(ခ)-ဒိုက်ဦးမြို့နယ်အတွင်းရှိ တောင်သူလယ်သမား များ၏လယ်ယာမြေများပေါ်ဆည်မြောင်းများဖောက် လုပ်ရာတွင်ပါဝင်သွားသောလယ်ယာမြေများအတွက် နစ်နာကြေးထောက်ပံ့ပေးရန် အစီအစဉ် ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၈.၁၁.၂၀၁၆)

ဦးဘုန်းမြင့်အောင်မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ဒိုက်ဦးမြို့နယ်သည်လည်း စိုက်ပျိုးရေးကို အဓိကထားလုပ်ဆောင်သော မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ ဒိုက်ဦးမြို့နယ်သည် ကျေးရွာအုပ်စုပေါင်း ၅၃ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၈၂ ရွာနှင့် ဖွဲ့စည်းထားပြီး ဧရိယာအကျယ်အဝန်း ၄၉၇.၀၃ စတုရန်းမိုင်ရှိပြီး လူဦးရေ ၂၅၀၀၀၀ ကျော် နေထိုင်သော မြို့နယ်တစ်ခုဖြစ်ပြီး စိုက်ပျိုးမြေ၊ လယ်ယာမြေဧကပေါင်း ၁၈၆၉၀၀ ကျော် ရှိပါကြောင်း၊ စိုက်ပျိုးရေးကို ကြိုးစားပြီး စိုက်ပျိုး လုပ်ကိုင်နေရင်း တောင်သူလယ်သမားများ၏ လယ်ယာမြေများအပေါ်တွင် ဆည်မြောင်းများဖောက်လုပ်ခြင်းကို ခံခဲ့ကြရပါကြောင်း၊ ဧကများများပိုင်ဆိုင်သော တောင်သူလယ်သမားများအတွက် နစ်နာဆုံးရှုံးမှုသည် မကြီးမားသော်လည်း ဧကနည်းနည်းသာ ပိုင်ဆိုင်သော တောင်သူများအတွက် များစွာ နစ်နာဆုံးရှုံးခဲ့ရပါကြောင်း၊

