(စ)-မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏လစာစရိတ်ထောက် ပံ့ငွေများ၊အရည်အသွေးမြှင့်တင်မှုများနှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၂၆.၈.၂၀၁၃)

ဒေါ်လဲ့လဲ့ဝင်းဆွေ (တာမွေ)မြန်မာရဲတပ်ဖွဲ့အနေနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အဓိကအခန်းကဏ္ဍအဖြစ် တာဝန်ယူ ထမ်းဆောင်နေကြသူများဖြစ်သည့်အတွက် ယင်းကဲ့သို့ တာဝန်ထမ်းဆောင်သည့်နေရာတွင် ပြည်သူများ အမှန် တကယ်အားကိုးသော ပြည်သူ့ရဲများအဖြစ် လာဘ်ပေးလာဘ်ယူ ကင်း ရှင်းနိုင်စေရန် အတွက် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ၂၀၁၃-၂၀၁၄ ဘတ်ဂျက်ထဲ တွင် ပြည်သူ့ရဲ များအပေါ် တာဝန်ယူမှုအပိုင်းကို သိလိုပါ သဖြင့် အောက်ဖော်ပြပါ မေးခွန်းကြီး ၈ ခု အား မေးမြန်း သွားမည်ဖြစ် ပါကြောင်း။

မေးခွန်းနံပါတ်(၁)     မြို့နယ်တစ်ခုလျှင် အရာရှိမှစ၍ ရိုးရိုးတပ်သား အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့အရေအတွက် မည်မျှခန့်အပ်ပြီး လစာမည်မျှစီ ရရှိပါသနည်း။

မေးခွန်းနံပါတ်(၂)     ၎င်းရဲတပ်ဖွဲ့ဝင်များအား အဆင့်အလိုက် ရဲဝတ်စုံ အပြည့်အစုံကို တစ်နှစ်(သို့) ၆ လ အလိုက် မည်ကဲ့သို့သတ်မှတ်၍ ထောက်ပံ့ပေးပါသနည်း။

မေးခွန်းနံပါတ်(၃)     ရိက္ခာစိုများအတွက် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို တစ်နေ့ လျှင် ထောက်ပံ့ စရိတ်ငွေကျပ် ၅၀၀ ပေးသည် ဆိုသည်ခြင်းသည်သည် အမှန်ဟုတ် မဟုတ်နှင့် ၎င်း ၅၀၀ ကျပ်မှာ ယခုခေတ်ကာလတန်ဖိုးနှင့် ကိုက်ညီမှုမရှိပါသဖြင့် ဝန်ကြီးဌာန၏ ၂၀၁၃-၂၀၁၄ ဘတ်ဂျက်တွင် တစ်နေ့လျှင် ၁၅၀၀ ကျပ် တိုးပေးရန် အစီ အစဉ်ရှိမ/မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်အချိန်မှစ၍ တိုးပေးမည်နည်း။ မရှိပါက အဘယ်ကြောင့်နည်း။

မေးခွန်းနံပါတ်(၄)     ပြည်ထဲရေးဝန်ကြီးဌာန၏ ဘတ်ဂျက်တင်ပြမှုကိုလေ့ လာကြည့် မည်ဆို ပါက အရည် အသွေး အဆင့်မြှင့် တင်ခြင်းဆိုင်ရာသင်တန်းများ အလုပ် ရုံဆွေးနွေးပွဲများ ရှိသည်ဟုတင်ပြထား ပါသောကြောင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ၎င်းသင်တန်းများဖွင့်လှစ်မှုအရေအတွက်မည်မျှရှိပါသနည်း။ ဖွင့်လှစ်ပြီး နောက်ပိုင်း တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အရေအတွက်အနေနှင့် သင်တန်းသား အရေ အတွက် မည်ကဲ့သို့တက်ရောက်ပြီးပါသနည်း။

မေးခွန်းနံပါတ်(၅)     အချို့သင်တန်းများတွင် လာဘ်ပေးလာဘ်ယူများပြုလုပ်၍ ပင်စင် ယူသည့် တိုင် သင်တန်း မတက်ရောက် သူများ ရှိနေသည့်အပြင် အချို့ဖြောင့် မတ်မှန်ကန်သူများသည် သင်တန်း ကို နှစ်ကြိမ်တိုင်တိုင် ပြန်တက်ရမှုများရှိနေသောကြောင့် ကြပ် မတ်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ။

