လဟယ်မြို့နယ်ရှိ ဒေသခံပြည်သူများ၏ အဓိကအသက်မွေး ဝမ်းကျောင်းမှုသည် ရွှေ့ပြောင်း တောင်ယာစနစ်ဖြစ်ပြီး လှေခါးထစ်စပါးစိုက်ပျိုးခြင်း၊ လယ်လုပ်ကိုင်ခြင်းနှင့် နှစ်ရှည်ပင် သီးနှံစိုက်ပျိုးခြင်းတို့ ဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းတောင်ယာစနစ်ကို အဓိက အားထားနေခြင်း ကြောင့် ၂၀၁၆ ခုနှစ် မတ်လတွင် ထုတ်ပြန်သော ဒေသဆိုင်ရာ ကိန်းဂဏန်းအရ လဟယ်မြို့နယ်၏ ဝမ်းစာဖူလုံမှုကတော့ ၆၀ ရာခိုင်နှုန်းသာရှိပါကြောင်း၊ထို့အပြင် လဟယ်မြို့နယ်၏ သစ်တောပြုန်းတီးမှုပမာဏကို ပညာရှင်အချို့နှင့် အဖွဲ့အစည်းအချို့၏ ၂၀၀၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ စစ်တမ်းအရ နှစ်စဉ်သစ်တောပြုန်းတီးမှုပမာဏသည် ဝ.၆၉ ရာခိုင်နှုန်းဟု ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် ဒေသအတွင်း စားနပ်ရိက္ခာဖူလုံရန် အရေးတကြီး လိုအပ်နေ သကဲ့သို့ တစ်ဖက်တွင်လည်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် လိုအပ်နေပါ ကြောင်း။
ဒေသအတွင်း စားနပ်ရိက္ခာဖူလုံနိုင်ရေးအတွက် ဖြစ်နိုင်ခြေရှိသော တိုက်ယံနှင့် အံပေါ်ကျေးရွာ တစ်လျှောက် လယ်ယာများ ဖော်ထုတ်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာနမှ စက်ယန္တရားများ၊ နည်းပညာများနှင့် လိုအပ်ရန်ပုံငွေတွေ ပံ့ပိုးပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ပေးမည်နည်း၊ ဒေသနှင့် ကိုက်ညီသော စိုက်ပျိုးမွေးမြူရေးစနစ် ပိုမိုအားကောင်းလာရန်နှင့် လိုအပ်သောနည်းပညာများနှင့် သွင်းအားစုများ ကူညီဆောင်ရွက်ပေးရန် မည်သို့သော အစီအမံများ ထားရှိပါသည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
လဟယ်မြို့နယ်အတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် တိုက်ယံကျေးရွာနှင့် အံပေါ်ကျေးရွာ များတွင် လယ်ယာမြေဖော်ထုတ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးနှင့် နည်းပညာ၊ သွင်းအားစုများ ကူညီဆောင်ရွက်ပေးရေးဟူ၍ နှစ်ပိုင်းတွေ့ရှိရပါကြောင်း၊ လယ်ယာမြေဖော်ထုတ်ရေးတွင် တိုက်ယံကျေးရွာနှင့် အံပေါ်ကျေးရွာများ၌ လယ်ယာမြေဖော်ထုတ်မည်ဆိုပါက အဓိကအားဖြင့် လှေခါးထစ်ကုန်းမြင့်လယ်ယာများ ဖော်ထုတ်ရမည့် အခြေအနေဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနအနေနှင့် လှေခါးထစ် ကုန်းမြင့်လယ်ယာဖော်ထုတ်ခြင်း လုပ်ငန်းများကို ဒေသလိုအပ်ချက်နှင့်အညီ လျှော်ညီစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစတင်ပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးအပ်ထားခဲ့ပြီး မိမိတို့ဌာနအနေဖြင့် နည်းပညာနှင့် အကောင်အထည်ဖော်မှုလုပ်ငန်းများမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြချက်မှာ အထက်ဖော်ပြပါ တိုက်ယံကျေးရွာနှင့် အံပေါ်ကျေးရွာများ၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်ပြီး