ဘဟဲကျေးရွာသည် မိုးမိတ်၊ မဘိမ်း၊ ဗန်းမော်၊ ဗျူဟာလမ်းပေါ်တွင်တည်ရှိပြီး အိမ်ထောင်စု ၅၀၀ ကျော်နှင့် လူဦးရေ ၂၀၀၀ နီးပါးရှိပြီး
စိုက်ဧကအနေဖြင့် ဧကပေါင်း ၈၀၀ ကျော်၊ မလှိုင်ကုန်းကျေးရွာတွင် အိမ်ထောင်စုပေါင်း ၂၆၄ အိမ်နှင့် လူဦးရေပေါင်း ၁၁၀၀ ကျော်နှင့် စိုက်ဧက ၅၀၀ ကျော်ရှိပါကြောင်း၊ ၎င်းနှစ်ရွာက မှီခိုအားထားနေရသည့် ဂွေးတောက်လျှို (သီရိနန္ဒာကန်တော်) ကို ၁၉-၁၂-၁၉၉၇ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် အစိုးရ၏ ထောက်ပံ့ငွေဖြင့် တည်ဆောက်ခဲ့ပြီး ၂-၅-၁၉၉၈ ရက်နေ့တွင် ပြီးစီးခဲ့သည့်အတွက် ခိုင်ခန့်မှုအပိုင်းတွင် မသေချာသောကြောင့် ၁၁-၁၀-၂၀၁၀ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ၎င်း ကန်ကြီးကျိုးပေါက်ခဲ့ပါကြောင်း၊ ကျိုးပေါက်ခဲ့သည့်ကန်ကိုလည်း ၂၀၁၁ ခုနှစ် မိုးကြိုကာလတွင် တောင်သူများ၏ စုပေါင်းအားနှင့် ပြင်ဆင်ခဲ့သော်လည်း တစ်လခန့်အကြာတွင် မိုးရွာသွန်းခဲ့သည့်အတွက် ကန်ကြီး ထပ်မံကျိုးပေါက်ခဲ့ပါကြောင်း၊ တောင်သူများလည်း ပြန်လည်မပြုပြင်နိုင်ဘဲ ပြစ်ထားသည်မှာ ယနေ့အထိ ဖြစ်ပါကြောင်း၊ ၎င်း ဆည်ကြီးပျက်စီးသွားသည့်အတွက် တောင်သူများသည် မိုးရေကိုသာ အားထားနေရသည့် အတွက် ရေအခက်အခဲဖြစ်သည်ကို တွေ့နေရပါကြောင်း၊ ထို့ကြောင့် ဆည်ကိုပြန်လည်တည်ဆောက်ပေးမည်ဆိုပါက ဘဟဲကျေးရွာ၊ မလှိုင်ကုန်းကျေးရွာတွင်ရှိသည့် လယ်မြေဧက ၁၀၀၀ ခန့်သည် အကျိုးရှိလာမည်ဖြစ်ပြီး ဒေသခံ တောင်သူများအတွက်လည်း လူမှုစီးပွား ဘဝများ တိုးတက်လာနိုင်မည်ဖြစ်သာည့်အတွက် ဂွေးတောက်လျှိုဆည် (သီရိနန္ဒာကန်တော်) ကို ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိမည် ဆိုပါကလည်း မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်နည်းနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် တည်ဆောက် မပေးနိုင် သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ ဘဟဲကျေးရွာမှာရှိသည့် ဂွေးတောက်လျှိုဆည် (သီရိနန္ဒာ ကန်တော်) သည် ဒေသမှတည်ဆောက် ထိန်းသိမ်းထားသည့် လျှိုပိတ်ဆည်တစ်ခု ဖြစ်ပါကြောင်း၊ ဘဟဲကျေးရွာရှိ လယ်ယာမြေ ၃၀၀ ဧကကို စိုက်ပျိုးရေပေးဝေလျက်ရှိပါကြောင်း၊ အဆိုပါ လျှိုပိတ်ဆည်မှာ မြေသားတမံအမျိုးအစားဖြစ်ပြီး မူလတည်ဆောက်စဉ်ကတည်းက အဓိကအရေးကြီးသော ရေပိုလွှဲကို ဒီဇိုင်းပုံစံကျတွက်ချက်၍ ထည့်သွင်းတည်ဆောက်ထားမှု မရှိသည့်အတွက် ၂၀၁၁ ခုနှစ် မိုးရာသီ တွင် မိုးသည်းထန်စွာရွာသွန်းပြီး စီးဝင်ရေများပြားစွာ ဝင်ရောက်သည့်အတွက် ပြိုကျပျက်စီးခဲ့သောကြောင့် စိုက်ပျိုးရေးအတွက် စိုက်ပျိုးရေအခက်အခဲဖြစ် ပေါ်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ဂွေးတောက်လျှိုဆည်ကို အခိုင် အမာပြန် လည်ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်ရန်လိုအပ်လျက်ရှိပြီး မြေသားတမံ၏ ကိုယ်ထည်ကို သတ်မှတ်လျောစောက်အတိုင်း မြေဖို့ပြုပြင်ခြင်း၊ ရေပိုလွှဲနှင့် ရေထုတ်ပြွန်ကို ဒီဇိုင်းပုံစံကျ ပြုပြင်တည်ဆောက်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး ခန့်မှန်း ကုန်ကျငွေ ကျပ်သန်းပေါင်း ၁၂၀၀ ခန့် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဤလုပ်ငန်းကို ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ရန်ပုံငွေကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်များတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေတွင် တင်ပြတောင်းခံခဲ့သော်လည်း ခွဲဝေရရှိခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ သို့သော်လုပ်ငန်း ဦးစားပေးအစီအစဉ်အရ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဘဟဲကျေးရွာအနီး မန်ဟွေချောင်းပေါ်ရှိသည့် မန်ဟွေရေလွှဲဆည်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ဘဟဲနှင့် မလှိုင်ကုန်းကျေးရွာရှိ လယ်မြေ ၄၀၀ ဧကခန့်ကို စိုက်ပျိုးရေပေးဝေလျက်ရှိပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ဂွေးတောက်လျှိုဆည်ကို အခိုင်အမာ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ရန်ပုံငွေကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရန်ပုံငွေအတွင်း ထည့်သွင်းတင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် အခြေခံပြီး လုပ်ငန်းများဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ပြီး ရှင်းလင်း ဖြေကြားခဲ့ပါသည်။
