(ခ)-မြို့နယ်များတွင်အရက်လိုင်စင်(C)ကိုမည်ကဲ့သို့ ခွင့်ပြုချထားပြီးအရက်ဆိုင်ဖွင့်လှစ်ရောင်းချရာ၌ဥပဒေ အရမည်ကဲ့သို့လိုက်နာ ဆောင်ရွက်မည်နှင့်အရည် အသွေး စံကို မည်သည့် အဖွဲ့အစည်းမှ မည်ကဲ့သို့ စစ်ဆေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၉)ရက်မြောက်နေ့ (၁၉.၂.၂၀၁၅)

ယခုအချိန်တွင် မြို့နယ်များ၌ အရက်လိုင်စင်(C)ကို မြောက်မြားစွာ ခွင့်ပြုချထားခြင်းကြောင့် ဒေသ အနှံ့၊ ကျေးရွာအနှံ့ အရက်ဆိုင်များဦးသိန်းထွန်း( ကျောင်းကုန်း မဲဆန္ဒနယ်) ပေါများနေသည်ကို တွေ့ရှိရပါကြောင်း၊  လိုင်စင်(C)အရ ရောင်းချသလို လိုင်စင်မဲ့များမှလည်း လက်လီလက်ကား တွင်ကျယ်စွာရောင်းချနေသည်ကိုလည်း တွေ့ရှိနေရပါကြောင်း၊  တန်ဖိုးနည်းအရက်များသည် အရည်အသွေးပြည့်ဝမှုမရှိဘဲ အန္တရာယ်ရှိနိုင်သည့် အရက်များ ဖြစ်နေသည့် အတွက်  သောက်သုံးသူအများစုမှာ အရက်ကြောင့် စိတ်ပေါ့သွပ်ခြင်းများ အသက်ငယ်ရွယ်စွာဖြင့် သေဆုံးကြရသည်အပြင် အရက်ကြောင့် မကြာခဏ ယာဉ်တိုက်မှုများ ဖြစ်ပေါ်ခြင်း၊ ရပ်ရွာများ၏ သာရေး၊ နာရေးကိစ္စများတွင် အရက်မပါလျှင်မပြီးသည့် အနေအထားရှိနေခြင်း၊ ရာဇဝတ်မှုများ ဖြစ်ပေါ်လာ နိုင်ပါကြောင်း၊ ထို့ကြောင့် (၁) မြို့နယ်များတွင် အရက်လိုင်စင်စီကို မည်ကဲ့သို့ ခွင့်ပြုချ ထားသည်။ (၂) အရက်ဆိုင်ဖွင့်လှစ်ရောင်းချရာ၌ ဥပဒေအရ မည်ကဲ့သို့ လိုက်နာဆောင်ရွက်ရမည်။ (၃) အရည်အသွေးစံကို မည်သည့်အဖွဲ့အစည်းမှ မည်ကဲ့သို့စစ်ဆေးသည်၊ အရည်အသွေးမမှီသော အရက်များရောင်းချပါက မည်ကဲ့သို့ဆောင်ရွက်ရမည်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ယစ်မျိုးစီမံခန့်ခွဲခြင်းလုပ်ငန်းကို ၁၉၁၇ ခုနှစ် မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေ၊ ၁၉၁၇ ခုနှစ် ယစ်မျိုးအက်ဥပဒေအရ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ၊ ၁၉၂၈ ခုနှစ်၊ မြန်မာနိုင်ငံယစ်မျိုးနည်းဥပဒေ၊ ၁၉၂၉ ခုနှစ်၊ ယစ်မျိုးညွှန်ကြားချက် တို့ဖြင့် ကိုင်တွယ်ကျင့်သုံးလျက်ရှိပါကြောင်း၊  ၁၉၂၉ ခုနှစ် မြန်မာနိုင်ငံ ယစ်မျိုးအမိန့်ဆင့်ဆိုချက်များအရ ယစ်မျိုးမူဝါဒ (၃) ရပ်ကို အောက်ပါအတိုင်း ချမှတ်ထားရှိပါကြောင်း၊ အရက်သေစာသောက်စားခြင်း အလေ့အထပြန့်ပွားခြင်းကို အားပေးခြင်းမရှိစေရန်၊ သေရည်သေရက်ရောင်းချရာမှာ တရားဝင် ထုတ်လုပ်မှုရောင်းချမှုများမရှိစေဘဲ အရက်များပေါ်တွင် အခွန်ကြီးမြင့်နိုင်သမျှ ကြီးမြင့်ကောက်ခံရန်၊ သေရည်သေရက်ကို ရောင်းချခြင်းသည် အခွန်ငွေရရှိရန်အတွက်သာမဟုတ်ဘဲ သောက်စားသုံးစွဲခြင်း နည်းပါစေရန် အခွန်ကောက်ခံရ သည်ဟု နှလုံးသွင်းရဟုလည်းကောင်း၊ ထို့အတူ ယစ်မျိုးအခြေခံမူ (၄) ဖြစ်သည့် (က) ပေါင်းဖိုဖြင့် ချက်လုပ်ခြင်းကို ဖြစ်နိုင်သမျှ ဖျက်သိမ်းစေရန်။ (ခ) ဗဟိုအရက်ချက်စက်ရုံ တည်ထောင်ခြင်းလုပ်ငန်းကို တဖြည်းဖြည်းအားပေးသွားရန်။ (ဂ) ပြည်တွင်းဖိုချက် အရက်ပေါ်တွင် အခွန်ကြီးမြင့်နိုင်သမျှ ကြီးမြင့်ကောက်ခံရန်၊ သို့ရာတွင် ပြည်ပမှတင်သွင်းလာသော အရက်ထက် မများစေရန်။ (ဃ) အရက်ဆိုင်အရေအတွက် ကန့်သတ်ထားရှိရန် ဟူ၍ ချမှတ်ထားပါကြောင်း။

၁၉၁၇ ခုနှစ်၊ မြန်မာနိုင်ငံတော်ယစ်မျိုးအက်ဥပဒေပုဒ်မ ၆၅၊ ၁၉၂၈ ခုနှစ်ယစ်မျိုးနည်းဥပဒေ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၆ တို့အရ ယစ်မျိုးလိုင်စင်ထုတ်ပေးခြင်း၊ သယ်ဆောင်ခြင်း၊ ထားသို ခြင်း၊ ထုတ်လုပ်ခြင်းဆိုင်ရာနည်းလမ်းများ၊ ရောင်းချခြင်းဆိုင်ရာစည်းကမ်းချက်များနှင့် ပတ်သက်၍ ကြီးကြပ် စစ်ဆေးခြင်းများလည်း   ပြဋ္ဌာန်းထားရှိပါကြောင်း၊ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၁၉၈၉ ခုနှစ်၊ မေလ (၁၉) ရက်‌စွဲပါ အမိန့်ကြော်ငြာစာဖြင့် ဘဏ္ဍာတော်မင်းကြီး၏ လုပ်ပိုင်ခွင့်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အား အပ်နှင်းခြင်း၊ ကော်လိတ္တော်အရာရှိ၏ လုပ်ပိုင်ခွင့်များအား ခရိုင်အုပ်ချုပ်ရေးမှူးအား အပ်နှင်းခြင်းများအညီ ဆောင်ရွက်လျက်ရှိပါကြောင်း။

ယစ်မျိုးလိုင်စင်လျှောက်ထားရာတွင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရဲစခန်းနှင့် ဘေးပတ်ဝန်းကျင်နေထိုင်သူများ၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်များနှင့်အတူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ လျှောက်ထားရမည်ဖြစ်ပါကြောင်း၊ ထို့နောက် ယစ်မျိုးဥပဒေ၊ နည်းဥပဒေနှင့်အညီ ညီညွတ်သော ယစ်မျိုးဆိုင်များအား မြို့နယ် အုပ်ချုပ်ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ လေးဦး ပါဝင်သော မြို့နယ်ယစ်မျိုး အကြံပေးအဖွဲ့၏ သဘောထား ထောက်ခံချက်နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးချုပ်သို့ တင်ပြစေပြီး သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများက လိုင်စင်ထုတ်ပေးလျက်ရှိပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံယစ်မျိုးနည်းဥပဒေ    