မေးခွန်းနံပါတ်(၆) ယခုအချိန်ထိ အချုပ်သားများကို ရိုက်နှက်နေဆဲ ကိစ္စများရှိနေ ပါသဖြင့် မည်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ထိန်းကျောင်းမည်ကို သိရှိလိုပါကြောင်း။

မေးခွန်းနံပါတ်(၇)     အချို့ရဲတပ်ဖွဲ့ဝင်များတွင် အိမ်ခန်းမရှိသည့်အတွက် မိမိတို့ ပိုင်ဆိုင်သော ဝင်ငွေများ၊ စရိတ်များထဲမှ ငှားရမ်းနေထိုင်မှုအပေါ် မည်ကဲ့သို့ အမြန် ဆုံးဆောင်ရွက် ပေးပါမည်နည်း။

မေးခွန်းနံပါတ်(၈)     ဝန်ကြီးဌာန အိမ်ခန်းမပေးနိုင်၍ အပြင်၌ငှားနေရသော ရဲဝန်ထမ်းများအား ငွေကျပ် ၁၀ ခန့်သာ ထောက်ပံ့သည့် စရိတ်မှာမှန်ကန်ခြင်းရှိ/မရှိနှင့်  မှန်ကန်ပါက ယခု ခေတ်နှင့်မကိုက်ညီသဖြင့် အမှန် တကယ် ဝန်ထမ်းအခန်းမပေးနိုင်သော ရဲဝန်ထမ်းမိသားစုများအား ထောက်ပံ့စရိတ် ၁ လလျှင် ၁၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်အထိပေးနိုင်ရန် ၂၀၁၃-၁၄ ဘတ်ဂျက် ထဲမှာအစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပါမည်နည်း။ မရှိပါက အဘယ်ကြောင့်နည်း။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ရှိသော မြို့နယ်များတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကွပ်ကဲမှုအောက်တွင် မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းများ ဖွဲ့စည်းထားရှိပြီး အချို့မြို့နယ်များတွင် နယ်မြေအေး ချမ်းရေး နှင့်တရားဥပဒေစိုးမိုးရေးလိုအပ်ချက်များအရ နယ်မြေရဲစခန်းနှင့် ရဲကင်း စခန်းများကို လိုအပ်ချက် အပေါ်မူတည်ပြီး ဖွင့်လှစ်ဆောင်ရွက်လျက်ထားရှိ ပါကြောင်း၊ အဆိုပါမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် အရာရှိ ၇ ဦး၊ အခြားအဆင့် ၈ ဦး၊ စုစုပေါင်း ၁၅ ဦး၊ မြို့မရဲစခန်းမှာ အရာရှိ ၁၂ ဦး၊ အခြားအဆင့် ၆၉ ဦး၊ စုစုပေါင်း ၈၁ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး၊ နယ်မြေရဲစခန်းတွင် အရာရှိ ၈ ဦး၊ အခြားအဆင့် ၃၇ ဦး၊ စုစုပေါင်း ၄၅ ဦး၊ ရဲကင်းစခန်းမှာ အရာရှိ ၁ ဦး၊ အခြားအဆင့် ၁၇ ဦး၊ စုစုပေါင်း ၁၈ ဦးဖွဲ့စည်းထားပါကြောင်း၊ တပ်ဖွဲ့ဝင်တွေများ၏လစာမှာ အရာရှိ၏အမြင့်ဆုံး လစာ မြို့နယ်ရဲတပ်ဖွဲ့မှူး - ရဲမှူးအနေဖြင့် ၁၅၀၀၀၀ ကျပ်ဖြစ်ပြီးတော့ အနိမ့်ဆုံး လစာမှာ ရဲတပ်သား ၆၀၀၀၀ ကျပ်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ရဲဝတ်ပစ္စည်း ၂၂ မျိုးကို ဒုရဲအုပ်လောင်းနှင့် ရဲတပ်သား အဖြစ် စတင်ဝင်ရောက် သည့်အချိန်တွင် အခမဲ့ထုတ်ပေးထားရှိပါကြောင်း။ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွင်း