၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း မြစ်ရေကြီးမြင့်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်နှင့် ငဝန်မြစ် ဘေးတစ်လျှောက်ရှိ မြို့နယ်များတွင် တောင်သူလယ်သမားများ၏ လယ်ယာမြေ များစွာနစ်မြုပ်၍ ပျက်စီးမှု ဧကပေါင်းများစွာရှိခဲ့ပါကြောင်း၊ မိုးစပါးအပြင် ဥယျာဉ်ခြံများလည်း ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊ ရေကြီးနစ်မြုပ်မှုသည် နိုင်ငံတစ်နံတစ်လျားတွင် အလှူရှင်များ၊အသင်းအဖွဲ့များမှ စားနပ်ရိက္ခာ၊ ဆန်၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် အဝတ်အထည်များ ကို ထောက်ပံ့ပေးခဲ့သလို နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ဆန်၊ ဆီနှင့် အခြားပစ္စည်းများကို ထိုက်သင့်သလောက် ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ အရောင်းအဝယ်သမားများနှင့် အခြားစီးပွားရေး လုပ်ငန်းများ အနေဖြင့် ရေကြီးစဉ်ကာလတွင် ခေတ္တခဏသာ ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းထားရသော်လည်း လယ်ယာ လုပ်ငန်းတစ်ခုတည်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေရသည့် တောင်သူလယ်သမားများအနေဖြင့် အရင်းအနှီးများစွာဖြင့် စိုက်ပျိုးခဲ့ရသော စိုက်ခင်းများ ရေမြုပ်ပျက်စီးခဲ့ရသည့်အတွက်ကြောင့် လုံးဝဆုံးရှုံးသွားခဲ့သည့်အပြင် ပြန်လည်စိုက်ပျိုးရန်လည်း ရာသီချိန်နောက်ကျခြင်း၊ အရင်းအနှီးအလုံအလောက် မရှိခြင်း၊ နောက်ထပ်စိုက်ပျိုးမည့် ဆောင်းသီးနှံ မမီနိုင်ခြင်း တို့ကြောင့် ယခုနစ်မြုပ်ခဲ့သော သီးနှံများကို ပြန်လည်စိုက်ပျိုးရန်အခက်အခဲ များ လည်း ဖြစ်ပေါ်ခဲ့ ပါကြောင်း၊ ယခင်နှစ် ၂၀၁၅ ခုနှစ်တွင် ယခုကဲ့သို့ရေကြီးနစ်မြုပ်မှုကြောင့် လယ်သမားများအနေဖြင့် နှစ်နှစ်ဆက်တိုက် ရေနစ်မြုပ်မှုဒဏ်ကို ခံစားရပါကြောင်း၊ ရေတစ်ကြိမ်နစ်မြုပ်ပြီဆိုပါက သုံးနှစ်ကုစား၍ မရ ပါကြောင်း၊
၁၉၉၁ ခုနှစ် လေးမျက်နှာ မြို့နယ် ထိန်ငူတန်ကျိုးဆည်မှစပြီး၂၀၀၄ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်များတွင် မြစ်ရေကြီးမှုဆက်တိုက်ဖြစ်နေသကဲ့သို့ ယခု ၂၀၁၆ ခုနှစ်တွင်လည်း နယ်မြေဒေသ များတွင် ၁၉၉၁ ခုနှစ် ထိန်ငူတာကျိုးသည့် အမြင့်ဆုံးရေထက်ပင် မြင့်တက်မှုကြောင့် ယခင်ကရေလုံးဝမမြုပ်ခဲ့ဖူးသည့် ဒေသများပင် ရေမြုပ်မှုဒဏ်ကို ခံစားရပါကြောင်း၊ မြို့လယ်ခေါင် အထိ ရေသည် လူတစ်ရပ် ခန့်မီသည့် အခြေအနေအထိသာမက မြို့ပေါ်အထိပါ ရေဝင်ရောက် ခဲ့ပါကြောင်း၊ ကျောင်းကုန်းမြို့နယ်အနေဖြင့် ရပ်ကွက်သုံးခု၊ ကျေးရွာ အုပ်စု ၆၅ အုပ်စု၊ ကျေးရွာခွဲပေါင်း ၄၁၇ ရွာရှိသည့်အနက် ရပ်ကွက်သုံးခုနှင့် ကျေးရွာအုပ်စု ၆၀ အုပ်စု၊ ကျေးရွာ ခွဲပေါင်း ၂၄၀ ရွာ ရေနစ်မြုပ်ခံရပြီး အိမ်ခြေ ၂၀၉၄၀၊ ရေနစ်မြုပ်ပျက်စီးဧက ၃၂၇၃၀ ဧက၊ ရေနစ်မြုပ်ဥယျာဉ်ဧက ၄၉၈ .