လိုင်စင်အမျိုးပေါင်း ၄၁ မျိုး ပြဋ္ဌာန်းထား သော်လည်း ၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် လိုင်စင်အမျိုးပေါင်း ၂၈ မျိုးကိုသာ ခွင့်ပြုထုတ်လုပ် ပေးလျက်ရှိပါကြောင်း၊ နှစ်စဉ် ယစ်မျိုးအစီအစဉ်အရ ခွင့်ပြုချက်များအနေဖြင့် ၂၀၁၁ ခုနှစ်တွင် လိုင်စင် အရေအတွက် ၄၁၃၀၃ခု၊၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ၄၁၂၉၃ ခု၊  ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် လိုင်စင်အရေ အတွက် ၄၁၂၆၃ ခု၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှာ လိုင်စင်အရေအတွက် ၄၁၂၁၀ ခု ချထားခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ယစ်မျိုးလိုင်စင်အရေအတွက်များကို လျှော့ချ ခွင့်ပြုပေးလျက်ရှိ ပါကြောင်း။

မြန်မာနိုင်ငံအတွင်း ထုတ်လုပ်သည့် အရက်များကို ဖြန့်ဖြူးရောင်းချရာတွင် ကျန်းမာရေးနှင့် ညီညွတ်ပြီး  ဘေးအန္တရာယ်ကင်းရှင်းရန်အတွက် အရက်နမူနာများကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ပြည်ထဲရေး ဝန်ကြီးဌာန ဓာတုဗေဒစစ်ဆေးရေးဌာန သို့မဟုတ် ကျန်းမာရေးဝန်ကြီးဌာန ဗဟိုအစားအသောက်နှင့် ကွပ်ကဲရေး ဦးစီးဌာနတို့မှ သောက်သုံးရန်သင့်မသင့် စစ်ဆေးခံရန်နှင့် သောက်သုံးရန် သင့်ကြောင်း ထောက်ခံချက် ရရှိမှသာ အရက်များကို ဖြန့်ဖြူးရောင်းချစေလျက်ရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုထားသည့် အရက်ချက်စက်ရုံလိုင်စင် D-1 ၇၃ ခု၊ ပေါင်းဖိုလိုင်စင်  CS-2  ၃၈၉ ခုတို့ကို ဓာတုဗေဒစစ်ဆေးမှုခံယူစေခဲ့ပြီး စစ်ဆေးမှုခံယူခြင်းမရှိသည့် D-1 လိုင်စင် ၆ခု၊  CS-2 လိုင်စင် ၂၁ခုတို့၏ု အရက်ချက်လုပ်မှုကို ယာယီပိတ်သိမ်းခဲ့ပြီး  ပြန်လည်စစ်ဆေးမှုကို ခံယူစေခဲ့ပြီးနောက် ် သောက်သုံးရန် သင့်တော်သည့် အရည်အသွေးရှိကြောင်း ထောက်ခံချက်ပြန်လည်ရရှိမှသာ ထုတ်လုပ် ဖြန့်ဖြူးခြင်းကို ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ဈေးကွက်အတွင်း ရောင်းချနေသော ယစ်မျိုးများကို အများပြည်သူသောက်သုံးရန် သင့်လျော်သော ယမကာဖြစ်စေရန်အတွက် မြန်မာနိုင်ငံအစား အသောက် နှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့မှ စစ်ဆေးသည့် နည်းလမ်းများအတိုင်း စစ်ဆေးအရေးယူဆောင်ရွက် လျက်ရှိပါကြောင်း။

