ဒီပဲယင်းမြို့နယ်အတွင်းတွင် မုံရွာ-ရေဦး-တန့်ဆည် ပြည်ထောင်စုလမ်းမကြီးမှ ရွှေဘို-မုံရွာခရိုင်ချင်း ဆက်ကတ္တရာလမ်း ဆည်မြောင်းဦးစီးဌာနအခေါ်အားဖြင့် မရကန်မြောင်းခွဲဟုခေါ်ဆိုသော ညောင်လာ တူးမြောင်းလမ်းကို ရာသီမရွေး သွားလာနိုင်သည့်လမ်း အဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပေး ရန်နှင့် စပ်လျဉ်း၍ မေးမြန်းလိုခြင်း ဖြစ်ပါကြောင်း၊ အဆိုပါဒေသသည် တောင်သူလယ်သမားအားလုံးသည် ညောင်လာတူးမြောင်းပေါင်လမ်းကိုသာ မှီခိုအသုံးပြုကြရပါကြောင်း၊ သို့သော်လည်း မိုးရာသီဆိုပါက ဆိုင်ကယ်ပင် သွားရန်လာရန် ခက်ခဲသည့် အခြေအနေမျိုး ဖြစ်လာပါကြောင်း၊
ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေက ကျေးရွာချင်းဆက်လမ်းလေးတွေ၊ ရွာတွင်းလမ်းလေးများကို ပြင်ဆင်ရန် ရန်ပုံငွေ သိန်း ၂၀၊ ၃၀ ချပေးခဲ့သော်လည်း ရွာအများစုသည် သိန်း ၂၀၊ ၂၅ ၊ ၅၀၊ ၁၀၀ စသည်ဖြင့် ဝိုင်းဝန်း ပံ့ပိုးပြီးလမ်းများကောင်းအောင် ဖြည့်ဆည်းဆောင်ရွက်ကြရပါကြောင်း၊
ညောင်လာတူးမြောင်းပေါ်ရှိ ညောင်လှရွာသည် ရေဦးမှ ၆ မိုင်ကတ္တရာလမ်းရှိပါကြောင်း၊ ညောင်လှမှ ညောင်လှ-ငါးမြှားလမ်းကို ရှေးဆက်ပြီး သွားရမည့် တူးမြောင်းပေါ်တွင် လမ်းကောင်းကောင်း ဖောက်ပေးနိုင်မည်ဆိုပါက အဆင်ပြေမည့်ဖြစ်ပါကြောင်း၊ ပြည်သူ လူထုနှင့်တွေ့ဆုံ ရာတွင်လည်း ဆည်မြောင်းမုံရွာလမ်းကို ရာသီမရွေးသွားလာနိုင်သည့် လမ်းဖြစ်ရန်ကို ဝိုင်းဝန်းဆွေးနွေးကြပါကြောင်း၊ သယ်တောနှင့် သရက်ကံကြားကလမ်းသည်လည်း မိုးတွင်းရောက်ပါက သွားလာနိုင်ခြင်း မရှိပါ ကြောင်း၊ ထို့ကြောင့် ဆေးရုံ၊ ဆေးခန်းသွားရန် ခက်ခဲခြင်း၊ ဆန်၊ စပါးရောင်းချရာတွင် ဈေးအနှိမ် ခံရခြင်း၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းနှင့် လယ်ယာသုံး အထူးသဖြင့် ဓာတ် မြေသြဇာအိတ်များသည် သယ်ယူစရိတ်ကြောင့် ဈေးမြင့်ခြင်း၊ လမ်းမကောင်းသည့်အတွက် လယ် သမားများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစစအရာရာတွင် နောက်ကောက်ကျနေခြင်းများ ကြောင့် ရာသီမရွေးသွားလာနိုင်သည့် လမ်းဖြစ်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ညောင်လှ-သဲတော-သရက်ကံ-ဖုတ်တတော လမ်းဆုံအထိ ၁၁.