(က)-သာစည်မြို့နယ်အတွင်းရှိ သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးခဲ့သောလမ်း၊ တံတားများမှာ ၂၀၁၇-၁၈ဘဏ္ဍာရေးနှစ်တွင် အရေးပေါ်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပါသောကြောင့် ပြည်ထောင်စု သီးသန့်ရန်ပုံငွေမှ ခွင့်ပြုပေးနိုင်ပါရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၉.၂.၂၀၁၇)

ဦးသန်းစိုး (သာစည်)သာစည်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော လမ်း၊ တံတား မြောက်မြားစွာရှိခဲ့ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတား ၁၉ ခုမှာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားရေးလုပ်ငန်းများအတွက် သွားလာရာတွင် မရှိမဖြစ် လိုအပ်သော၊ အရေးပါသော ကျေးရွာချင်းဆက်လမ်း၊ တံတားများဖြစ်ပါကြောင်း၊ ၎င်းတံတားများမှာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၁၇-၁၈ ဘဏ္ဍနှစ်များတွင် လျာထားပါဝင်ခြင်းမရှိသည်ကို သိရှိခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်း ၁၉ ခုနှင့် ပတ်သက်၍ ‌ဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့ရသည့်လမ်း၊ တံတားများတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အရေးပေါ်ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်ပါသောကြောင့် ပြည်ထောင်စုသီးသန့်ရန်ပုံငွေမှ လုပ်ငန်း ၁၉ ခုအား ထည့်သွင်းနိုင်ပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း၌ သဘာဝဘေးအန္တရာယ်ကြောင့် ကျောက်ချောလမ်း ၅ လမ်း အရှည် ပေ ၁၂၀၀၊ ဂဝံမြေနီလမ်း ၅ လမ်း အရှည် ပေ ၁၃၄၀၊ ကွန်ကရစ်တံတား ၂ စင်း အရှည် ၇၅ ပေ၊ သစ်သားတံတား ၁ စင်း အရှည် ပေ ၆၀ နှင့် Box Culvert ၆ စင်း အရှည် ၃၀ ပေတို့ ပျက်စီးမှုရှိခဲ့သည့်အတွက် စုစုပေါင်း ပြုပြင်ရန်လုပ်ငန်း ၁၉ ခုရှိပါကြောင်း၊ အဆိုပါလမ်း၊ တံတားများ၊ ပြန်လည်ပြုပြင် တည်ဆောက်ပေးမည်ဆိုပါက စုစုပေါင်း ငွေကျပ် ၁၇၀ ကျော် ကုန်ကျမည်ဖြစ်ပြီး ကျေးရွာ ၅၅ ရွာက အိမ်ခြေ ၇၅၀၀ အိမ်၊ လူဦးရေ ၃၀၀၀၀ ကျော်၏ မှီခို အားထားရာဖြစ်မည့်လမ်းများ ဖြစ်ပါကြောင်း၊ သာစည်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင်‌့ပြုရန်ပုံငွေကျပ် ၅၅၁.၅၁၃ သန်းဖြင့် ကျောက်ချောလမ်း လေးမိုင်၊ ဂဝံ/မြေနီ လမ်း ၁ မိုင် ၄ ဖာလုံ၊ မြေသားလမ်း ၆ မိုင် ၄ ဖာလုံနှင့် ကွန်ကရစ်တံတား ၁၀ ပေ၊ သစ်သားတံတား ၉၆ ပေ၊ ရေကျော် ပေ ၂၂၀ နှင့် ရေပြွန် ၃၀ ပေတို့ကို လျာထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

သီးသန့်ရန်ပုံငွေသုံးစွဲခြင်းနှင့်စပ်လျဉ်းပြီး ကြိုတင်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ အတွက် အသုံးစရိတ်ဖြစ်ရမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးနှစ်အတွင်း မသုံးလျှင်မဖြစ်သော အထူးကိစ္စရပ်ဖြစ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ ထောက်ခံချက်အရ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ရယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းရှိ ပြုပြင်ရန်ဖြစ်သော လမ်း၊ တံတားလုပ်ငန်း ၁၉ ခုအား သဘာဝဘေးကြောင့် ထိခိုက်ခံရသော လမ်းများဖြစ်သော်လည်း နိုင်ငံတော်၏ဘတ်ဂျက်ဖြင့် ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊

အဆိုပါလုပ်ငန်း ၁၉ ခုအနက် ချောင်းဆုံ-ဧကရာဇ်ကုန်း လမ်းပေါ်ရှိ အရှည်ပေ ၆၀ ရှိသောတံတားကို ခွင့်ပြုငွေကျပ် သန်း ၃၅ သန်းဖြင့်လည်းကောင်း၊ Union Design ကုမ္ပဏီမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မွမ်းမံရန်ပုံငွေဖြင့် ဆောင်ရွက်ပါကြောင်း၊ မိတ္ထီလာ-တောင်ကြီးကားလမ်းမှ အုတ်ဖို ကျေးရွာအဝင် ကျောက်ချောလမ်းအရှည် ပေ ၂၀၀ အား ခွင့်ပြုငွေ ၂.၂၄ သန်းဖြင့် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေဖြင့် ပြုပြင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ရန်ပုံငွေဖြင့် တင်ဒါရကုမ္ပဏီများက ဆောင်ရွက်ခဲ့သော လမ်း ၈ လမ်း ပြန်လည်ပြုပြင်ခြင်းကို စာချုပ်စည်းကမ်းများအရ အာမခံ ကာလအတွင်း ပျက်စီးခြင်းဖြစ်သည့်အတွက် ကုမ္ပဏီများမှ ပြန်လည်ဆောင်ရွက်ပေးရန်လည်း ညှိနှိုင်း ထားပြီးဖြစ်ပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့်အနက်မှ ကျန်ရှိသော တံတား ၇ စင်းနှင့် လမ်း ၂ လမ်းသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိသောကြောင့် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်းမရှိသော်လည်း နှစ်အလိုက် ပြည်နယ် /တိုင်းဒေ သကြီးများ၏ ဦးစားပေးလျာထားတင်ပြမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။