၁၉၁၇ ခုနှစ် မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေပုဒ်မ ၃၀နှင့် ၃၁ တို့တွင် တရားမဝင် ယစ်မျိုးထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သယ်ယူခြင်းတို့နှင့် ပတ်သက်ပြီး့ ပြစ်ဒဏ်နှင့် ငွေဒဏ်ကို ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း။ တရားမဝင်အရက်ပုန်းဆိုင်များ မရှိစေရေးနှင့် အရည်အချင်း ပြည့်မီသော  အရက်များ ကိုသာ ရောင်းချနိုင်ရေးအတွက် ယစ်မျိုးလုပ်ငန်း စိစစ်ကြပ်မတ်ရေးအဖွဲ့ငယ်၊ သတင်းစုံစမ်း ဖော်ထုတ်ရေးအဖွဲ့ငယ်၊ တားဆီးနှိမ်နှင်းရေးအဖွဲ့ငယ်များ ဖွဲ့စည်းပြီးတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖမ်းဆီးတရားစွဲဆိုဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် အရက်ဆိုင်အရေအတွက် လျော့ချရေး၊ အရက်ပုန်းဆိုင်များပပျောက်ရေး၊ လိုင်စင်ခွင့်ပြုချက်ရရှိထားသော ယစ်မျိုးဆိုင်များမှ သတ်မှတ် စံချိန်စံညွှန်းနှင့် ကိုက်ညီတဲ့ အရက်များကိုသာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရေးနှင့်စပ်လျဉ်း၍ ယစ်မျိုးဥပဒေနှင့် အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။

ဦးသိန်းထွန်း(ကျောင်းကုန်း) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိအနေဖြင့် အောက်ပါမေးခွန်းများကို ဆက်လက်မေးမြန်းလိုပါကြောင်း၊ (၁) မြို့နယ်များတွင် အရက်လိုင်စင်ကို ခွင့်ပြုချထားခြင်းနှင့် ပတ်သက်၍ လျှောက်ထားမှုအပေါ်ကို ခွင့်ပြုပေးခြင်း(သို့မဟုတ်) လူဦးရေအရေအတွက်ကို ချထားပေးခြင်း (သို့မဟုတ်) နယ်မြေအကျယ်အဝန်းနှင့်  ချထားပေးခြင်း မည်ကဲ့သို့ ပေးသည့်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။ (၂) အရက်ဆိုင်များကို ဖွင့်လှစ်သည့်တည်နေရာများကို သာသနာရေး အဆောက်အဦများ၊ ဘာသာ၊ သာသနာအဆောက်အဦ၊ စာသင်ကျောင်းများနှင့် အကွာအဝေးမည်မျှတွင် ဖွင့်လှစ်နိုင်သည်ကိုလည်းကောင်း၊ အရက်ဆိုင်များ ဖွင့်လှစ်ရန်အတွက် အနီးပတ်ဝန်းကျင်ရှိ အိမ်နီးပတ်ဝန်းကျင်ကလူများကိုယ်တိုင် သဘောတူချက်ကို ရယူရာတွင် လက်မှတ်အတများအသုံးပြုလျှောက်ထားခြင်းများတွေ့ရှိရသည့်အတွက် ပြည်သူများ၏ လိုလားသော ထောက်ခံချက်က ရယူမှုရှိ/မရှိကိုလည်းကောင်း၊ အရည်အသွေ်းပိုင်းနှင့် ပတ်သက်၍ အရက်နမူနာများကို ယနေ့အထိ မည့်သို့ စစ်ဆေးဆောင်ရွက်နေသည်ဆိုသည်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း

