အရှေ့ဘက် ကျောက်ဆည်ကျေးရွာအုပ်စု ကျောက်ဆည်ရွာအနီးတွင် ကျောက်ဆည်ကန်ရှိပါကြောင်း၊ ီ ကျောက်ဆည်ကန်အနီးပတ်ဝန်းကျင်
ရှိ ကျေးရွာလူထုက သောက်သုံးရေနှင့် စိုက်ပျိုးရေပါ အသုံးပြုအားထားနေရ သည့် ကန်တစ်ခု ဖြစ်ပါကြောင်း၊ ရေကန်တွင် နှစ်စဉ်ပျမ်းမျှ ရေစီးဝင်နှုန်းသည် ဧကပေ ၁၄၀၀၀ ခန့် ရှိပါကြောင်း၊ ရေသိုလှောင်မှုပမာဏနှင့် ပတ်သက်ပြီး ၆၂၅၀ ဧကပေရှိပါကြောင်း၊ စိုက်ပျိုးမြေ၊ ဆည်ရေသောက် ဧရိယာ ၇၉၇၇ ရှိပါကြောင်း၊ ယခုအချိန်တွင် ကျောက်ဆည်ကန်သည် ကာလသက်တမ်းလွန်စွာ ရှည်ကြာနေပြီဖြစ်သည့်အတွက် သဲနုန်းများ ပို့ချလျက်ရှိပါကြောင်း၊ ထို့ကြောင့် လက်ရှိအနေအထားတွင် ရေသိုလှောင်နိုင်သည့် ပမာဏသည် ၃၁၁၅ ဧကပေသာ ရှိပါကြောင်း၊ နှစ်စဉ်ပျမ်းမျှ စိုက်ပျိုးမြေ ဧကသည် မိုးစပါး ၁၇၆၅ ဧကနှင့် နွေစပါး ၃၅၀ ခန့်သာ စိုက်ပျိုးနိုင်သည့် အနေအထားဖြစ်ပါကြောင်း၊ ယင်းရေကန်ကြီးကို သဲနုန်းရာနှုန်းပြည့် တူးဖော်မည်ဆိုပါက သက်ဆိုင်ရာဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာန၏ တွက်ချက်မှုအရ ငွေကျပ်သန်းပေါင်း ၁၆၀၀၀ ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ယင်းကန်နှင့် ပတ်သက်ပြီး ယခင် အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေမှ ကျပ်သန်း ၆၀၀၀ ခန့် ကြိုတင်ခွင့်ပြုပေးခဲ့သည်ဟု သိရှိရပါကြောင်း၊ သို့သော် ယခုအချိန်တွင် သဘာဝဘေးဒဏ်များ ပေါ်ပေါက်လာသည့်အတွက် ယင်းခွင့်ပြုငွေသည် သဘာဝဘေးကူညီ ကယ်ဆယ်ရေးကို လွှဲပြောင်းသုံးစွဲ ခဲ့ရသည့်အတွက် အကောင်အထည် မဖော်နိုင်ခဲ့ပါကြောင်း၊
သို့သော် အားလုံးညှိနှိုင်းဆောင်ရွက်မှုအရ ပြီးခဲ့သည့်နှစ်က ဆည်မြောင်းဦးစီးဌာန အစီအစဉ်ဖြင့် ကန်ပေါင်ဘေးပတ်လည်ရှိ သဲနုန်းများကို ပြန်လည်တူးဖော်ခြင်းနှင့် ရေကျော်၊ ရေလွှဲနေရာတွင် ပြန်လည်တူးဖော်မှုဧကပေ ၁၂၃၇၀ ခန့် တူးဖော်နိုင်ခဲ့ပါကြောင်း၊ ယခုနှစ် မိုးရာသီတွင် မိုးရေလုံလောက်စွာရပါကြောင်း၊ သို့သော် သဲနုန်းတွေပြည့်နေသည့်အတွက် သိုလှောင်နိုင်မှုမရှိဘဲ ရေပိုလွှဲမှ ရေများ လျှံကျပြီး ကန်ခြေအောက်ရှိ ပုတီးကုန်းအလယ်ရွာနှင့် မြောက်ရွာတို့တွင် အိမ်ခြေ ၃၀ ခန့် ရေနစ်မြုပ်ခဲ့ရပါကြောင်း၊ ၎င်းရေကန်ကြီးကို မူလအခြေအနေအတိုင်း ပြန်လည်တူးဖော်မည်ဆိုပါက ငွေကြေးကုန်ကျမှုပမာဏ များနေသည်ကို သိမြင်ရပါကြောင်း၊ သို့သော် လုပ်ငန်းပမာဏ၏ ထက်ဝက်ခန့်ကို တွက်ချက်ကြည့်ရာတွင် မိုးစပါးဧက ၃၅၃၀ နှင့် နွေစပါးဧက ၇၀၀ စုစုပေါင်း ၄၂၃၀ ခန့် စိုက်ပျိုးနိုင်မည့် အနေအထားဖြစ်သည့်အတွက် အတိုင်းအတာတစ်ခုအထိ အဆင်ပြေမည်ဟု တွေ့ရပါကြောင်း၊ ထို့ကြောင့် ပျော်ဘွယ်မြို့နယ်၊ ကျောက်ဆည်ကန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာလူထု၏ သောက်သုံးရေဖူလုံမှု၊ စိုက်ပျိုးရေဖူလုံမှုနှင့် သဘာဝဘေးအန္တရာယ်မှ ကင်းလွတ်ရန်အတွက် ကျောက်ဆည်ကန်ကြီး၏ သဲနုန်းတူးဖော်ခြင်းကို ဆောင်ရွက်ပေးနိုင်သည့် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကျောက်ဆည်ကျေးရွာအနီးရှိ ကျောက်ဆည်ကန်သည် ရှေးမြန်မာမင်းများလက်ထက်ကတည်းက စတင်တူးဖော်ဆည်ဖို့ခဲ့ပြီး ကန်ပေါင်အလျား ၁၄၅၀၀ ပေနှင့် ကန်ပေါင်အမြင့် ၂၀ ပေ ရှိပါကြောင်း၊ အဆိုပါ ကျောက်ဆည်ကန်အတွင်းသို့ ရမည်းသင်းမြို့နယ်အတွင်းရှိ ကျီးနီးကန်မှ ပိုလျှံရေများနှင့် စမုံချောင်းမှ စီးဝင်ရေများ အရှေ့ဘက် ရှမ်းရိုးမမှ စီးဆင်းလာသော လက်ရိုက်ချောင်းနှင့် အနောက်ဘက် ရွှေဒါးချောင်းတို့မှ စီးဆင်းရေများ ဝင်ရောက်ပြီး ရေဝင်ရောက်မှုအားကောင်းသော ကန်တစ်ခုဖြစ်ပါကြောင်း၊သို့သော် နှစ်ကာလ သက်တမ်းကြာမြင့်လာသည်နှင့်အညီ သဲနုန်းများပို့ချလာပြီး တိမ်ကောလာကာ ကန်အတွင်း၌ ရေသိုလှောင်နိုင်မှု ပမာဏ လျော့ကျ လာခဲ့ ပါကြောင်း၊ ကျောက်ဆည် ကန်၏ နှစ်စဉ်ပျမ်းမျှစီးဝင်ရေသည် ၁၄၀၀၀ ဧကပေခန့်ရှိပြီး မူလကကန်အတွင်း ရေသိုလှောင်နိုင်မှု ပမာဏသည် ၆၂၅၀ ဧကပေခန့်ရှိခဲ့ရာမှ ယခုအခါ ၃၁၁၅ ဧကပေခန့်သာ သိုလှောင်နိုင်လျက် ရှိသောကြောင့် စိစစ်ပြီး ရေသောက်ဧရိယာ ၃၉၆၁ ဧကပေါ်တွင် ၁၇၆၅ ဧကခန့်သာ စိုက်ပျိုးနိုင်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ကျောက်ဆည်ကန်မှာ မူလရေလှောင်ပမာဏ ၆၂၅၀ ဧကပေအထိ ပြန်လည်သိုလှောင်နိုင်ကာ စိစစ်ပြီးရေသောက်ဧရိယာများ အပြည့်အဝ ရေပေးဝေစိုက်ပျိုးနိုင်ရန်အတွက် ကန်အတွင်း သဲနုန်းမြေတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် လိုအပ်လျက်ရှိပြီး မြေကြီးလုပ်ငန်းပမာဏ ကျင်းပေါင်း ၃၀.၅ သိန်းခန့်တူးဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ ကျပ်သန်းပေါင်း ၁၆၀၀၀ ခန့် ဖြစ်ပါကြောင်း၊
ကျောက်ဆည်ကန် သဲနုန်းတူးဖော်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ဒေသခံပြည်သူများမှ တင်ပြလာသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များမှ ဆက်လက်ထောက်ခံ တင်ပြခဲ့ခြင်းကြောင့် ယခင်အစိုးရလက်ထက်တွင် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက် ခဲ့သော်လည်း ရန်ပုံငွေခွဲဝေရရှိမှုမရှိခြင်းကြောင့်လည်းကောင်း၊ကန်ရေဝပ်ဧရိယာအတွင်းမှာရှိနေတဲ့ လယ်မြေ ၁၄၂၁ ဧကကို စိုက်ပျိုးလျက်ရှိသော လယ်သမားများမှ သဘောတူညီမှုမရှိသောကြောင့် လည်းကောင်း ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဟု သိရှိရပါကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနှင့် ကန်အတွင်း၌ ရှိသော လယ်မြေများနှင့် လွတ်ကင်းသည့် ဧရိယာအတွင်းမှာ သဲနုန်းတူးဖော်ခြင်းလုပ်ငန်း မြေကြီးကျင်းပေါင်း ၁၂၀၀၀ ခန့်ကိုသာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊
သို့ဖြစ်ပါ၍ ကျောက်ဆည်ကန် သဲနုန်းတူးဖော်ွခင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် အဓိက လိုအပ်ချက်ဖြစ်သော ကန်ရေဝပ်ဧရိယာအတွင်းရှိ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော ဒေသခံ လယ်သမားများနှင့် သဘောတူညီမှုရရှိနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းပြီး ဦးစွာညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားရမည်ဖြစ်ပြီး သဘောတူညီမှုရရှိပြီးမှသာ လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ထို့အပြင် ဤလုပ်ငန်းမှာ လုပ်ငန်းပမာဏကြီးမားပြီး ရန်ပုံငွေလိုအပ်ချက်များပြားသည့်အတွက် ဘဏ္ဍာနှစ် အပိုင်းအခြား အလိုက်လိုအပ်ရန်ပုံငွေကို တင်ပြတောင်းခံကာ ရန်ပုံငွေရရှိမှုအပေါ် အခြေခံပြီး ဆောင်ရွက်သွားရမည်ဖြစ်သည်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ပြီး ရှင်းလင်းဖြေကြားပါသည်။
