(င)-တောင်သူများအတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်စေ ဘဲ ခေတ်ကာလနှင့်လျော်ညီသော မြေခွန်နှုန်းထား များ ပြင်ဆင် သတ်မှတ်ကောက်ခံရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၈.၁၁.၂၀၁၆)

ဦးခင်ချိုနိုင်ငံတော်က မြေယာအပေါ် ကောက်ခံသောအခွန်ငွေများနှင့်ပတ်သက်၍  မြို့နယ် အဆင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနက မြေခွန်ပြေစာတွေ ရေးသားပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက ကောက်ခံရပါကြောင်း၊

မြေခွန်နှုန်းထားများနှင့် ပတ်သက်၍ ကောက်ကြီးခွန်မှာ R-1 သုံးကျပ်နှင့် ၂၅ ပြား၊ R-2 က ၁ ကျပ်နှင့် ၇၅ ပြား၊ R-3 က ၁ ကျပ်၊ ကိုင်းမူရင်းခုံက ၁ ကျပ်နှင့် ပြား ၅၀၊ ၂ ကျပ်နှုန်း၊ ရော်ဘာခွန်က ၁ ကျပ်နှင့် ပြား ၅၀ နှုန်း၊ မြို့မြေခွန်တော်က ၂၅ ပြားနှုန်းနှင့် မြို့မြေငှားခွန်က ၃ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိပါကြောင်း၊ အဆိုပါနှုန်းများသည် ၁၉၈၂ ခုနှစ်မှ ယခုအချိန်အထိ ပြောင်းလဲမှုမရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြင်ဆင် ပြောင်းလဲမှုမလုပ်နိုင်သည့်အတွက် မြေခွန်ပြေစာတစ်စောင်၏တန်ဖိုးက ကျပ် ၁၀ ဂဏန်းခန့်သာ ကျသင်‌့ပြီး ကောက်ခံရသောကျေးရွာတစ်ခု၏ မြေခွန်ပြေစာပေါင်းက တချို့နေရာများတွင် ကျပ် ၁၀၀၀ တန်ဖိုးတောင် မရှိခြင်ကြောင့် မြေခွန်ပြေစာကောက်ခံသော တာဝန်ရှိရပ်/ကျေးစာရေးတွေ က ကောက်ခံခြင်း မပြုဘဲ အခွန်ငွေများကို စိုက်သွင်းပြီး ပြေစာ ပေးဝေခြင်းများ မလုပ်သည့်အတွက် နှစ်ကာလကြာလာသည့်အခါတွင် မလိုလားအပ်သောမြေယာပိုင်ဆိုင်မှု အရှုပ်အရှင်းများဖြစ်ပေါ်လာပါကြောင်း၊

ပြေစာပါတန်ဖိုးများသည် သက်ဆိုင်ရာအခွန်အကောက်လုပ်ငန်း၏ စာရွက်စာတမ်းတန်ဖိုးတောင် ပြန်မရနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ မြေခွန်ရငွေနှင့် ပတ်သက်၍ ဥပမာအနေဖြင့် တင်ပြရမည်ဆိုပါက လှိုင်းဘွဲ့မြို့နယ်တွင် အခွန်အကောက်ရသည့် မြေဧက ၁၇၀၀၀၀ ခန့်ရှိပြီး အခွန်ငွေသည် သုံးသိန်းကျော်ခန့်သာ ရရှိသည်ကိုတွေ့ရှိရပါကြောင်း၊ မြေခွန်နှုန်းထားများကို  ခေတ်ကာလနှင့်အညီ တောင်သူနှင့် ပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေနိုင်သော လက်ရှိနှုန်း၏ အဆ ၅၀၊ ၁၀၀ခန့်  နှုန်းခန့်သာ  မြှင့်တင်ပြင်ဆင်ကောက်ခံမည်ဆိုပါက သက်ဆိုင်ရာပြေစာများသည် သက်ဆိုင်သူ လက်ထဲ နှစ်စဉ် ပုံမှန်ရောက်ရှိလာမှာဖြစ်ပြီး ပေးရမယ့်အခွန်ငွေများအတွက် အဆင်ပြေမည့်  ငွေတန်ဖိုး ဖြစ်မည်ဖြစ်သည့် အတွက် အဆင်ပြေချောမွေ့မည်ဟု ယူဆရပါကြောင်း၊ ထို့ကြောင့် ကောက်ခံနေသည့် အခွန်နှုန်းထားတွေကို ခေတ်ကာလနှင့်အညီ တောင်သူနှင့် ပြည်သူများ ဝန်ထုပ် ဝန်ပိုးမဖြစ်စေသော နှုန်းထားနဲ့ တိုးမြှင့်ကောက်ခံဖို့ အစီအစဉ်ရှိ/မရှိနှင့် ပြင်ဆင်ကောက်ခံမည်ဆိုပါက မည်သည့်ဘဏ္ဍာနှစ်တွင် စတင်ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်ရှိသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ
အဖြေ