ယစ်မျိုးလိုင်စင်လျှောက်ထားသူများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး၊ ရဲစခန်း များ၏ ထောက်ခံချက်၊ ဘေးပတ်ဝန်းကျင်နေထိုင်သူများ၏ ကွက်ကန့်ရန်မရှိကြောင်း ထောက်ခံချက် များနှင့်အတူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို လျှောက်ထားရမည်ဖြစ်သည့်အပြင်  ယစ်မျိုးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ညီညွတ်သောယစ်မျိုးဆိုင်များကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာလေးဦးပါဝင်သည့် မြို့နယ်ယစ်မျိုး အကြံပေးအဖွဲ့၏ သဘောထားထောက်ခံချက်ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးချုပ်ကသာ အဆိုပါလျှောက်ထားမှု အပေါ် လိုင်စင်ခွင့်ပြုပေးခြင်းဖြစ်ပါကြောင်း၊ သောက်သုံးသူနှင့် လူဦးရေအရေအတွက်တို့အပေါ်မူတည် ခွင့်ပြုပေးခြင်းမဟုတ်ကြောင်း။

ယစ်မျိုးဥပဒေ၊ ယစ်မျိုးနည်းဥပဒေ ၂၂ တွင် အရက်ဝယ်ယူလိုသူတို့ ဝင်/ထွက်သွားလာခြင်း မပြုနိုင်လောက်အောင် မဖြစ်စေရ။ သို့သော်လည်း အများပြည်သူတို့ ရှုမြင်ရန် မသင့်လျော်သည့်နေရာတွင်လည်းကောင်း၊ ဆိုင်တွင်သောက်စားလျက် ရှိသူတို့က ခရီးဖြတ်သန်းသွားလာသူတို့ကို အနှောက်အယှက်ဖြစ်စေမည့်နေရာများတွင်လည်းကောင်း၊ ၎င်းကဲ့သို့ လက်လီရောင်းချရန် ဆိုင်သစ်တစ်စုံတစ်ရာကို ဝန်ရှင်တော်မင်းကြီး၏ ခွင့်ပြုချက်မရရှိဘဲ အများပြည်သူတို့ဆိုင်ရာ နေရာများ သို့မဟုတ် အများပြည်သူတို့ ဆည်းကပ်ကိုးကွယ်ရာ  နေရာများတွင် ဖြစ်စေ ဖွင့်ခွင်‌့မရှိစေရဟူ၍ ယစ်မျိုး ဥပဒေ ၂၂ တွင် ပြဋ္ဌာန်းထားပါကြောင်း၊  ယစ်မျိုးဥပဒေ ၂၆တွင် ဖွင့်လှစ်ရမယ့်အချိန်ကို သတ်မှတ်ထားသည့် အမျိုးအစားအလိုက် နေထွက်ချိန်ကနေ ည ၉ နာရီအထိ၊ နံနက် ၆ နာရီကနေ ည ၁၁ နာရီအထိ၊ နေထွက်ချိန်ကနေ ည ၆ နာရီအထိဟူ၍ ဥပဒေတွင် သတ်မှတ်ပေးထားသည့်အတွက် ဘေးပတ်ဝန်းကျင်က ထောက်ခံချက်၊ ဥပဒေများနှင့် ကိုက်ညီသူများကိုပါ ခွင့်ပြုခြင်းသာဖြစ်ကြောင်း၊ ကိုယ်တိုင်သ‌ဘောတူညီထောက်ခံချက်ပေးခြင်းနှင့်ပတ်သက်၍လည်း  တစ်ဦးတစ်ယောက်တည်း၏ ထောက်ခံချက်နဲ့မဟုတ်ဘဲ ဘေးပတ်ဝန်း ကျင်နေထိုင်သူအားလုံး ၏ ထောက်ခံချက်ဖြင့်သာ ပေးခြင်းဖြစ်ပါကြောင်း။ အရက်ဆီများနှင့် ပတ်သက်၍  ယစ်မျိုးလုပ်ငန်း စိစစ်ကြပ်မတ်ရေးအဖွဲ့ ငယ်၊ နောက်သတင်းစုံစမ်းဖော်ထုတ်ရေးအဖွဲ့ငယ်၊ တားဆီးနှိမ်နင်းရေးအဖွဲ့ငယ်များနှင့် သက်ဆိုင်ရာ ရောင်းချသော အောက်ခြေအဆင့်ဆိုင်းများကိုပါ သွားရောက်စစ်ဆေးပြီး အဆိုပါအဖွဲ့ငယ်များက အတည်ပြုသည့်သတင်းအချက်အလက်များဖြင့် ဖမ်းဆီး အရေးယူခြင်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။