှတ်ပုံတင်သက်တမ်း ကြာမြင့်သော ဖျက်သိမ်းယာဉ်ထောက်ခံချက်)တွင် သက်ဆိုင်ရာဦးစီးမှူးက လက်မှတ်ရေးထိုးပြီး ကာယကံရှင်ကို ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊

 ယာဉ်အပ်နှံ/ လက်ခံရရှိခြင်းပြေစာ ပုံစံ(စ)တွင် ယာဉ်အမှတ်၊ အမျိုးအမည်၊ အမျိုးအစား၊ ဘောင်အမှတ်၊ စက်အမှတ် ဖြည့်စွက်ပြီး အပ်နှံသူကိုထုတ်ပေးပြီးနောက် အဆိုပါပုံစံနှင့်အတူ သင်္ဘောဖျက်စက်ရုံ (သီလဝါ) သို့မဟုတ် အမှတ်(၁)သံမဏိစက်ရုံ မြင်းခြံမြို့ကို သွားရောက်ပြီး ယာဉ်တွေအပ်နှံခြင်း၊ စက်ရုံများကလည်း ပုံစံ(စ)ပါအချက်များနှင့်တိုက်ဆိုင်ပြီး ယာဉ်အပ်နှံ လက်ခံရရှိကြောင်း အတည်ပြုလက်မှတ် ရေးထိုးကာ ကညနရုံးသို့ ပြန်လည်လွှဲပေးပါကြောင်း၊

အစားထိုးတင်သွင်းယာဉ်များကို ကနဦးမှတ်ပုံတင်ဆောင်ရွက်ရာတွင် ပုံစံ(စ)ရောက်ရှိပြီး ယာဉ်ကို သာ မူသေအမှတ်သတ်မှတ်ပြီး ကနဦးမှတ်ပုံတင်ပေးခြင်းဆောင်ရွက်ရပါကြောင်း၊ ထိုသု့ိ ဆောင် ရွက်ခြင်းသည် မော်တော်ယာဉ်ဟောင်းအပ်နှံခြင်းမပြုဘဲ ယာဉ်အသစ်အစားထိုးမှတ်ပုံတင် ဆောင်ရွက်ခြင်းမပြုနိုင်ရန် ကြိုတင်စီစဉ် ကန့်သတ်ထားခြင်းဖြစ်ပါကြောင်း၊ စက်မှုဇုန် ထုတ်ယာဉ်များကို ၁၄-၇-၂၀၁၄ ရက်နေ့က စတင်အပ်နှံမှု ပြုခဲ့ချိန်မှ ၂၇-၂-၂၀၁၅ ရက်နေ့အထိ စက်မှုဇုန်ထုတ်ယာဉ် ၂၃၇၄၅ စီး အပ်နှံခဲ့သည့်အနက် မှတ်ပုံတင်သက်တမ်း ငါးနှစ်နှင့်အထက် ၂၁၀၁၅ စီး၊ မှတ်ပုံတင်သက်တမ်း တစ်နှစ်နှင့် ငါးနှစ်အတွင်း ၁၆၁၃ စီး၊မှတ်ပုံတင်သက်တမ်း တစ်နှစ်အောက်ယာဉ် ၁၁၁၇  စီးပါဝင်သောကြောင့်  မှတ်ပုံတင်သက်တမ်း ငါးနှစ်နှင့်အထက် ယာဉ်များ အပ်နှံမှုများသည်ကို သိရှိရပါကြောင်း၊

