(က)-မောက်မယ်မြို့နယ်ရှိ ဟိုနမ့်ကျေးရွာအုပ်စု၊ ထီတခေါ့ ရေထွက်ကန်ကြီး ဘက်စုံပြုပြင်ရန်နှင့် ပန်းတန်ကျေးရွာအုပ်စု၊နောက်ခိုက်လျှိုပိတ်တမံ ကြီး၏ တောင်ကျရေလွှဲလမ်းကြောင်းအားကျောက်စီ နံရံထိန်းဆောင်ရွက်ပေးမည့်အစီအစဉ်များကို သိ လိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၆.၁၂.၂၀၁၆)

မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စု ထီတခေါ့ရေထွက်နှင့်  မောက်မယ်မြို့နယ် ပန်းတန်ကျေးရွာ နောက်ခိုက်လျှိုပိတ်တမံကြီး တောင်ကျရေလွှဲလမ်းကြောင်း စသည့် ရေအရင်းအမြစ်နှစ်ခုသည် ပအိုဝ်းတိုင်းရင်းသားများ နေထိုင် ရာ တောင်ပေါ်ဒေသတွင် ယနေ့တိုင် အဓိကမှီခိုအားထားသုံးစွဲနေရသည့် ရေအရင်းအမြစ်နှစ်ခုပင် ဖြစ်ပါကြောင်း၊ထီတခေါ့ကျေးရွာ ထီတခေါ့ရေထွက်ကန်ကြီးကို ရဟန်းရှင်၊ လူ၊ ပြည်သူများက ရှေးအစဉ်အဆက် ဆောင်ရွက်လာခဲ့ သည့် ရေကန်ဖြစ်ပါကြောင်း၊

နောက်ခိုက်လျှိုပိတ်တမံကြီးကို ကျောက်စီနံရံထိန်း ရေလွှဲလမ်းကြောင်းဆောင်ရွက်ပေးရန် လိုအပ်နေခြင်းမှာ သဘာဝရေထွက်မှ တောင်ကြားထဲကို စိမ့်ထွက်လာပြီး တောင်ကျရေများ အတားအဆီးမရှိ ဝင်ရောက်သည့်အတွက် တဖြည်းဖြည်းကောလာပြီး သောက်သုံး၍မရတော့သည့်အဆင့် ဖြစ်နေပါကြောင်း၊ ပြီးခဲ့သည့် လွှတ်တော်သက်တမ်း၌ တင်ပြတောင်းဆိုခဲ့သည့်အတွက် နိုင်ငံတော်က မိမိတို့ဒေသကို လျှိုပိတ်တမံဆောင်ရွက်ပေးရာ ရေများ ယခု ကဲ့သို့ လှောင်ထားနိုင်သည့် အနေအထားဖြစ်ပါကြောင်း၊နံရံနှစ်ဖက်ပိတ်အနေအထားဖြစ်ပါကြောင်း၊ ကျေးရွာသူ ကျေးရွာသားများ အသုံးပြုရန် အတွက် သောက် သုံးရေနေရာ၊ ချိုးရေနေရာ စသည်ဖြင့် အဆင့် မီမီ ဆောင်ရွက်ပေးထား သည်ကို တွေ့မြင်ရပါကြောင်း၊