ဒေါက်တာအောင်သူတည်ဆဲမြေနှင့် အခွန်ဥပဒေများအရ မြေခွန်စနစ်သည် နှစ်စဉ်ရာသီအလိုက် မြေခွန်စည်းကြပ်ခြင်း လုပ်ငန်းတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနက တာဝန်ယူ ဆောင် ရွက်ပြီး မြေခွန်ကောက် ခံခြင်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက တာဝန်ယူဆောင်ရွက်ပါကြောင်း၊

မြေခွန်စည်းကြပ်ကောက်ခံခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် (၁၈၇၆ ခုနှစ်၊ မြန်မာ နိုင်ငံတော် (အောက်ပိုင်း) မြေရာနှင့် အခွန်တော်အက်ဥပဒေ) အက်ဥပဒေ အခန်း(၃)တွင် မြေခွန် နှင့်ပတ်သက်ပြီး‌ (က) ပုဒ်မ ၂၄ အရ မြေခွန်ကို နိုင်ငံတော်မှ မည်သည့် အချိန်ကာလအတွက်၊ မည်သည့်နည်းလမ်းအားဖြင့်၊ မည်သည့် နှုန်းမျိုးနှင့် မည်မျှစည်းကြပ်ရမည်ကို အမိန့်ကြော်ငြာစာ ဆင့်ဆို၍ ဆောင်ရမည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊(ခ) ပုဒ်မ ၂၅ တွင် မြေအတွက် ထမ်းဆောင်ရန် ထိုက်သင့်သော မြေခွန်နှုန်းများကို နိုင်ငံတော် အစိုးရပြောင်းလဲပြင်ဆင်ရန် ဆင့်ဆိုနိုင်သည်ဟုလည်း ပြဋ္ဌာန်းထားပါကြောင်း၊ (ဂ) ၁၉၁၁ ခုနှစ် မြန်မာ နိုင်ငံတော်(အောက်ပိုင်း) မြေရာနှင့် အခွန်တော်ဥပဒေ နှင့် ၎င်းအက်ဥပဒေများအရ နည်းဥပဒေ များနှင့်အညီ ပြဋ္ဌာန်းသည့်အမိန့် ဆင့်ဆိုချက် ၁၀၉ တွင် မြေခွန်နှုန်းထားပြီးသောဒသများမှာ သတ်မှတ်ပြီးဖြစ်သည့် မြေခွန်နှုန်းထားအား နှစ် (၂၀) တွင် တစ်ကြိမ် ပြင်ဆင်၍ ပြင်ဆင်မှုကို အမိန့်ပြန်တမ်း ထုတ်ပြန်ကြေညာ ဆောင်ရွက် ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ၁၉၁၁ ခုနှစ်၊ မြန်မာနိုင်ငံတော်(အထက်ပိုင်း) မြေခွန်တော် လက်စွဲဥပဒေ အခန်း(၃) ရက်ဂူလေးရှင်း ဥပဒေ ပုဒ်မ ၂၂ တွင် ဥပဒေပြဋ္ဌာန်းချက်များကို အထောက် အထားပြု၍ အခွန်တော်ကို နိုင်ငံတော်အစိုးရက ဆင့်ဆိုသည့် အတိုင်း ကောက်ခံထိုက်စေရမည်။ နိုင်ငံတော်အစိုးရတို့မှ ပြဋ္ဌာန်းသောနည်းဥပဒေများအရ အခွန်တော်ကို စည်းကြပ်ရမည်ဟုလည်းကောင်း၊ နိုင်ငံတော်အစိုးရတို့က ဆိုင်ရာအရပ်ဒေသများနှင့်အညီ ထမ်းဆောင်သင့်သော မြေခွန်တော်နှုန်းထားများကို သင့်တော်သည့်အတိုင်း အခွန်တော်နှုန်းများစီရင်စု၊ တစ်နယ်နှင့်တစ်နယ် မတူစေဘဲ ကွဲပြားသတ်မှတ်နိုင် သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊

ဒေသတစ်ခုချင်းအလိုက် မြေခွန်နှုန်းထားသတ်မှတ်ခြင်းဆောင်ရွက်ရန် နည်းလမ်းများကိုလည်း မြန်မာနိုင်ငံ ကြေးတိုင်သွန်သင်ချက်ဖြစ်သည့် (Settlement Instruction)မှ ပြဋ္ဌာန်းသတ်မှတ်ထားရှိပြီး ဒေသအလိုက် လယ်၊ ယာ၊ ကိုင်း၊ ဥယျာဉ် စသော မြေအမျိုးအစားအလိုက် စိုက်ပျိုးထွက် ရှိသော သီးနှံ အထွက်ပမာဏနှင့် သီးနှံရောင်းရငွေအပေါ် မိမိလုပ်အားအပါအဝင် ထုတ်လုပ်မှုကုန်ကျစရိတ် အားလုံးကိုနုတ်ပြီးလျှင် ကျန်ရှိသော အသားတင်အကျိုးအမြတ်၏ လေးပုံတစ်ပုံမှ ရှစ်ပုံတစ်ပုံခန့်ကို မြေခွန်အဖြစ သတ်မှတ်ခြင်း ဖြစ် ပါကြောင်း၊ ကြေးတိုင်စိုက်ပြီးဒေသများတွင် အထူးသီးနှံများအလိုက် တစ်ဧက စည်းကြပ်နှုန်းများနှင့် ကောက်ခံရာတွင် တောင်ယာတစ်ဧကကို စည်းကြပ်သော ပျမ်းမျှမြေခွန်နှုန်းထားသည် ၁ ကျပ် ၃၇ ပြားဖြစ်ပါကြောင်း၊