တပ်ဖွဲ့ဝင်အားလုံးအတွက် တူညီရဲဝတ်စုံ အခမဲ့ထုတ်ပေးခြင်းကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှာ (၁) ကြိမ်၊ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ (၁) ကြိမ်နှင့် တိုက်ခိုက်ရေးဖိနပ်ထုတ်ပေးခြင်းကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ (၁) ကြိမ် ထုတ်ပေးနိုင်ခဲ့ပါပြီး  ၂၀၁၃-၁၄ ဘဏ္ဍာရေး နှစ်အတွင်း တပ်ဖွဲ့ဝင်များကို ရဲဝတ်ပစ္စည်းများဖြစ်သော  ဦးထုပ်၊ ဝတ်စုံ၊ ခါးပတ်၊ ခါးပတ်ကြီး (ပခုံးသိုင်းကြိုး၊ ပစ္စည်းထည့်အိတ်ပါ) စောင်ထူ၊ မျက်နှာသုတ်ပုဝါ၊ ခြေအိတ်အစရှိသော ရဲဝတ်ပစ္စည်းများ ထုတ်ပေးနိုင်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ရဲဝတ်ပစ္စည်းများကို လိုအပ်ချက်အပေါ်မူတည်ပြီး သက်တမ်းအလိုက် အချိန်စေ့ထုတ်ပေးနိုင်ရန် ဘဏ္ဍာရေးနှစ်အလိုက် တောင်းခံထုတ်ပေးနိုင်ရေး ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ရိက္ခာထောက်ပံံံ့ငွေအဖြစ် တပ်ဖွဲ့ဝင်တစ်ဦး (၁) ရက်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၂၀၁၁-၁၂ ခုဘဏ္ဍာရေးနှစ်၊ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစပြီး သာမန် အသုံးစရိတ်ရန်ပုံငွေ၊ ၀၁၀၀- လစာ၊ စရိတ်ချီးမြှင့်ငွေ ၊ ၀၁၀၂- ရိက္ခာထောက်ပံ့ငွေခေါင်းစဉ်မှ ခံစားခွင့်ပြုခဲ့ပြီး ယခုလက်ရှိ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစပြီး တပ်ဖွဲ့ဝင်တစ်ဦး တစ်ရက်လျှင် ၈၀၀ ကျပ်နှုန်းသို့ တိုးမြှင့်ခံစားစေလျက်ရှိကာ နောင်ဘဏ္ဍာရေးနှစ်များတွင် ဒေသန္တရဈေးနှုန်းများနှင့် ကိုက်ညီမည့်နှုန်းထားများဖြင့် တိုးမြှင့်တောင်းခံနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အရည်အသွေးအဆင့်မြှင့်တင်ခြင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေး လျက်ရှိရာ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်တွင်းသင်တန်းအမျိုးအစားပေါင်း( ၂၄ ) မျိုးတွင် သင်တန်းတက်ရောက်ပြီး ၁၇၅၂ဦး၊ သင်တန်းတက်ရောက်ဆဲ ၂၇၈၇ ဦးနှင့်  ပြည်ပနိုင်ငံများသို့ ရဲတပ်ဖွဲ့ဝင်များကို ရွေးချယ်စေလွှတ်ပြီး သင်တန်းများ တက်ရောက်စေခဲ့ရာ အမေရိကန်နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် မလေးရှားနိုင်ငံများတွင် ရှိသော သင်တန်းအမျိုးအစား ၅ မျိုးသို့ သင်တန်းသားပေါင်း၅၂ ဦး စေလွှတ်သင်ကြားစေခဲ့ပြီးဖြစသည့်အပြင် ထပ်မံ၍ ပြည်ပသင်တန်း ၇ ခုကို သင်တန်းသား ၁၁ ဦးစေလွှတ်တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်တွင်း၌ ပြည်ပနိုင်ငံမှနည်းပြများပို့ချသော သင်တန်းအမျိုးအစား ၂ ခုကို သင်တန်းသား ၇၀ ဦး တက်ရောက်လေ့ကျင့်စေခဲ့ပြီး ပြည်တွင်းတွင် နိုင်ငံခြားသင်တန်းအမျိုးအစား ၃ ခုသို့ သင်တန်းသား ၃၅ ဦး တက်ရောက်လေ့ကျင့်စေရန် စီစဉ်လျက်ရှိပါကြောင်းနှင့် နိုင်ငံခြားသင်တန်းအမျိုးအစား စုစုပေါင်း၁၇ မျိုးသို့ သင်တန်းသားစုစုပေါင်း ၁၆၈ ဦး လေ့ကျင့်သင်ကြားစေမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို အဆင့်လိုက်စီမံသင်တန်းများဖြစ်သော စီမံခန့်ခွဲမှုသင်တန်း၊ ကျွမ်းကျင်မှု သင်တန်းများ တက်ရောက်စေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ စီမံရေးနှင့် လေ့ကျင့်ရေး ဌာနလက်အောက်ရှိ ဥပဒေ၊ နည်းပညာနှင့် လေ့ကျင့်ရေးဌာနခွဲများ တာဝန်ယူဆောင်ရွက်လျက်ရှိရာ သင်တန်းအမျိုးအစားအလိုက် တက်ရောက် ရမည့် သင်တန်းအမျိုးအစားအပေါ်မူတည်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသော သင်တန်းသားအရေအတွက်နှင့် အမည် စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ်၊ တပ်ဖွဲ့၊တပ်ရင်းများသို့ တောင်းခံ စာရင်းပြုစုပြီး အဆင့်ဆင့် စိစစ် တင်ပြဆောင်ရွက်ကာ အတည်ပြုရွေးချယ် ထားရှိသော သင်တန်းသားများကို သက်ဆိုင်ရာ သင်တန်းများသို့ တက်ရောက်စေလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို အရာရှိ/အခြားအဆင့်ဆိုင်ရာ အခြေခံသင်တန်း များဖြစ်သောဲ့ ဒုရဲအုပ်လောင်းသင်တန်းနှင့် ရဲတပ်သားသစ်သင်တန်းများသို့ ရွေးချယ်တက်ရောက် အောင်မြင်မှသာ စတင်ခန့်အပ်တာဝန်ပေးလျက်ရှိပါကြောင်းနှင့် အခြေခံသင်တန်းများတက်ရောက် ခန့်အပ်ပြီးနောက် ရာထူး အဆင့်ဆင့် တာဝန်ထမ်းဆောင်နေစဉ်အတွင်း သက်ဆိုင်ရာအဆင့်အလိုက် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်း၊မွမ်းမံ သင်တန်းနှင့် အဆင့်မြင့် သင်တန်းများသို့ ရွေးချယ်တက်ရောက် စေလျက်ရှိသည့်အပြင် အဆင့်တိုးမြင့်ရေးအတွက် သတ်မှတ်ထားသော သင်တန်းများသို့ တက်ရောက်စေလျက်ရှိပြီး သင်တန်းတက်ရောက်ပြီးမှသာ အဆင့်တိုးပေး အပ်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ သင်တန်းတက်ရောက်စေသည့် နေရာတွင် အဆိုပါသင်တန်းများကို မတက်ရောက်သေးသူများကိုသာ စိစစ်ရွေးချယ် တက်ရောက်စေခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်များမှ ပင်စင်ယူသည့်တိုင် သင်တန်း မတက်ရောက်သူ များသည် ရာထူးအဆင့်ကို မရယူလိုသောကြောင့် သင်တန်းမတက်ရောက်သူများသာဖြစ်ကြောင်းနှင့် သင်တန်းတစ်ခုတည်းကို ၂ ကြိမ် တိုင်စေလွှတ်မှုမျိုးမရှိကြောင်း။