မိုးတွင်းကာလ နှစ်ကြိမ် ကျော်ဖြတ်ပြီးဖြစ်သည့်အတွက် မိုးသည်းထန်စွာရွာချိန်တွင် တောင်ကျ ရေလမ်းကြောင်းသည့် ဖို့ထားသည့်မြေသားကို တိုက်စားနေပါကြောင်း၊ မကြာမီအချိန်တွင် ကန်ထဲကို နဂိုအတိုင်း ပြန်လည် ဝင်ရောက်သွားမည်ဖြစ်ပါကြောင်း၊ထို့ကြောင့် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စု ထီတခေါ့ရေထွက် ဘက်စုံပြုပြင်မွမ်းမံရေးအတွက် ဆောင်ရွက်ပေးရန်နှင့် မောက်မယ်မြို့နယ် ပန်းတန်ကျေးရွာ နောက်ခိုက် လျှိုပိတ် တမံကြီး တောင်ကျရေလွှဲလမ်းကြောင်းအား ကျောက်စီနံရံထိန်း ဆောင်ရွက်ပေးမည့် အစီအစဉ်များကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူမောက်မယ်မြို့နယ်၊ ပအိုဝ်းဒေသရှိ ထီတခေါ့ရေထွက်နှင့် ပတ်သက်ပြီး ဟိုနမ့်ကျေးရွာအုပ်စုအတွင်းရှိ ဈေးကုန်း၊ စက်ကုန်း၊ ထီတခေါ့၊ ပြင်သာယာ၊ အောင်သုခ၊ ပူးထိုကျေးရွာများမှ ရေရယူသုံးစွဲလျက်ရှိသည့် ရေထွက်တစ်ခုဖြစ်ပြီး လက်ရှိအခြေအနေတွင် အလျား ၁၅၀ ပေ ရှည်လျားသည့် အုတ်စီရေတားတမံ အမျိုးအစားဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည့်အတွက် ရေယိုစိမ့်မှုများ ဖြစ်ပေါ်လျက်ရှိသည့် အတွက် အရေတကြီး ပြန်လည်ပြုပြင်ရန် လိုအပ်သည့်အပိုင်းမှာ အလျား ပေ ၁၀၀၊ အနံ ၃ ပေနှင်‌့ အမြင့် ၆ ပေရှိသော ကျောက်ရိုးစီ ရေတားတမံအဖြစ်နှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မွမ်းမံ) ခွင့်ပြုရန်ပုံငွေကျပ် ၇ သန်းဖြင့် ၁၆-၅-၂၀၁၆ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး‌ ၂၉-၅-၂၀၁၆ ရက်နေ့တွင် အားလုံးဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ တမံပြုပြင် ဆောင်ရွက်ရန်ကျန်ရှိသော အလျား ၅၀ ပေ ကျောက်ရိုးစီရေတားတမံအဖြစ်နှင့် ပြန်လည်ပြုပြင် တည်ဆောက်မည်ဆိုပါက ခန့်မှန်းကျန်ကုန်ကျငွေ ၃.၅ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး ကျေးရွာ ၆ ရွာနှင့် အိမ်ခြေ ၄၆၆၊ လူဦးရေ ၂၆၈၁ ဦးကို ရေလုံလောက်စွာ ရရှိအသုံးပြုနိုင်မည်ဖြစ်ပါကြောင်း။

မောက်မယ်မြို့နယ်၊ ပအိုဝ်းဒေသ၊ ဟိုနမ့်ကျေးရွာအုပ်စုအတွင်းရှိ ထီတခေါ့ရေထွက်မှ ဆောင်ရွက်ရန် ကျန်ရှိသော တမံအလျား ပေ ၅၀ ကို ကျောက်ရိုးစီရေတားတမံအဖြစ်နှင့် ထပ်မံပြုပြင် ဆောင်ရွက်နိုင်ရန် ခန့်မှန်းကုန်ကျစရိတ် ငွေကျပ် ၃.၅ သန်းကို ခွင့်ပြုရန်ပုံငွေရရှိနိုင်ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ တင်ပြဆောင်ရွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွား မည် ဖြစ်ပါကြောင်း၊ မောက်မယ်မြို့နယ်ရှိ ပန်းတန်းကျေးရွာအုပ်စု နောင်ခိုက်ရေထွက် လျှိုပိတ်တမံ ရေလွှဲမြောင်းမကြီး၏ ကျောက်စီနံရံထိန်းသိမ်းသည့် လုပ်ငန်းဆောင်ရွက်ရန်အတွက် ပဏာမ ခန့်မှန်း တွက်ချက်မှုအရ ကုန်ကျစရိတ်မှာ ကျပ် ၉၅ သန်းခန့်ဖြစ်ပြီး ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၏ ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့် အတူ ပူးတွဲဖြေကြားအပ်ပါကြောင်း၊