၈၂ မိုင်ရှည်သည့် လမ်းကို ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူပြီး ရာသီမရွေး သွားလာနိုင်သည့် ကွန်ကရစ်လမ်း သို့မဟုတ် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခြင်းရှိ/မရှိ၊ အစီအစဉ်ရှိပါက ယခုနှစ်မိုးရာသီအချိန်မီဆောင်ရွက်နိုင်ခြင်းရှိမရှိနှင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင် မည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ဒီပဲယင်းမြို့နယ်အတွင်းရှိ ညောင်လှကျေးရွာနှင့် ရွှေဘို-မုံရွာခရိုင်ချင်း ဆက်လမ်းသည် ၁၂ မိုင်ခန့် ရှည်လျားသည့် မြေသားလမ်းဖြစ်ပြီး ကာဘိုးရေလွှဲဆည် ရေဦးတူးမြောင်း ဆည်ရေသောက်စနစ်၏ ရေကန်မြောင်းခွဲအပေါ်ရှိ တူးမြောင်းပေါင်မြောင်း စစ်လမ်းဖြစ်သော်လည်း ဒေသနေပြည်သူများမှ ကျေးရွာချင်းဆက်လမ်းအဖြစ် အသုံးပြုနေကြခြင်းဖြစ်ပါကြောင်း၊ အထက် ဖော်ပြပါ မြေသားလမ်းများသည် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက် ထိန်းသိမ်း ထားပြီး စိုက်ပျိုးရေပေးဝေလျက်ရှိသော ရေပေးမြောင်းများ၏ မြောင်းပေါင်များ ဖြစ်ခြင်း ကြောင့် လုပ်ငန်းသဘောသဘာဝအရ ရေပေးမြောင်းများ သဲနုန်းတူးဖော်ခြင်းနှင့် မြောင်းပေါင်များ ပုံစံကျ မြေဖို့ပြုပြင်ခြင်းလုပ်ငန်းများကို လုပ်ငန်းလိုအပ်ချက်အရ ဆောင်ရွက်ရ ပါကြောင်း၊ အဆိုပါမြောင်းပေါင်များပေါ်မှ စက်ယန္တရား၊ ယာဉ်ကြီးများမောင်းနှင်၍ လုပ်ငန်းဆောင် ရွက်ရခြင်းကြောင့် ဖြစ်ပေါ်လာသည့် လမ်းပေါင်နိမ့်ကျပျက်စီးမှုတွေကို မြေဖို့ပြုပြင်ခြင်း လုပ်ငန်းတွေ ပြန်လည် ဆောင်ရွက်ရသည့်အတွက် မြေသားလမ်း အဖြစ်သာ ထားရှိရန်သင့်လျော်ပါကြောင်းနှင့် ကျောက်ချော လမ်းခင်းထားပါက မြောင်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက် ရာတွင် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် ကုန်ကျစရိတ်ပိုမိုများ များပြားလာမည်ဖြစ်သည့်အတွက် ဆောင်ရွက်ရန်မသင့်လျော်သည့် လုပ်ငန်း ဖြစ်ပါကြောင်း၊
ထို့ကြောင့် ရာသီမရွေးသွားလာမှု အဆင်ပြေစေရေးအတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ မြို့နယ်၊ ကျေးရွာဖွံ့ဖြိုးမှု အထောက်အကူပြုအဖွဲ့များ၊ သက်ဆိုင်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကျေးရွာချင်းဆက်လမ်း အူကြောင်းတစ်ခု ရှာဖွေဖောက်လုပ် ကာ ကျောက်ချောလမ်းခင်း အသုံးပြုမည်ဆိုပါက ပိုမိုသင့်လျှော်မည်ဖြစ်ပါကြောင်း၊ မရကန်မြောင်းခွဲ ပေါ်ရှိ တူးမြောင်းပေါင်လမ်းသည် ဌာနကရေပေးမြောင်းများ ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင် အသုံးပြုရသည့် မြောင်းပေါင်းမြောင်းစစ်လမ်းဖြစ်သည့်အတွက် ရာသီမရွေး သွားလာနိုင်သည့် ကျေးရွာချင်းဆက်ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပြုပြင်ပေးရန် အစီ အစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