ဒိုက်ဦးမြို့နယ်တွင် ဘောနီမြောင်း၊ မိုးယွန်းကြီးမြောင်း၊ ဘိုင်းဒါးမြောင်း၊ ကောလိယမြောင်း၊ ပျဉ်ပုံမြောင်းနှင့် ယွန်းထည်ဆည်မြောင်းဟူ၍ မြောင်းကြီးခြောက်မြောင်းတူးဖော် သွားခဲ့ပါကြောင်း၊ ၁၉၉၅-၁၉၉၆ ခုနှစ်တွင် ဘောနီမြောင်းကို စတင်တူးဖော်ရာတွင် ဘောနီကျေးရွာအုပ်စု၊ ဗျိုင်းချယ်ကျေးရွာအုပ်စု၊ ကညင်တပင်ရွာ၊ တမံကြီးကျေးရွာအုပ်စုများမှ တောင်သူများ၏ လယ်ယာမြေများပေါ် ဖြတ်သန်းဖောက်လုပ်သွားခဲ့ပြီး နစ်နာကြေး လုံးဝမရရှိခဲ့ပါကြောင်း၊ ၂၀၀၁-၀၂ ခုနှစ်တွင်လည်း မိုးယွန်းကြီးမြောင်းကို ဖောက်လုပ်ရာတွင်လည်း ဂွေးပင်ကုကျေးရွာ၊ ကန်ကလေးကျေးရွာ၊ ပျဉ်ထောင်လေးကျေးရွာ၊ ကတုတ်ဖျားကြီးကျေးရွာ၊ ကျိုက်ဇကောအနောက်ကျေးရွာများမှ တောင်သူများ၏ လယ်ယာမြေများ ပါဝင်သွားခဲ့ပါကြောင်း၊ ၂၀၀၂-၀၃ ခုနှစ်တွင် ဘိုင်းဒါးမြောင်းကို ထပ်မံတူးဖော်ရာ၌ ဥသျှစ်ကုန်းကျေးရွာ၊ ဆင်စလုတ်ကျေးရွာ၊ ဒိုးတန်းကျေးရွာ၊ သပြေတန်းကျေးရွာအုပ်စုနှင့် ပသွယ်ကျေးရွာ၊ ကန်ကလေးကျေးရွာ၊ ရှမ်းစုကျေးရွာများမှ တောင်သူများ၏ လယ်ယာမြေများစွာ ပါဝင်သွားခဲ့ပြီး ယခုအချိန်အထိ နစ်နာကြေးမရရှိခဲ့ကြပါကြောင်း၊ ၂၀၀၄-၀၅ ခုနှစ်တွင် ကောလိယမြောင်း ဖောက်လုပ်ရာတွင်လည်း ကွင်းမြောင်ကြီးကျေးရွာ၊ သင်အင်းကျေးရွာ၊ ပွဲတမော့ကျေးရွာ၊ ကုက္ကိုင်းကျေး ရွာ၊ ကျေးတောစုကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာများမှ လယ်ယာမြေများ ပါဝင်သွားသည်ဟု သိရှိရပါကြောင်း၊ပျဉ်ပုံမြောင်း ဖောက်လုပ်ရာတွင်လည်း ကျိုက်စကော အနောက်ကျေးရွာ၊ စလူတောကျေးရွာများမှ လယ်ယာမြေများပါဝင်သွားခဲ့ပြီး ထိုမြောင်းသည် ယနေ့အချိန်ထိ ရေစီးရေလာမရှိပါကြောင်း၊ ရဲနွယ် ဆည်မြောင်း ဖောက်လုပ်ရာတွင်လည်း ပန်းကန်ကွဲကျေးရွာအုပ်စုနှင့် မှော်အင်းကျေးရွာအုပ်စုမှ လယ်ယာမြေများစွာ ဆုံးရှုံးသွားခဲ့ပါကြောင်း၊ ဖော်ပြပါ မြောင်းများမှာ မိုးယွန်းကြီးမြောင်းနှင့် တချို့သော မြောင်းလက်တက် များသည် ဖောက်လုပ်ရာ တွင် လယ်ယာမြေများစွာ ပါဝင်သွားသော်လည်း ယနေ့အချိန်ထိ ၎င်းမြောင်းများမှ ရေပေးလွှတ်ခြင်း မရှိသဖြင့် တောင်သူအတွက်လည်း အကျိုးမရှိသကဲ့သို့ နိုင်ငံတော်အတွက်လည်း အကျိုးမရှိဖြစ်နေပါကြောင်း၊ ထို့ကြောင့် ဆည်မြောင်းများ ဖောက်လုပ်ရာတွင်ပါဝင်သွားခဲ့သော လယ်ယာမြေများ အတွက် နစ်နာကြေးပေးလျော်ရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပေးပါမည်ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ
အဖြေ