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဘတ်ဂျက်လျာထား ဆောင်ရွက်သည့် အနေအထားမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လူဦးရေအချိုးအစားအရ လျာထားသည့်အပြင် ပြည်နယ်/တိုင်း ဒေသကြီးများရှိ မြို့နယ်များအားလုံးကို ပါဝင်အောင် လျာထားပါကြောင်း၊ ထို့အပြင် ကျေးရွာများ၏ လိုအပ်ချက်များအရ မြို့နယ်၊ ခရိုင်နှင့် ပြည်နယ်/တိုင်းဒေသကြီးများမှတစ်ဆင့် ထောက်ခံတင်ပြလာမှုများ အပေါ် ဦးစားပေးအစီအစဉ်အတိုင်း လျာထားပေးခြင်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၌ မူလခွင့်ပြုရန်ပုံငွေကျပ် ၂၄၃၄.၇၃ သန်းဖြင့် တွင်းတိမ် ၃ တွင်း၊ တွင်းနက် ၂၂ တွင်းနှင့် လက်တူးတွင်း ၂ တွင်း၊ မြေသားရေကန် ၂ ကန်၊ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်း ၉၉ ခု စုစုပေါင်း ရေရရှိရေးလုပ်ငန်း ၁၂၈ ခုတို့တို့ကို လျာထားခဲ့ပါကြောင်း၊

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် မွမ်းမံ(ပြင်ဆင်ထိန်းသိမ်းခြင်း) ရန်ပုံငွေအနေဖြင့် ၁၄၅.၂၂ သန်းဖြင့် ကျေးရွာ ပေါင်း ၂၉ ရွာတွင် မူလရှိပြီးတွင်းများကို တွင်းဆေး/တွင်းပြင်ခြင်းလုပ်ငန်း ၃ ခု၊ အင်ဂျင်/ Pump / ဒိုင်နမိုပြုပြင်ခြင်းလုပ်ငန်း ၁ ခု၊ လက်တူးတွင်းပြုပြင်ခြင်းလုပ်ငန်း ၁ ခုနှင့် အုတ်ရေလှောင်ကန်/ ရေတားတမံ ပြုပြင်ခြင်းလုပ်ငန်း ၇ ခု၊ စိမ့်စမ်းရေသွယ်ပြုပြင်ခြင်းလုပ်ငန်း ၂၁ ခု စုစုပေါင်း ရေရရှိ ရေးလုပ်ငန်း ၃၃ ခုတို့ကို ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ မောက်မယ်မြို့နယ်အတွင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် မူလခွင့်ပြုရန်ပုံငွေကျပ် ၄၈.၃ သန်းဖြင့် စိမ့်စမ်းရေသွယ် ယူခြင်း လုပ်ငန်း ၂ ခုကို လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊

ပန်းတန်ကျေးရွာအုပ်စု၊ နောက်ခိုက်လျှိုပိတ်တမံမှာ မောက်မယ်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့် လျှိုပိတ်တမံတစ်ခုဖြစ်ပါကြောင်း၊ ကျေးရွာ ၄ ရွာ၊ အိမ်ခြေ ၃၂၀ နှင့် လူဦးရေ ၁၅၀၀ ခန့်ကို သောက်သုံးရေအဖြစ် အသုံးပြုလျက်ရှိပါကြောင်း၊ ၎င်းတမံ ရေလွှဲမြောင်းမှာ အရှည် ၁၃၅၀ ပေ၊ အကျယ် ၁၆ ပေနှင့် အမြင့် ၁၀ ရှိသော မြေသားမြောင်းပေါင် အမျိုးအစားဖြစ်ပြီး ကျောက်ရိုးစီနံရံ ဆောင်ရွက်ပါက ခန့်မှန်း ကုန်ကျငွေကျပ် ၉၅ သန်း ကုန်ကျမည်ဖြစ်သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံ ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရ အဖွဲ့၏ ဖြေကြား ချက်နှင့်အတူ ရှင်းလင်းဖြေကြားပါသည်။