(က)-မတ်လ(၂၇)ရက်နေ့ကိုတပ်မတော်နေ့ဟုသတ် မှတ်ထားခြင်းအားတော်လှန်ရေးနေ့ဟုပြန်လည်သတ် မှတ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၂၃.၆.၂၀၁၄)

ဦးဝင်းမြင့် (ပုသိမ်)

ဦးဝင်းမြင့် (ပုသိမ်)အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ရဲဘော်သုံးကျိပ်တို့သည် ဟနွိုင်းကွန်းတွင် ပင်ပန်းဆင်းရဲခံပြီး အခက်အခဲများကြားမှ စစ်ပညာကို သင်ယူခဲ့ကြပါသည် စစ်ပညာသင်ယူကြပြီး ၂၇-၁၂-၁၉၄၁ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် BIA ကို စတင်ဖွဲ့စည်းခဲ့ပါပြီး ဗန်ကောက်မြို့ ဦးလွန်းဖေ နေအိမ်၌ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်သည် လွတ်လပ်ရေးရယူရန်အတွက် အသက်ပေးတိုက်ပွဲဝင်ကြရန် ပထမအကြိမ် လက်မောင်သွေးဖောက် သောက်သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြပါကြောင်း၊ ထို့အပြင် ၃၀-၁၂-၁၉၄၁ ရက်၊ ဘန်ကောက်မြို့ စာသွန်းလမ်း ဖရန်ဖီးအဆောက်အအုံရှိ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်သောအိမ်တွင် ဒုတိယအကြိမ် သွေးသောက်ပွဲ ထပ်မံပြုလုပ်ခဲ့ကြပါကြောင်း၊ ထိုအချိန်မှစပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီး စတင်ပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း၊ တပ်မတော် စတင်ဖွဲ့စည်း ပေါ်ပေါက်လာရန် အုတ်မြစ်ချခဲ့သည့် အထက်ပါတစ်ရက်ရက်ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ခြင်းမှာ ပိုမို သင့်တော်ပါကြောင်း၊ ၂၇-၃-၁၉၄၅ ရက်နေ့တွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တော်လှန်ရေး ပန်းခြံ၌ မျိုးချစ် တပ်မတော်ရဲဘော်များကို စစ်မြေပြင်သို့ထွက်ရန် စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်းမှ စုဝေးစေခဲ့ပါသည်။ မျိုးချစ်တပ်မတော်သားများကလည်း လွတ်လပ်ရေးရယူရန် စိတ်ဓာတ်အခိုင်အမာဖြင့် စစ်တေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်း၏ စစ်ထွက်မိန့်ခွန်းကို နာယူခဲ့ကြပါပြီး စစ်မြေပြင်သို့ထွက်၍ ဖက်စစ်တပ်များကို တော်လှန်ကြရာ ပြည်သူလူထု၏ ပူးပေါင်းပါဝင်ကူညီမှုအင်အားဖြင့် အောင်မြင်မှုရရှိခဲ့ပါကြောင်း၊ ဖက်စစ်ဝါဒီများကို မြန်မာ့မြေပေါ်မှ တိုက်ထုတ်နိုင်ခဲ့ပြီး မတ်လ ၂၇ ရက်နေ့သည် တော်လှန်ရေးနေ့ဟု ခေါ်ဝေါ်ခဲ့ကြပါကြောင်း၊ သမိုင်းရဲ၏အမှန်တရားများကို နောင်လာနောက်သားများ အမှန် မမှားကြရန် သတိပြုကြရမည်ဖြစ်ပါကြာင်း၊ ထို့ကြောင့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့ဟု သတ်မှတ်ထားခြင်းအား တော်လှန်ရေးနေ့ဟု ပြန်လည်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 

အဖြေ

သမ္မတရုံးဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တို့ကို မြန်မာ့တပ်မတော်က တိုင်းရင်းသားပြည်သူလူထုကို ဦးဆောင်မှုပေး၍ တွန်းလှန်တိုက်ခိုက်မှုစတင်ခဲ့သည့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်၏ လွတ်လပ်ရေးကြိုးပမ်းမှုများတွင် အထင်ကရနေ့အဖြစ် သတ်မှတ်ပြီး တပ်မတော် အားဂုဏ်ပြုသည့်အနေဖြင့် ၁၉၄၆ ခုနှစ်မှစပြီး ၁၉၅၃ ခုနှစ်အထိ နှစ်စဉ် မတ်လ ၂၇ ရက်နေ့ကို တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ တော်လှန်ရေးနေ့အဖြစ် ကျင်းပခဲ့ပါကြောင်း၊ ၂၇-၃-၁၉၅၄ နေ့မှစပြီး တော်လှန်ရေး စစ်ထွက်ဟန်ပုံဖော်သည့် အခမ်းအနားကြီးအဖြစ် ကျိုက္ကစံကွင်း၊ တာမွေမြို့နယ်မှ မင်္ဂလာဒုံခရေပင်လမ်းခွဲ တိုင်းအားကစားကွင်းအထိ ချီတက်ခဲ့ပါကြောင်း၊ ၂၇-၃-၁၉၅၅ နေ့ တော်လှန်ရေး နေ့အခမ်းအနားကို ကျိုက္ကစံကွင်းမှ ဦးဝိစာရလမ်း တပ်မတော်အားကစားကွင်း ဝင်း (မိုင်ဒါကွင်း)အထိ ချီတက်ခဲ့ပြီး အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်နေဝင်းမှ တပ်မတော်ကြီးများ၏ ထုံးတမ်းစဉ်လာအရ ကြည်းတပ်၊ ရေတပ်၊ လေတပ် အပါအဝင် ဗမာ့တပ်မတော်ကြီး တစ်ခုကို တပ်မတော်နေ့ဟု သတ်မှတ်ဖို့လိုလာပါကြောင်း၊ တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် ယနေ့၊ ယခုနှစ်မှစပြီး သတ်မှတ် လိုက်ပါကြောင်း၊ ယနေ့ (၁၀) ကြိမ်မြောက် ဗမာ့တပ်မတော်နေ့ဟု ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုအပါအဝင်ဖြစ်သည့် အရာရှိရဲဘော်အားလုံး အသိအမှတ်ပြုစေချင်ပါသည်ဟု ပြောကြားခဲ့တာ တွေ့ရပါကြောင်း၊