သင်္ဘောဖျက်စက်ရုံ(သီလဝါ)တွင် စက်မှုဇုန်ထုတ်ယာဉ်များ မမှန်မကန်အပ်နှံခြင်းရှိလာသည်ကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး(သန်လျင်)က တင်ပြလာသည့်အတွက် ပြန်လည်စိစစ်ရန် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် နေ့ကစပြီး စက်မှုဇုန်ထုတ်ယာဉ် အပ်နှံခြင်းများကို ယာယီရပ်ဆိုင်းခဲ့ပါကြောင်း၊ထို့နောက် မှတ်ပုံတင်သက်တမ်း ၁၀ နှစ်ကျော်သော စက်မှုဇုန်ထုတ်ယာဉ်များကို ၂၀၁၅ ခုနှစ်၊ မေလ ၁ ရက်နေ့ကစပြီး အပ်နှံလက်ခံခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၊ ၊ကညနရုံး Websiteတွင် ထည့်သွင်းဖော်ပြခြင်းများဆောင်ရွက်သကဲ့သို့ ရုံးများကိုလည်း ၁-၅-၂၀၁၅ ရက်နေ့ကစတင်ပြီး မှတ်ပုံတင်သက်တမ်း ၁၀ နှစ်ကျော်မှသာ အပ်နှံလက်ခံခြင်းများကို ဆောင်ရွက်ရန် ညွှန်ကြားခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊ ယခုမေးခွန်းကို လက်ခံရရှိပြီး နောက်ပိုင်းတွင်လည်း ကနဦးမှတ်ပုံတင်ပြီး တစ်နှစ်အတွင်း ယာဉ်အိုယာဉ်ဟောင်းအဖြစ် ပြန်လည်အပ်နှံခဲ့သည့် စက်မှုဇုန်ထုတ်ယာဉ် ၁၁၁၇ စီးကို သက်ဆိုင်ရာ ယာဉ်အမှုတွဲ မှတ်တမ်းများနှင့် ယာဉ်စစ်ဆေးချက်မှတ်တမ်းများ တူညီမှုရှိ/မရကို ပြန်လည်စစ်ဆေး ဆောင်ရွက်ခဲ့ရာတွင် ယခင်မှတ်တမ်းများနှင့် တူညီမှုရှိသည်ကို တွေ့ရှိရပါကြောင်း၊  

ကညနအနေဖြင့် ၂၀၁၄ ခုနှစ်၊ ဇူလိုင် ၁၄ ရက်ကစပြီး စက်မှုဇုန်ထုတ်ယာဉ်များအနက် Road Safety မဖြစ်သော ယာဉ်အိုယာဉ်ဟောင်းများကို သံရေကျိုယာဉ်အဖြစ် အပ်နှံစေခဲ့ရာ ၂၀၁၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့အထိ ၁၄၆၄၇ စီးလက်ခံရရှိအနက် ယာဉ်အမှတ် (8L /-----)အက္ခရာပါ ယာဉ်များကို ၂၀၁၄ ခုနှစ်၊ ဇူလိုင် ၂၅ ရက်က လက်ခံခဲ့ရာ ၂၀၁၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့ အထိ ၁၁၈၃ စီး လက်ခံပြီး ဖျက်သိမ်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊  ဤသို့စစ်ဆေးလက်ခံရာတွင်လည်း ယာဉ်အင်္ဂါရပ်နှင့်ညီညွတ်ပြည့်စုံမှုရှိ/မရှိ၊ ယာဉ်အားစက်နှိုးစမ်းသပ်မောင်းနှင်နိုင်ခြင်းရှိ/မရှိ စသည့် အခြေအနေများကို အဓိကထား စစ်ဆေးဆောင် ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် လာရောက်အပ်နှံသည့် စက်မှုဇုန်က ထုတ်လုပ်သောယာဉ်များ စိစစ်ရာတွင် ယာဉ်အင်္ဂါရပ်များနှင့်ညီညွတ်မှုမရှိခြင်းကြောင့် စက်မှုဇုန်ထုတ်ယာဉ်အမှတ် (8L /-----)အက္ခရာပါ ယာဉ်အမျိုးအစား ၁၅၀ စီးခန့်ကို ခေတ္တရပ်ဆိုင်းထားခဲ့သည့်အပြင် ကညန၏ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် ရက်စွဲပါ စာအရလည်း စက်မှုဇုန်ထုတ်ယာဉ်တွေ လက်ခံအပ်နှံခြင်းကို ရပ်ဆိုင်းထားခဲ့ပါကြောင်း။  သို့ဖြစ်ပါ၍ ကညန၏ ခွင့်ပြုချက်နှင့်ဖြင့် အပ်နှံလာသည့် စက်မှုဇုန်ထုတ် ယာဉ်များအပါအဝင် ယာဉ်အိုယာဉ်ဟောင်းများနှင့် ပတ်သက်ပြီး မြန်မာ့စီးပွားရေးကော်ပရေးရှင်း၊ သင်္ဘောဖျက်စက်ရုံမှ စစ်ဆေးလက်ခံရေးအဖွဲ့ဖြင့် စနစ်တကျစစ်ဆေးလက်ခံ၍ ဆောင်ရွက်လျက်ရှိပြီး ယာဉ်အင်္ဂါရပ်နှင့်ညီညွတ်မှုမရှိသော ယာဉ်များအား လက်ခံဆောင်ရွက်ပေးခဲ့ခြင်းမရှိပါကြောင်း၊