ဒေါက်တာအောင်သူပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ ပျဉ်ပုံကြီး၊ ဘောနီ၊ ကောလိယ၊ ဘိုင်းဒါး ရေလှောင်တမံများနှင့် ဆည်ရေသောက်စနစ်များ တည်ဆောက်ထားကာ နှစ်စဉ် နွေစပါးလျာထားဧက များကို ပြည့်မီစေရန် စိုက်ပျိုးရေပေးဝေလျက်ရှိပါကြောင်း၊ ပျဉ်ပုံကြီးရေလှောင် တမံနှင့်ရေသောက်စနစ်ကို ၁၉၈၇ ခုနှစ်တွင်လည်းကောင်း၊ ဘောနီရေလှောင်တမံနှင့်ရေသောက်စနစ်ကို ၁၉၉၉ ခုနှစ်တွင် လည်းကောင်း၊ ကောလိယနှင့်ဘိုင်းဒါး ရေလှောင်တမံနှင့် ရေသောက်စနစ်များကို ၂၀၁၂ ခုနှစ် မတ်လတွင် လည်းကောင်း တည်ဆောက်ပြီးစီး ခဲ့ပြီးဖြစ်ပါကြောင်း၊အဆိုပါ ရေလှောင်တမံ စီမံကိန်းများသည် ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကောင်းမွန်မှန်ကန်သော ရည်ရွယ်ချက်နှင့် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်တွင် ဒေသစိုက်ပျိုးရေရရှိရေးကို အကျိုးပြုနေလျက် ရှိပါကြောင်း၊ ရေလှောင် တမံများ၏ ရေသောက်စနစ်များ တည်ဆောက် သည့်နေရာတွင် ပါဝင်သွားသော လယ်ယာမြေများအတွက် တောင်သူလယ်သမားများကို နစ်နာကြေးထောက်ပံ့ပေးရန်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းခြင်းအတွက် ဤဝန်ကြီးဌာနအနေဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်း ခဲ့ပြီးနောက် ဆောင်ရွက်ခဲ့သည့် စီမံကိန်း လုပ်ငန်း များကြောင့် ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများမရှိ စေရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် အဆိုပါ ရေလှောင်တမံနှင့် ဆည်ရေသောက်စနစ်များသည် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများကို မပြဋ္ဌာန်းမီကပင် တည်ဆောက် ခဲ့သော ရေလှောင်တမံနှင့် ဆည်ရေသောက်စနစ်များဖြစ်သည့်အတွက် လျော်ကြေးပေးရန်ကိစ္စအတွက် စိုက်ပျိုးသီးနှံများစာရင်း၊ မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်သောစာရင်း စသည်တို့ကို ယခုမှ ကောက်ယူရမည်ဆိုသည့်အတွက် မှန်ကန်မှုရရှိရန် အခက်အခဲများကြောင့်သော် လည်းကောင်း၊ ရေလှောင်တမံနှင့် ဆည်ရေသောက်စနစ်များ တည်ဆောက်စဉ်ကာလက ဒေသ အာဏာပိုင်များ၏ ခွင့်ပြုချက်နှင့် ထိုစဉ်ကတည်ရှိခဲ့သော လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေရယူ  ဆောင်ရွက်ခဲ့မှု ဖြစ်ခြင်းကြောင့်လည်းကောင်း စီမံကိန်းလုပ်ငန်းများမှာလည်း ဒေသ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦများအဖြစ် အကောင် အထည်ဖော် တည်ဆောက် ပေးခဲ့သည့် လုပ်ငန်းများဖြစ်ခြင်းတို့ကြောင့်လည်းကောင်း နစ်နာဆုံးရှုံးမှုများ ကို ပြန်လည်ဖြေရှင်း ဆောင်ရွက်ရမည် ဆိုပါက နိုင်ငံတော်အတွက်လည်း ယင်းကိစ္စရပ် အများအပြားအတွက် ဝန်ထုပ်ဝန်ပိုး များစွာ ဖြစ်စေနိုင်မည်ဖြစ်သည့်အတွက် နစ်နာကြေးထောက်ပံ့ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

ဦးဘုန်းမြင့်အောင် (ဒိုက်ဦး) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိ၏မေးခွန်းကို အကျယ်တဝင့် ဖြေကြားပေးသွားသည့် ပြည်ထောင်စုဝန်ကြီးကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခင်အစိုးရလက်ထက်က မိမိ၏ မဲဆန္ဒနယ်မြေကို ဆည်မြောင်းနစ်နာကြေးပေးမည်ဆိုပြီး စာရင်းများလည်း ကောက်ယူခဲ့ပါကြောင်း၊ သို့သော် ယနေ့အချိန်ထိ အကြောင်းပြန်ကြားခြင်းမရှိတော့ သဖြင့် မေးမြန်းရခြင်းလည်းဖြစ်ပါကြောင်း၊ ၎င်းဆည်မြောင်းများတွင် မိုးယွန်းကြီးမြောင်း အပါအဝင် မြောင်းလက်တက်လေးများသည် ယနေ့အချိန်အထိ ရေလုံးဝမရောက်ဘဲရှိသဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးမရှိ သကဲ့သို့ တောင်သူအတွက် လည်း အကျိုးမရှိဖြစ်နေပါကြောင်း၊ ၎င်းတို့သည် မအောင်မြင်သည့် မြောင်းများ ဖြစ်နေသောကြောင့် မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ

မိမိတို့အစိုးရအဖွဲ့တာဝန်ယူပြီးနောက် မူဝါဒများနှင့် စီမံချက်များကို ချမှတ်ပြီး ဆောင်ရွက်ပြီး အကောင်အထည်ဖော်စဉ် ကာလဖြစ်သည့်အတွက် တစ်နိုင်ငံလုံးရှိ ဆည်မြောင်းများ၏ Function နည်းမဖြစ်သည့် နေရာများအတွက် ပြန်လည်ပြုပြင်ပြီး ဆောင်ရွက်သည့်လုပ်ငန်းကို အရှိန် အဟုန်မြှင့်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပြီး ခွင့်ပြုရန်ပုံငွေပေါ်မှာမူတည်၍ ဖြစ်နိုင်ချေကိုလေ့လာပြီး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။