ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Rt. Hon. Mr. Jonh Bercow ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ (၂၃) ရက်နေ့ (၁၀း၁၅) နာရီအချိန်တွင် ဗြိတိန်နိုင်ငံ အောက်လွှတ်တော်သို့ ရောက်ရှိရာ အောက်လွှတ်တော် Overseas Office အကြီးအကဲ Mr. Matthew Hamlyn က အောက်လွှတ်တော်အကြောင်း သိရှိဖွယ်ရာများနှင့် the Westminster System အား ရှင်းလင်းပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် (၁၁း၃၀) နာရီအချိန်တွင် ဗြိတိန်နိုင်ငံ လွှတ်တော်အတွင်း လှည့်လည်ကြည့်ရှု လေ့လာရာ လွှတ်တော်မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့သည်။
(၁၂း၄၅) နာရီအချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ နှင့် Chairman of the Ways and Means, Rt. Hon. Mr. Lindsay Hoyle MP က နေ့လည်စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ထို့နောက် (၁၄း၄၅) နာရီအချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဗြိတိန်နိုင်ငံ အောက်လွှတ်တော် Outreach and Engagement ဌာနအကြီးအကဲ Mr. David Clark က Portcullis House, Room. N ၌ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြသသည်။
(၁၆း၀၀) နာရီအချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Rory Stewart နှင့် တွေ့ဆုံဆွေးနွေးသည်။ ထိုသို့တွေ့ဆုံရာတွင် DFID ၏ လွှတ်တော် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် (၁၉း၀၀) နာရီအချိန်တွင် ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Rt. Hon. Mr. John Bercow က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ရန် ဗြိတိန်နိုင်ငံ လွှတ်တော်သို့ ရောက်ရှိရာ ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်၍ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ညစာစားပွဲနှင့် တွေ့ဆုံပွဲများသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော၊ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးဇော်ဝင်း၊ လွှတ်တော်အခွင့်အရေးကော်မတီ အဖွဲ့ဝင် ဦးစိုင်းစန်သိန်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အဖွဲ့ဝင် ဒေါက်တာဒေါ်ရွှေပုံ၊ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်