၈၇၄ ဧကတို့ဖြစ်ပါကြောင်း၊ ပျက်စီးဆုံးရှုံးမှုအရ တန်ဖိုးကျပ်သန်းပေါင်း ၈၀၀၀ ခန့် ဆုံးရှုံးခဲ့ပါကြောင်း၊ မြစ်ရေကြီး မှု ကြောင့် ထောင့်ကြီးရှိ ရေကာတာကြီးသည် ပျက်စီးသွားသည့်အတွက်သည့် စပါးများ သောင်းချီပြီး ပျက်စီးသွားပါကြောင်း၊ မြစ်ရေကြီးမှုကြောင့် ရေခလုတ်ထောင့်ကြီးတာ၊ ဘီးလင်းတာကြီးလည်း ပျက်စီးသွားသည့် အတွက်ကြောင့် ၎င်းအောက်တွင်ရှိသည့် ဧက ပေါင်း ၂၀၀၀၀ ခန့် ပျက်စီးသွားသည့် အခြေအနေရှိပါကြောင်း၊ ယခုကဲ့သို့ မြစ်ရေကြီးမြင့်မှုဖြစ်နေပါက တောင်သူလယ်သမားများ၏ ဘဝမြင့်မားနိုင်ရန် အိပ်မက်ပင်မက်၍ မရ ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း များစွာ နစ်နာဆုံးရှုံးမှုကြီးကို တောင်သူလယ်သမားများနည်းတူ ခံစားရမည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ယခုကဲ့သို့ မကြာခဏ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်သည်ကို စနစ်တကျကွင်းဆင်းလေ့လာရန် လိုအပ်နေသည်ဟု ထင်ပါကြောင်း၊ ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့တွင် နိုင်ငံတော်သမ္မတ မှပေးပို့လာသည့် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအတွင်း ရသုံးဆိုင်ရာဥပဒေပါ သီးသန့်ရန်ပုံငွေတွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ရှိ ဒေသများတွင် နိုင်ငံတော်၏ သီးသန့်ရန်ပုံငွေ ထောက်ပံ့ခြင်းကိုလည်း ခွင့်ပြုချက်ရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း မြစ်ရေကြီးမှုကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များအပါအဝင် အခြားသော မြို့နယ်များရှိ တောင်သူလယ်သမားများ၏ လယ်ယာ မြေများ နစ်မြုပ်ပျက်စီးဆုံးရှုံးခဲ့မှုအပေါ် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေမှ သီးသန့်ရန်ပုံ ငွေဖြင့် ထောက်ပံ့ပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် တာတမံများ ကြံ့ခိုင်တောင့်တင်းမှု အားနည်းသည့်အတွက် မြစ်ရေကြီးမှုနှင့်အတူ အိုးအိမ်များ၊ လမ်းများ၊ တံတားများလည်း ပျက်စီးမှုနှင့် ကြုံခဲ့ရပါကြောင်း၊ ၂၀၁၆ ခုနှစ် သဘာဝဘေးအန္တရာယ် ကြောင့်ပျက်စီးခဲ့သည့် တာတမံများ၊ လမ်းတံတားများ ပြန်လည်ပြင်ဆင်ရန်၊ သီးနှံစိုက်ပျိုးမှုအတွက် အစားထိုးပြန်လည်စိုက်ပျိုးရန်နှင့် ရာသီချိန်နှင့် လိုက်လျောညီထွေသည့် သီးနှံများ ပြောင်းလဲစိုက်ပျိုးရန်အတွက် လိုအပ်သည့် ရန်ပုံငွေကျပ်သန်းပေါင်း ၁၁.