မြန်မာနိုင်ငံရဲ့တပ်ဖွဲ့အနေဖြင့် အချုပ်သားများကိုရိုက်နှက်သူ ရဲတပ်ဖွဲ့ဝင်ကို ၁၉၉၅ ခုနှစ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေ၊နည်းဥပဒေများဖြင့် အ‌ရေးယူထိန်းသိမ်း ကြပ်မတ်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စည်းကမ်းထိန်းသိမ်းရေးဥပဒေတွင် ပြဋ္ဌာန်းထားရှိတာသည်မှာ ပုဒ်မ ၁၇ (ဂ)။ အကျဉ်းသား၊ အချုပ်သား၁ ဦးက အခြားသူ၁ ဦးအား ရိုက်ပုတ်ရန် (သို့)အခြားနည်းအားဖြင့် ညှဉ်းပန်းနှိပ်စက်ရန်  ခိုင်းစေလျှင်၊ ခွင့်ပြုလျှင် ထိုသို့ ပြုလုပ်နေသည်ကို သိလျက် ဟန့်တားရန် (သို့) အရေးယူရန် ပျက်ကွက်လျှင်သော်လည်းကောင်း၊ ပုဒ်မ ၁၇ (ဆ) ။ အကျဉ်းသား၊ အချုပ်သား (သို့) ဖမ်းဆီးထားသူ ၁ ဦးအား ရိုက်ပုတ်လျှင် (သို့) အခြားနည်းဖြင့် ညှဉ်းပန်း နှိပ်စက်လျှင်သော်လည်းကောင်း ဖောက်ဖျက်ကျူးလွန်သူအား ရဲတရားရုံးဖြင့် စစ်ဆေးပြီးပြစ်မှု ထင်ရှား စီရင်ခြင်းခံရပါက ၃ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ဤဥပဒေ တွင် ဖော်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေရမည်ဟုပြဋ္ဌာန်း ထားရှိပြီး ဖောက်ဖျက်ကျူးလွန်သူ တပ်ဖွဲ့ဝင်များကို အရေးယူဆောင်ရွက်လျက်ရှိသည့်အပြင် ရဲတပ်ဖွဲ့ဝင် ၁ ဦးအနေနှင့် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအပြင် တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များကိုပါ အရပ်သားများနည်းတူ လိုက်နာဆောင် ရွက် စေလျက်ရှိပါကြောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းဖြစ်သည်နှင့် အညီ တပ်ဖွဲ့ဝင်၊ မိသားစုများကို အဝန်းအဝိုင်းတစ်ခုတည်းမှာသာ နေရာ ချထားသတ်မှတ် ၍ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် အဆောက်အဦဆောက်လုပ်၍ နေရာချထားပေးလျက် ပြင်ပတွင်နေထိုင်ခွင့် ခွင့်မပြုပါကြောင်း၊ အိမ်ခန်းများမရရှိ၍ တပ်ပြင်တွင် ငှားရမ်းနေထိုင်မှုများသည် တပ်ဖွဲ့ဝင်များအနေဖြင့် တာဝန်အရ ပြောင်းရွေ့တာဝန်ထမ်း ဆောင်နေစဉ် အိမ်ခန်းမရမီကာလအတွင်း နီးစပ်ရာနေရာများတွင် ခေတ္တ ငှားရမ်းနေထိုင်ခြင်းသာ  ဖြစ်ပါကြောင်းနှင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့တွင် ဖွဲ့စည်းပုံခွင့်ပြုမှုအတိုင်း နေအိမ် အဆောက်အဦများကို ဘဏ္ဍာရေးနှစ်အလိုက် တိုးမြှင့်ဆောက်လုပ်ပြီး ဖွဲ့စည်းပုံနှင့်အညီ တပ်ဖွဲ့ဝင်နှင့်မိသားစုများ အတွက် လုံလောက်သော နေအိမ် အဆောက်အဦများကို စီစဉ်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော်လည်း မြို့ပြငွေစာရင်းဥပဒေ စည်းမျဉ်းနှင့် နိုင် ငံတော်မှ တပ်ဖွဲ့ဖြစ်၍ အိမ်ငှားခအနေဖြင့် အခြားဝန်ကြီးဌာနများနည်းတူ ၁၉၆၅ ခုနှစ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားချက် (၁/၆၅)မှာ ဖော်ပြထားသည့် နှုန်းထားအတိုင်း လစဉ် အိမ်ငှားစရိတ်များကို သတ်မှတ်ထားရာ ရဲတပ်သားမှ ရဲတပ်သားကျော်အထိ ၁၀ိ/-၊ ရဲဒုတပ်ကြပ်မှ ရဲတပ်ကြပ်အထိ ၁၂ိ/၅ ပြား၊ ရဲတပ်ကြပ်ကြီး ၁၅ိ/-၊ ဒုလုံခြုံရေးမှူးမှ စခန်းမှူးအထိ ၁၈ိ/-၊ လုံခြုံရေးမှူး ၃၀ိ/- ဆိုပြီးသတ်မှတ် ထားရှိသော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနှင့် တပ်ဖွဲ့ဝင်များကို တစ်စုတစ်စည်းတည်း လုံလောက်စွာ နေထိုင်နိုင် ရန် အဆောက်အဦများ တိုးမြှင့် ဆောက်လုပ်ပေးလျက်ရှိသောကြောင့်  အိမ်ငှား စရိတ်အနေနှင့် ကျယ်ပြန့်စွာ တောင်းခံ/ ထုတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားပါသည်။

