စဉ့်ဝင်ကျေးရွာအုပ်စု၊ နမ့်ယွန်းချောင်းကူးသစ်သားတံတားကြီးသည် ပေ ၂၆၄ ပေရှည်လျားပြီး စည်ပင် သာယာနယ်နိမိတ်လည်းမဟုတ် ပ.ဆ.င ပိုင် တံတားလည်းမဟုတ်သဖြင့် ကျေးရွာလူထုမှ ယနေ့တိုင် ကိုယ့်အားကိုယ်ကိုးခြင်း၊ စုပေါင်းပြုပြင်နေရဆဲဖြစ်ပါကြောင်း၊ ယခုအခါ ပျက်စီးယိုယွင်းမှု အနေအထား ပိုမိုဆိုးရွားလာပြီး အန္တရာယ်ရှိသော သစ်သားတံတားတစ်စင်းအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ဤနမ့်ယွန်းချောင်းကူးသစ်သားတံတားကြီး ပြင်ဆင်ဆောက်လုပ်နိုင်ရေးအတွက် မိမိအနေဖြင့် တတိယအကြိမ် တင်ပြတောင်းဆိုရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အန္တရာယ်ရှိသစ်သားတံတားကြီးကို နိုင်ငံတော်က မည်သို့ ကူညီဆောင်ရွက်ပေးမည်နှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အပြီး ဆောက်လုပ်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ စဉ့်ဝင်ကျေးရွာအုပ်စု၊ စေတီဖြူရွာရှိ နမ့်ယွန်းချောင်းကူး သစ်သားတံတား၏
လက်ရှိအခြေအနေသည် ၂၄၃ x ၁၂ x ၁၃ အတိုင်းအတာရသည် ပျက်စီးလျက်ရှိသော သစ်သားတံတားတစ်စင်းဖြစ်ပြီး အဆိုပါနေရာ သည် ချောင်းများပေါင်းဆုံရာ နေရာတစ်ခုဖြစ်သည့်အတွက် ၂၄၃ ပေ အကျယ်ရှိသော ချောင်းဖြစ်ပါကြောင်း၊တံတားအသစ် ပြန်လည်တည်ဆောက်ပါက မြေပြင်အနေအထားအရ ၁၂၀ x ၁၄ x ၁၃ တံတား တစ်စင်းနှင့် ချောင်းကမ်းနှစ်ဘက် တွင် ကျောက်စီမြေထိန်းနံရံ နှစ်ဘက် ပြန်လည်တည်ဆောက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ နမ့်ယွန်းချောင်းကူးကွန်ကရစ်တံတားအသစ် ၁၂၀ x ၁၄ x ၁၃ ဆောင်ရွက်ပါက ငွေကျပ် ၁၄၄ သန်းနှင့် မြေထိန်းနံရံ ၂၅၀ ပေတည်ဆောက်ခြင်းအတွက် ငွေကျပ် ၁၂၀ သန်း စုစုပေါင်း ငွေကျပ်၂၆၄ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ကျေးရွာ ၃ ရွာ၊ အိမ်ခြေ ၁၈၃ ရှိ လူဦးရေ ၉၈၂ ဦးတို့ကို အကျိုးပြုမည်လည်းဖြစ်ပါကြောင်း။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘတ်ဂျက်လျာထား ဆောင်ရွက်သည့်နေရာတွင် ပြည်နယ်/တိုင်းဒေသကြီးများရှိ လူဦးရေအချိုးအစားများအရ လျာထားသည့်အပြင် ပြည်နယ်/ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးကိုလည်း ပါဝင်လျာထားပါကြောင်း၊ ထို့အပြင် ကျေးရွာများရဲ့ လိုအပ်ချက်၊မြို့နယ်၊ ခရိုင်နှင့် ပြည်နယ်/တိုင်းဒေသကြီးများမှတစ်ဆင့် ထောက်ခံ တင်ပြလာမှုများအပေါ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဦးစားပေးအစီအစဉ် ရွေးချယ်ပြီး ခွင့်ပြုဘဏ္ဍာငွေအတွင်းမှ ရွေးချယ်လျာထား ဆောင်ရွက်ပေးနေရခြင်း ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၇၈၂၀.