၃၃၃ ဘီလီယံကျော်အတွက် သီးသန့်ရန်ပုံငွေမှ ကျခံ ဆောင်ရွက်ရန် ခွင့်ပြုချက်တင်ပြရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ် မိုးရာသီ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး မြစ်ရေစံချိန်တင်မြင့်တက်ခဲ့သည့်အတွက်ကြောင့် ကျိုးပေါက်တာတမံများ အခိုင် အမာပြန်လည်ပြုပြင်ရေး၊ ၂၀၁၇ ခုနှစ် မိုးရာသီ ရေဘေးအန္တရာယ် မဖြစ်စေရန် အတွက် ပြင်ဆင်ရန် လိုအပ်သည့် တာတမံများ ပြင်ဆင်ရေးအတွက် စုစုပေါင်းလုပ်ငန်း ၁၈ ခုအတွက် ကျပ်သန်းပေါင်း ၄၁၉၀.၆၆၇ သန်း ခွင့်ပြုချက်ရရှိပြီးဖြစ်ပါကြောင်း၊ ဒုတိယသီးနှံ အစားထိုးစိုက်ပျိုးနိုင်ရေး အတွက် ထောက်ပံ့မှုနှင့် သီးနှံအလိုက် ထောက်ပံ့ကြေး ကျပ်သန်းပေါင်း ၄၇၄၉.၃၈၀ သန်း ခွင့်ပြုချက်ရရှိပြီ်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးငါးခုတွင် ပျက်စီးခဲ့သည့် ကျေးလက် လမ်းတံတားများ အတွက် ကျေးလက်လမ်းကို ကျပ်သန်းပေါင်း ၁၂၂၀.၁၄၀၊ တံတားများအတွက် ကျပ်သန်းပေါင်း ၁၂၅၁.၁၆၀ ကျပ်သန်း စုစုပေါင်း ရန်ပုံငွေကျပ်သန်းပေါင်း ၁၁၃၃၃.၁၂ ကျပ်သန်းကို သီးသန့် ရန်ပုံငွေမှ ခွင့်ပြုချက်ရရှိပြီး ဖြစ်သည့်အတွက် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြား ပါသည်။
ဦးသိန်းထွန်း(ကျောင်းကုန်းမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလ တွင် သီးသန့်ရန်ပုံငွေမှ စုစုပေါင်း ကျပ်သန်းပေါင်း ၁၂၈၁၀.၇၃ သန်း နှင့် သြဂုတ်လ ၂၃ ရက်နေ့တွင် ၅၆၄၈.၂၃ သန်းကို သီးသန့်ရန်ပုံငွေမှ ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် ဆုံးရှုံးနစ်နာ ခဲ့သော တောင်သူလယ်သမားများ အားလုံးအတွက် သီးသန့်ရန်ပုံငွေခွင့်ပြုချက်ရထား ပြီးဖြစ်သည့် အတွက် တောင်သူလယ်သမားများ၏ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း၊ မိမိသိလိုသည်မှာ ၎င်းသီးသန့် ရန်ပုံငွေ ကို ခွင့်ပြုချက် ရထားပြီဖြစ်သည့်အတွက် မည်သည့်နေ့၊ မည်သည့်ကာလတွင် တောင်သူလယ်သမားများအတွက် ထောက်ပံ့ပေးနိုင်မည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးလှကျော်
သီးသန့်ရန်ပုံငွေ ကျပ်သန်းပေါင်း ၁၁၃၃၃.၁၂ ကျပ်သန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့ အစိုးရအဖွဲ့ အစည်းအဝေး (၂/၂၀၁၇) တွင် ခွင့်ပြုချက်ရရှိပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအသီးသီး၏ လုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