ဒေါ်လဲလဲ့ဝင်းဆွေ(ဒဂုံမြို့သစ် မြောက်ပိုင်းမဲဆန္ဒနယ်)က ဆက်လက်မေးမြန်းပါသည်။

မေးခွန်းနံပါတ် ၂တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ယူနီဖောင်းများထုတ်ပေးခြင်းတွင်  ၂၀၀၇  နှစ် ဇူလိုင်တွင်တစ်ကြိမ်၊ ၂၀၁၃ ဖေဖော်ဝါရီတွင် တစ်ကြိမ်နှင့် ယခု ၂၀၁၃-၁၄ တွင်လည်း ထုတ်ပေးနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိပါသည် ဆိုသည်ကို စီစဉ်ဆဲအနေနှင့်တင်ပြသွားသည့်အတွက်ကြောင့် မိမိအနေနှင့် အကြံပြုချင်သည်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေနှင့် အောက်ခြေအဆင့်တွင်ရှိသော ရဲတပ်သားများသည် လွန်စွာမှလစာလည်းနည်းပါးပါကြောင်း၊ မိမိသိရှိရသည်မှာ ယူနီဖောင်းမှခြေအိတ်ကအစ ၎င်းတို့ကိုယ်တိုင် ဝယ်ဝတ်နေကြရပါကြောင်း၊ ထို့ကြောင့် ၂၀၁၃-၂၀၁၄ ရဲ့ဘဏ္ဍာနှစ်အတွင်းတွင် ပြန်လည်ထုတ် ပေးနိုင်ရန် အမြန်ဆုံးဆောင်ရွက်ပေးပါဟု မေတ္တာရပ်ခံလိုပါကြောင်း၊ မေးခွန်းနံပါတ် ၄ တွင် သင်တန်းများ ကို စေလွှတ်သည့်နေရာတွင် နိုင်ငံခြားသို့စေလွှတ်ရာ အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှား နိုင်ငံ တွင် သင်တန်းအမျိုးပေါင်း ၅ ခုတတ်ရန်စေလွှတ်ခဲ့ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အမျိုးသမီးများ ပါရှိခြင်းရှိမရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း 

၂၀၁၃-၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ရဲတပ်ဖွဲ့ဝင်များကို ရဲဝတ် ပစ္စည်းများဖြစ်ကို  ဦးထုပ်၊ ဝတ်စုံ၊ တဘက်၊ တဘက်ကြီး၊ ပုခုံးသိုင်းကြိုး၊ ပစ္စည်းထည့်အိတ်အပါ၊ စောင်ထူ၊ မျက်နှာသုတ်ပုဝါ၊ ခြေအိတ် ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်ရေးအတွက် ဝယ်ယူရေးဘုတ် အဖွဲ့များ ဖွဲ့စည်းထားပြီးတော့မှ တစ်နိုင်ငံလုံးရဲတပ်ဖွဲ့ဝင်အင်အား အားလုံးစုံလင်သည့်အချိန်မှသာ ပြန်လည်ဖြန့်ခွဲထုတ်ပေးနိုင်မှာ ဖြစ်ပါကြောင်းနှင့် ဝယ်ယူရေးဘုတ်အဖွဲ့ အဖွဲ့အစည်း ဝယ်ယူလျက်ရှိပြီး ၂၀၁၃  ခုနှစ် စက်တင်ဘာလလောက်တွင် စတင်ပြီး ထုတ်ပေးနိုင်ရေး ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ၊ နောက် နိုင်ငံခြားသင်တန်းဖြစသော အမေရိကန်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် မလေးရှားနိုင်ငံများမှာရှိသော သင်တန်းအမျိုးအစား ၅ မျိုးကို သင်တန်း သား ၅၂ ဦးစေလွှတ်သင်ကြားမှုနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံသို့ စေလွှတ်သော သင်တန်းသား များတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အမျိုးသားများသာ စေလွှတ်ခြင်းဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် မလေးရှားနိုင်ငံများကို စေလွှတ်သော သင်တန်းများတွင်တော့ အမျိုးသမီး တပ်ဖွဲ့ဝင်များပါ ပါဝင်စေလွှတ်လျက်ရှိပါကြောင်းနှင့် အရေအတွက်၊ အမျိုးအစားအတိအကျကို ပြန်လည်ပြုစုပြီးမှ တင်ပြနိုင် မည်ဖြစ်ကြောင်း ဖြေကြားပါသည်။ တင်ပြပါတယ်။