ကမ္ဘာ့နိုင်ငံအများအပြားမှာလည်း တပ်မတော်ကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဉ် တပ်မတော်နေ့များကို ကျင်းပကြပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း မြန်မာ့တပ်မတော်၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းစဉ်မှ အစပြုပြီး ထင်ရှားခဲ့သည့်နေ့ဖြစ်ပြီး ဖက်စစ်ဂျပန်တို့ကို တပ်မတော်မှ ဦးဆောင်တိုက်ခိုက် ခဲ့သည့် မတ်လ ၂၇ ရက်နေ့တွင် မြန်မာ့တပ်မတော်ကို ကမ္ဘာ့အလယ်မှာ ဝင့်ထည်စေရန် ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တည်းဟူသော အမျိုးသားရေးကို စောင့်ထိန်းလိုက်နာစေနိုင်သော ပုံဖော်ညွှန်ပြမှုများ ဖြစ်သည့်အပြင် ခေတ်ကာလနှင့်အညီ သင့်မြတ်သည့် အစီအစဉ်ဆောင်ရွက်မှုများ ဖြစ်ပြီး နိုင်ငံတကာ မီဒီယာများလည်း မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ကျင်းပကြောင်းကို အသိ အမှတ်ပြုမှုများရရှိပြီးဖြစ်ပါကြောင်း၊

အာဆီယံနိုင်ငံများအတွင်း ထိုင်းနိုင်ငံ၏ တပ်မတော်နေ့ကို နန္ဒဘုရင်လက်ထက်ဖြစ်သည့် ၁၈-၁-၁၅၉၂ ခုနှစ်၊ ယိုးဒယားနိုင်ငံ ဆူဖန်ဘူရီပြည်နယ်၊ နွန်းဆာရိုင်ဒေသ မြန်မာအိမ်ရှေ့ဥပရာဇာမင်းကြီး စွာကိုနရစွန်က ဆင်ဖြင့်စီးချင်းထိုးပြီး အောင်နိုင်ခဲ့သည့်နေ့ကို အကြောင်းပြုပြီး နှစ်စဉ် ဇန်နဝါရီလ ၁၈ ရက်နေ့ ကျင်းပသည်ကိုတွေ့ရှိရပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင်လည်း တပ်မတော်နေ့ကို သတ်မှတ်ထားခြင်း မရှိသော်လည်း လူမျိုးတုံးသတ်ဖြတ်သည့် စနစ်အပေါ်တွင် တပ်မတော်မှအောင်မြင်သည့် ဇန်နဝါရီလ ၇ ရက်နေ့ကို Victory over Genocide Regime Day ဟု သတ်မှတ်ခေါ်ဝေါ်ပြီး နှစ်စဉ် ကျင်းပနေကြောင်း တွေ့ရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံ တပ်မတော်နေ့ကို Republic of Korea Armed Forces Day ဟု ခေါ်ပြီး ၁-၁၀-၁၉၅၀ ပြည်‌့နှစ်တွင် ကိုးရီးယားစစ်ပွဲအပြီး ကိုရီးယားနှစ်နိုင်ငံ ပိုင်းခြားထားသည့် ၃၈ မျဉ်းပြိုင်နယ်နိမိတ်ကို တပ်မတော်မှ ပြန်လည်သိမ်းယူ ဖြတ်ကျော်နိုင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့တိုင်းကို နှစ်စဉ်ကျင်းပနေကြောင်း တွေ့ရှိရပါသည်။ အာဆီယံနိုင်ငံများသာမက နိုင်ငံတကာမှလည်း တပ်မတော်နေ့ အဖြစ် သတ်မှတ်ကျင်းပနေမှုများနှင့် နှိုင်းယှဉ်လေ့လာပါက မြန်မာနိုင်ငံ၏ တပ်မတော်နေ့အဖြစ် သတ်မှတ် အသိအမှတ်ပြုကျင်းပမှုများသည် အနှစ်သာရနှင့် ကိုက်ညီပြည့်ဝပေါ်လွင်နေပါကြောင်း မြန်မာပြည်သူလူထု အပေါ် လူမဆန်စွာရက်စက်ကြမ်းကြုတ်ခဲ့သည့် ဖက်ဆစ်ဂျပန် လူထုကို ဦးဆောင်မှုပေးကာ ရွပ်ရွပ်ချွံချွံတိုက်ပွဲ ဝင်ခဲ့သည့် တပ်မတော်ကို ဂုဏ်ပြုသောအနေဖြင့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့ဟု သတ်မှတ်ခြင်းကို တော်လှန်ရေးနေ့ဟု ပြောင်းလဲသတ်မှတ်ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။