လှေခါးထစ်၊ ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်ခြင်းကို စီမံချက်ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်သည့်အချိန်၌ မိမိတို့ ဝန်ကြီးဌာန၏ ဦးစီးဌာနတစ်ခုဖြစ်သော စက်မှုလယ်ယာဦးစီးဌာနအနေနှင့်လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ဖော်ထုတ်မည့် ဧရိယာများကို တည်နေရာအလိုက် စူးစမ်းလေ့လာခြင်းမှစ၍ နည်းပညာလိုအပ်ချက်များကို ဖြည့်ဆည်းပြီး ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊
စိုက်ပျိုးရေးနည်းပညာပေးရေးအနေဖြင့် မြေယာဖော်ထုတ်သည့် ဧရိယာများ၊လုပ်ကွက်ငယ်၊ လယ်ကွက်ငယ်များတွင် မိုးရာသီ၌ တောင်ယာစပါးစနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ အခြားသီးနှံအဖြစ် အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့အတွက် နည်းပညာပေးသော လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ကုန်းမြင့်ပိုင်းကျသော ဧရိယာများအတွင်းမှာ စီးပွားဖြစ်စိုက်ပျိုးနိုင်သည့် လက်ဘက်၊ မျောက်ငို၊ ချဉ်ပေါင်ဖာလာစသော ဒေသတွင် ဖြစ်ထွန်းသည့် သီးနှံများအတွက် ကွင်းဆင်းစည်းရုံး ပညာပေးခြင်းကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
ထို့အပြင် ဒေသခံစိုက်ပျိုးရေးပညာရှင်များ ဒေသတွင်းအကျိုးစီးပွားကို ဖော်ဆောင်နိုင်ရေးအတွက် ဒေသခံများ၏ သားသမီးများကို စိုက်ပျိုးရေးသိပ္ပံကျောင်းများသို့ တက်ရောက်ခွင့်ရရှိရေးကို ဦးစားပေး ရွေးချယ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရွှေဘိုစိုက်ပျိုးရေးသိပ္ပံကျောင်းတွင် လဟယ်မြို့နယ် ဒေသခံစိုက်ပျိုးရေး ဒီပလိုမာလက်မှတ်ရ စိုက်ပျိုးရေးပညာရှင်များကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌ ၂ ဦး၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ ၂ ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း။
ယခင်က လဟယ်မြို့နယ်တွင် စိုက်ပျိုးရေးပညာပေးလုပ်ငန်း ဆောင်ရွက်နိုင်သော ပညာရှင် ဝန်ထမ်း တစ်ဦးတည်းသာ ရှိခဲ့ပါကြောင်း၊ စိုက်ပျိုးပညာရှင်ဝန်ထမ်း ထပ်မံဖြည့်တင်းပေးခဲ့သည့်နေရာတွင် ၁၁-၂-၂၀၁၅ ရက်နေ့ အမိန့်စာဖြင့် ဒု-လက်ထောက်ဦးစီးမှူး ကျောထောက်နောက်ခံပြု အလုပ်သင် နေ့စားဝန်ထမ်း နှစ်ဦးကိုလည်းကောင်း၊ မိမိတို့အစိုးရလက်ထက် ၁၂-၈-၂၀၁၆ ရက်နေ့တွင် ထပ်မံ၍ အလုပ်သင်နေ့စား ဝန်ထမ်းနှစ်ဦးကိုလည်းကောင်း ခန့်ထားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၎င်းအပြင် လဟယ်မြို့နယ်ခွဲဖြစ်သော ထန်ပါခွေမြို့နယ်ခွဲကို ဖျက်သိမ်းခဲ့သည့်အတွက် ယင်းမြို့နယ်ခွဲမှ ပညာပေး ဝန်ထမ်းနှစ်ဦးကိုလည်း လဟယ်မြို့နယ် အုပ်ချုပ်မှုအောက်သို့ ပြန်လည်ပူးပေါင်း ရောက်ရှိခဲ့ပြီးဖြစ်သည့်အတွက် ယခင်အခြေအနေတွင် တစ်ဦးပဲရှိရာမှ ယခု လဟယ်မြို့နယ်တွင် စိုက်ပျိုး ပညာပေးဝန်ထမ်း ၇ ဦးရှိပြီဖြစ်ပါကြောင်း၊
