မြို့ပြနှင့် ကျေးလက် ဆက်သွယ်ထားသည့် စစ်ကိုင်းမြို့နှင့် ကျေးလက်ဖြစ်သော တင်းတိပ်တိုက်နယ်နှင့် ပဒူတိုက်နယ်ကို ဆက်သွယ်ထားသော ကျေးလက်ဖွံ့ဖြိုးရေး တောင်သူကုန်ထုတ်လမ်းသည် စာရေးရွာ၊ ကျောက်ပနံရွာ၊ ရွာသစ်ရွာ၊ ကံကြီးကုန်းရွာ၊ ပဒူရွာတို့ကို အကျိုးပြုသည့် လမ်းဖြစ်ပါကြောင်း၊ ယင်းလမ်းသည် ရေကျော်များနှင့်တကွ ဆိုးဆိုးရွားရွား ပျက်စီးနေသောကြောင့် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေးတို့ဆောင်ရွက်ရာတွင် နှောင့်နှေး ကြန့်ကြာခြင်းများ ဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့် စစ်ကိုင်းမြို့ တင်းတိပ်ရပ်ကွက်မှ စာရေးရွာအထိ ၅ မိုင်ခန့်၊ စာရေးမှ ပဒူရွာအထိ ၈ မိုင်ခန့်လမ်းအား ပြုပြင်ပေးပါရန် ပထမအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့ရာတွင် သက်ဆိုင်ရာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက စုစုပေါင်း တွက်ချက်မှု ၂၁.၂၁ သန်း၊ Box Culvert တစ်ခုတည်ဆောက်ခြင်း အတွက် ၃.၂ သန်းကုန်ကျမည်ဖြစ်ကြောင်း တင်းတိပ်-ပဒူကျေးရွာချင်း ဆက်လမ်းအား ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ အသေးစိတ် ကွင်းဆင်းတိုင်းတာ တွက်ချက်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေး အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဟု ဖြေကြားခဲ့ပါကြောင်း၊ သို့သော် ယခုအချိန်ထိ ပြုပြင်ဆောင်ရွက်ပေးခြင်း မရှိသေးဘဲ လမ်းများ၊ ရေကျော်၊ Box Culvert များ ဆိုးရွား စွာပျက်စီးယိုယွင်းနေပါသဖြင့် တင်းတိပ်- ပဒူလမ်းအား အစိုးရသစ် လက်ထက်တွင် ပြုပြင်ပေးရန်နှင့် ပျက်စီးယိုယွင်းနေသော ရေကျော်၊ Box Culvert များအား တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ် ခွင့်ပြုရန်ပုံငွေကျပ် ၃၀၇.၂၈၂ သန်းဖြင့် ကတ္တရာလမ်း ၇ မိုင် ၇ ဖာလုံ၊ ကျောက်ချောလမ်း ၃ မိုင် ၃ ဖာလုံ၊ မြေသားလမ်း ၂ မိုင် ၅ ဖာလုံ၊ ကွန်ကရစ်တံတား ၁ စင်းနှင့် ရေကျော် ၁၄ စင်းတို့အား လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တင်းတိပ်-ပဒူ ကျေးရွာချင်းဆက်လမ်း ၁၃ မိုင်၏ ပျက်စီးလျက်ရှိသော လမ်းပိုင်းများနှင့် ရေကျော်၊ ရေပြွန်၊ Box Culvert ပြုပြင်ခြင်းလုပ်ငန်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မွမ်းမံရန်ပုံငွေဖြင့် ပွင့်လင်းရာသီတွင် ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