ဟန်ပြအတုအယောင်ထုတ်လုပ်သော စက်မှုဇုန်ထုတ်ယာဉ်များနှင့် ပတ်သက်ပြီး ပြည်တွင်းစက်မှုဇုန်များသည် ၂၀၀၁-၂၀၀၂ က စတင်၍ မော်တော်ကား များ စတင်ထုတ်လုပ်ခဲ့ပြီး ပြည်တွင်းလိုအပ်ချက်ကို အထိုက်အလျောက်ဖြည့်ဆည်းပေးခဲ့နိုင်ပါကြောင်း၊  ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အထိ စက်မှုဇုန်များက ထုတ်လုပ်ခဲ့သည့် မော်တော်ယာဉ်စုစုပေါင်း ၉၉၅၄၃ စီးရှိပါကြောင်း၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီဟာ ၂၀၁၀ ခုနှစ်က ၂၀၁၂ ခုနှစ်အတွင်း ဘက်စုံသုံးမော်တော်ယာဉ်များကို ထုတ်လုပ်ခွင့်ပေးခဲ့သည့်အတွက် အခြားလုပ်ငန်း ဆောင်ရွက်နေသူများသည် စက်မှုဇုန်ထုတ် မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းအတွင်း ဝင်ရောက်လာပြီး မမှန်ကန်သော နည်းများအသုံးပြုကြခြင်းကြောင့် ဘက်စုံသုံးမော်တော်ယာဉ် ထုတ်လုပ်ခြင်းကို ၂၀၁၂ ခုနှစ်အတွင်း ပိတ်သိမ်းခဲ့ပါကြောင်း၊ ထို့နောက် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် မော်တော်ယာဉ်တင်သွင်းမှုပေါ်လစီကိုချမှတ်ပြီး ကားတင်သွင်းမှုပြုခဲ့ရာတွင် စက်မှုဇုန်များမှ အများဆုံးထုတ်လုပ်သော အပေါ့စားယာဉ် Light Truck များကို တင်သွင်း ခွင့်ပေးခဲ့ခြင်းကြောင့် ပြည်တွင်းထုတ်မော်တော်ယာဉ်များအနေဖြင့် ပြည်ပ မော်တော်ယာဉ်များ၏ အရည်အသွေးနှင့် ဈေးနှုန်းတို့ကို ယာဉ်ပြိုင်နိုင်ခြင်းမရှိဘဲ မော်တော်ယာဉ်ထုတ်လုပ်မှု ကျဆင်းခဲ့ပါကြောင်း၊

နိုင်ငံတော်၏ လိုအပ်ချက်အရ ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းအပ်နှံခြင်းများ ဆောင်ရွက်ရာ၌ ၂၀၁၄ ခုနှစ်တွင် စက်မှုဇုန်ထုတ် မော်တော်ယာဉ်များကို နှစ်အကန့်အသတ်ဖော်ပြခြင်းမပြုဘဲ ယာဉ်အိုယာဉ်ဟောင်းအဖြစ် လက်ခံလာခြင်းကြောင့် မော်တော်ယာဉ်ဝယ်/ရောင်းလုပ်သော လုပ်ငန်းများအနေဖြင့် လိုအပ်သောကားစလစ်ရရှိနိုင်ရန် စက်မှုဇုန်ထုတ်မော်တော်ယာဉ်များကို အပ်နှံခြင်းဖြင့် ချိတ်ဆက်ဆောင်ရွက်လာသည်ကို တွေ့ရှိရပါကြောင်း၊

ပြည်တွင်းထုတ်လုပ်မှုကို အားပေးခြင်းများ ဆောင်ရွက်နိုင်မှာသာ ပြည်တွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်သည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရေရှည်ရှင်သန် တိုးတက်စေမည့်မူဝါဒများဖြင့် အားပေးမြှင့်တင်ရမည်ဖြစ်ပါကြောင်း။ စက်မှုဇုန်များ အနေဖြင့် မှန်ကန်သော လမ်းကြောင်းပေါ်တွင် မော်တော်ယာဉ်ထုတ်လုပ်စေရန် မှန်ကန်ပွင့်လင်းမြင်သာသော မူဝါဒများဖြင့် ထိန်း ကျောင်းခြင်းများဆောင်ရွက်ပြီး စက်မှုလုပ်ငန်းတိုးတက်မြင့်မားရေးကို အားပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  စက်မှုဇုန် များ၏ မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းကို အပြီးအပိုင် ဖျက်သိမ်းပေးရန်သည် ၎င်းလုပ်ငန်းဆောင် ရွက်လျက်ရှိ‌သော ကုမ္ပဏီများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ စားဝတ်နေရေးကို လျစ်လျူရှု ၍မရပါကြောင်းပြန်လည်ဖြေကြားပါသည်။