မွေးမြူရေးဆိုင်ရာ နည်းပညာပေးရေးအနေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်၊ နန်းယွန်းနှင့် လေရှီးမြို့နယ်တို့တွင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း နည်းပညာပေးလုပ်ငန်းဖြစ် သော အခြေခံတိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးအထောက်အကူပြုသင်တန်း အမှတ်စဉ် (၁/၂၀၁၆) ကို ၂၄-၈-၂၀၁၆ ရက်နေ့မှ ၂၈-၈-၂၀၁၆ ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ တစ်မြို့နယ်တွင် ကျေးလက်တိရစ္ဆာန်ကျန်းမာရေးလုပ်သား ၁၀ ဦး စုစုပေါင်းသင်တန်းသား ၃၀ ဦးကို သင်တန်းပို့ချပေးပြီး ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ဒေသနှင့်ကိုက်ညီသော မွေးမြူရေး အထောက်အကူပြုသင်တန်းများကိုလည်း တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊
သွင်းအားစုအနေဖြင့် လဟယ်မြို့နယ်၊ တာလံရပ်ကွက်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ၌ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် CP ကုမ္ပဏီနှင့် ပူးပေါင်းပြီး ကျေးရွာရန်ပုံငွေကျပ်သိန်း ၃၀၀ ထူထောင်ပေးခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် တိရစ္ဆာန်ဆေးကုအခြေစိုက်စခန်းသို့ နှစ်စဉ် တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ဆေးထိုးနှံနိုင်ရန် ကျွဲနွားလည်ချောင်းကွဲရောဂါကာကွယ်ဆေး ၅၅၀ အဆ၊ ကျွဲနွားဒေါင့်သန်းရောဂါကာကွယ်ဆေး အဆ ၁၀၀၊ ကျွဲနွားပေါင်ပုပ်သတ်ပုတ်ရောဂါကာကွယ်ဆေး အဆ ၄၄၀၊ ဝက်ဝမ်းကျ ကာကွယ်ဆေး အဆ ၁၀၀၊ ကြက်လည်လိမ်ရောဂါကာကွယ်ဆေး ၆၉၀၀ အဆတို့ကို အခမဲ့ ဖြန့်ဖြူးပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသတိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေကျပ် ဝ.၇ သိန်းကိုလည်း ခွဲဝေချထားဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊
၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံတော်ထောက်ပံ့ငွေမှ စစ်ကိုင်းတိုင်းဒေသကြီး မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝက်မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးရန်အတွက် ကျပ်သိန်း ၆၀၀ လျာထားသည့်အနက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၊ တိုက်ယံကျေးရွာနှင့် အံပေါ်ကျေးရွာများသို့ တစ်အိမ်ထောင်လျှင် ကျပ်တစ်သိန်းတန် မျိုးကောင်းမျိုးသန့်ဒေသ ဝက်နှစ်ကောင်နှုန်းဖြင့် အိမ်ထောင်စု ၁၅၀ အတွက် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိသော ဒေသဝက်အကောင် ၃၀၀ ကိုလည်း မွေးမြူ ရေးဘဏ်စနစ်နှင့် လက်ဆင့်ကမ်း ဖြန့်ဖြူးပေးသည့်စနစ်ဖြင့် ဖြန့်ဝေပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