ယခင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင် ၁၉၈၇ ခုနှစ်၊ စက်တင် ဘာလ ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉/၈၇)ဖြင့် မြေခွန်ကို သီးနှံဖြင့်ပေးဆောင် စေရန် ပြဋ္ဌာန်းခဲ့ပါပြီး  မြေခွန်ကို သီးနှံဖြင့်ပေးဆောင်စေရာတွင် စည်းကြပ်ကောက်ခံရရှိသော သီးနှံကို ထိုစဉ်က ပေါက်ဈေးဖြင့် တွက်ချက်ပါက ကျပ်သန်း ၄၅၀ ဖိုးမျှရှိခဲ့သဖြင့် တည်ဆဲမြေခွန်ဖြင့် စည်းကြပ်ငွေထက် ၁၀ ဆမျှရှိခဲ့ကြောင်း တွေ့ရှိရပါကြောင်း၊ ထိုစဉ်က စည်းကြပ်နှုန်းသည် မြေအမျိုးအစားကိုလိုက်ပြီး စပါး တစ်ဧကကို တစ်တင်းမှ လေးတင်းနှုန်း၊ ဂျုံတစ်ဧကကို ƒ တင်းနှုန်း၊ နှံစားပြောင်းတစ်ဧက ƒ တင်းနှုန်း၊ အစေ့ထုတ်ပြောင်းတစ်ဧက ƒ တင်းနှုန်း၊ မိုးမြေပဲတစ်ဧက ƒ တင်းနှုန်း၊ ဆောင်းမြေပဲတစ်ဧက တစ် တင်းနှုန်း၊ နှမ်းတစ်ဧက † တင်းနှုန်း၊ နေကြာတစ်ဧက တစ်တင်းနှုန်း၊ ပဲအမျိုးမျိုးတစ်ဧကလျှင် ƒ တင်းနှုန်း၊ ဝါတစ်ဧကလျှင် 1ƒ ပိဿာနှုန်း၊ ချက်ကြံတစ်ဧကလျှင် † တန်နှုန်းဖြစ်ကြောင်း တွေ့ရှိရ ပါကြောင်း၊ သို့သော် ၁၉၈၇-၁၉၈၈ ခုနှစ် တစ်နှစ် အတွင်းသာ ကျင့်သုံးဆောင်ရွက်ခဲ့ပြီး ယင်းအမိန့် ကြော်ငြာစာကို ဝန်ကြီးအဖွဲ့၏ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၁၁/၈၈)ဖြင့် ပြန်လည်ရုပ်သိမ်းခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ရုပ်သိမ်းရခြင်း၏ အကြောင်းအရင်းသည် ထိုစဉ်ကာလက တောင်သူလယ်သမားများ အနေဖြင့် လယ်တစ်ဧကလျှင် နိုင်ငံတော်သို့ တာဝန်ကျေစပါး ငါးတင်းမှ ၁၀ တင်းအထိ အစိုးရ သတ်မှတ်ဈေးနှုန်း ထားဖြင့် ရောင်းချပေးကြရရာ နိုင်ငံတော်သို့ အခွန် ထမ်းပြီးဖြစ်သကဲ့သို့ ဖြစ်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် စည်းကြပ်လျက်ရှိသော တည်ဆဲမြေခွန်နှုန်းထားများမှာ လွန်ခဲ့သော ၇၅ နှစ်ကျော်ခန့်က သတ်မှတ် ထားရှိချက်များအတိုင်းသာဖြစ်ပြီး ပြင်ဆင်သတ်မှတ်ခဲ့ခြင်းမရှိဘဲ ယင်းနှုန်းထားများအတိုင်း စည်းကြပ် ကောက်ခံလျက်ရှိသည့်အတွက် သာမန်အားဖြင့် မြေခွန်နှုန်းထားကို အနှစ် ၂၀ လျှင် တစ်ကြိမ် ပြင်ဆင် သတ်မှတ်ခဲ့ရန်ဖြစ်ပါကြောင်း၊ မြေခွန်တော်ကို တိုးမြှင့်သတ်မှတ်  လိုက်ပါက နိုင်ငံတော်အတွက် အခွန်တော် ငွေမြောက်မြားစွာ ရရှိနိုင်မည် မှန်သော်လည်း တောင်သူလယ်သမားများ ထမ်းဆောင်ရမည့် အခွန်အခ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးကိုရှေ့ရှုပြီး မြေခွန်နှုန်းထားများ ပြင်ဆင်သတ်မှတ်မှုမပြုခဲ့သည်ဟု သိရှိရပါကြောင်း၊

ယခုပြဋ္ဌာန်းထားရှိသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈ ဇယား(၂) အရ မြေယာခွန်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မှ မိမိဒေသအတွင်း အာဏာသက်ရောက်စေရန် ဥပဒေပြုဆောင်ရွက်ခွင့် ပြဋ္ဌာန်းထားရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၄ ပါ ပြဋ္ဌာန်းချက်အရလည်း တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက ကောက်ခံရမည့်ကိစ္စဖြစ်ပါကြောင်း၊ မြေခွန်နှုန်းထား တိုးမြှင့် ကောက်ခံရေးကိစ္စသည် တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ရေးဆွဲပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြအတည်ပြုချက် ရယူပြီး ဆောင်ရွက်ရမည့်ကိစ္စဖြစ်သည့် အကြောင်းနှင့် ယခု ကိုယ်စားလှယ်တော်ကြီ၏ တင်ပြချက်များသည် ပြုပြင်ပြောင်းလဲသင့်သော အခြေအနေများ ဖြစ်သည့်အတွက် ဝန်ကြီးဌာနအနေဖြင့်လည်း ထောက်ခံပါကြောင်း ပြန်လည်ဖြေကြားပါသည်။