၂၈၁ သန်းဖြင့် ယခုဘဏ္ဍာရေးနှစ်၌ ကတ္တရာလမ်း ၁၀ မိုင် ၂ ဖာလုံ၊ ကျောက်ချောလမ်း ၆၄ မိုင် ၂ ဖာလုံ၊ မြေသားလမ်း ၅၄ မိုင် ၆ ဖာလုံ၊ ကွန်ကရစ်တံတား ၃၆ စင်း၊ သစ်သားတံတား ၇ စင်းနှင့် Box Culvert ၄၀ စင်းတို့ကို ဆောင်ရွက်ပေးရန် လျာထားပါကြောင်း။
မောက်မယ်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၁၁.၂၇၅ သန်း ခွဲတမ်းရရှိသည့်အတွက် ကျောက်ချောလမ်း ၂ မိုင် ၂ ဖာလုံနှင့် ကွန်ကရစ်တံတား နှစ်စင်းတို့ကို လျာထားဆောင် ရွက်မည်ဖြစ်ပါကြောင်း၊ စဉ့်ဝင်ကျေးရွာ အုပ်စု၊ စေတီဖြူရွာရှိ နမ့်ယွန်းချောင်းကူး ကွန်ကရစ်တံတား ဆောင်ရွက်ခြင်းလုပ်ငန်းသည် မိမိတို့ ဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၌ ပါဝင်ခြင်းမရှိသည့်အတွက် လတ်တလော တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း၊ နှစ်အလိုက် ဦးစားပေး လျာထားချက်များအရသာလျှင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးစိုင်းငေါင်းဆိုင်ဟိန်း (မောက်မယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိအနေဖြင့် ယခုမေးခွန်းကို ပထမသက်တမ်း အဋ္ဌမပုံမှန်အစည်းအဝေး၌် တင်ပြရာတွင် မရခဲ့ပါကြောင်း၊ ဖူးပါတယ်။ ပထမသက်တမ်းကုန်ခါနီးတွင် ရှမ်းပြည်နယ်အစိုးရထံကို တိုက်ရိုက်လိပ်မူပြီး တင်ပြတောင်းခံခဲ့ ပါကြောင်း၊ လင်းခေးခရိုင်ကို မကြာခင် ဆောင်ရွက်ပေးမည်ဟူ၍ လူထုနှင့် တွေ့ဆုံပွဲတစ်ခု၌ လာရောက်ပြီး ကတိကဝတ်ပေးထားပါကြောင်း၊ သို့သော် အစိုးရသက်တမ်းတစ်ခုသာ ပြောင်းသွားပြီး ယနေ့အချိန်အထိ မရရှိသေးပါကြောင်း၊ တံတားကြီးကို ဖြတ်သန်းသွားလာသည့် လူဦးရေသည် မိမိတို့ မြို့နယ်အနေအထားက မများသော် လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ရန် မလွယ်ပါကြောင်း၊ ဝန်ကြီးဖြေကြားချက်တွင် ကွန်ကရစ်သစ်သား နှစ်စင်းမှာ အခြားရွာတွင် သွားရောက် လုပ်ဆောင်ပါကြောင်း၊ အကယ်၍ တံတားကြီး ထပ်မံကျိုးကျပါက မြို့နယ်တွင် နောက်ထပ်အလှူရှင်ကို မျှော်လင့်နေရပါကြောင်း၊ ထို့ကြောင့် ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
ကိုယ်စားလှယ်ကြီး၏ တင်ပြချက်ဖြစ်သော လာမည့်ဘဏ္ဍာနှစ်တွင် ဦးစားပေးအဆင်ဖြင့် ဆောင်ရွက်ပေးရန် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ညှိနှိုင်းပြီး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
